ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်

28/05/2026 17:55 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား
  • အင်္ဂလိပ်အမည် - Casuarina, Whistling pine, Horsetail She-oak
  • သိပ္ပံအမည် - Casuarina equisetifolia

ထင်းရှူးပင်တွေနဲ့ ဆင်တူတဲ့ ပင်လယ်ကဗွီးပင်တွေဟာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရေဝပ်ဒဏ်နဲ့ ဆားငံဒဏ်ကိုလည်း ခံနိုင်ရည်ရှိတဲ့ အပင်တွေဖြစ်ပါတယ်။  ပင်လယ်ကဗွီးပင်တွေဟာ အရှေ့တောင်အာရှ၊ ဩစတေးလျနဲ့ ပစိဖိတ်ကျွန်းစုများအထိ ပျံ့နှံ့ပေါက်ရောက်လျက်ရှိပြီး မျိုးစိတ်ပေါင်း (၁၇) မျိုးခန့် ရှိပါတယ်။ ပင်လယ်ကဗွီးပင်တွေရဲ့ အဆစ်တစ်ခုစီမှာ သေးငယ်တဲ့ အရွက်စွယ်လေးတွေ (၅) ခုကနေ (၂၀) အထိ ဝိုင်းရံပါရှိတတ်ပြီး ၎င်းရဲ့ အစေ့ (Samaras) တွေဟာ မီးခိုးရောင် (သို့မဟုတ်) ဝါညိုရောင်ရှိကာ ပြောင်လက်မှုမရှိဘဲ မှိန်ပျပျအရောင် ရှိတတ်ပါတယ်။

ဒါ့အပြင် ပင်လယ်ကဗွီး မျိုးစိတ်အားလုံးဟာ အပင်ကြီးမျိုးတွေ ဖြစ်ကြပြီး အများစုမှာ အဖိုပင်နဲ့ အမပင် သီးခြားစီ ရှိတတ်ကြပေမဲ့ အချို့မျိုးစိတ် အနည်းငယ်မှာတော့ အပင်တစ်ပင်တည်းမှာတင် အဖိုပွင့်နဲ့ အမပွင့် နှစ်မျိုးစလုံး ပါရှိတတ်ပါတယ်။ ပင်လယ်ကဗွီးပင်များဟာ ထင်းရှူးသီးနဲ့တူတဲ့ အသီးများ သီးကြပါတယ်။ ထိုအသီးများ ရင့်မှည့်ပြီး ပွင့်အာလာတဲ့အခါ အတွင်းရှိမျိုးစေ့တွေဟာ လေနဲ့အတူ လွင့်ပါသွားပြီး နေရာအနှံ့ကို ပြန့်နှံ့ရောက်ရှိကြတာ ဖြစ်ပါတယ်။ အပင်ရဲ့ အရွက်တွေဟာ တုတ်ချောင်းပုံစံ (သို့မဟုတ်) ပင်အပ်ပုံစံရှိတဲ့ သေးငယ်တဲ့ အချောင်းလေးတွေဖြစ်ပြီး ၎င်းရဲ့ အရွက်ပုံစံကြောင့်ပဲ ထင်းရှူးပင်နဲ့ ဆင်တူတာလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ ပင်စည်နဲ့ အကိုင်းအခက်ပုံစံဟာ မြင်းမြီးနှင့်တူတာကြောင့် ‘horsetail tree’ မြင်းမြီးပင် လို့လည်း ခေါ်ဆိုကြပါတယ်။ အမြဲတမ်း စိမ်းလန်းနေတဲ့ အပင်ဖြစ်ပြီး အလွယ်တကူ ပုံဖော်ပြုပြင်နိုင်တဲ့အတွက် အလှစိုက်ပျိုးရာမှာလည်း သင့်တော်တဲ့အပင် ဖြစ်ပါတယ်။

ပင်လယ်ကဗွီးပင်တွေဟာ အပူချိန်အားဖြင့် ၁၀ - ၃၅ ဒီဂရီစင်တီဂရိတ်အတွင်းမှာ ရှင်သန်ပေါက်ရောက်နိုင်ပြီး နှစ်စဥ် မိုးရေချိန်အားဖြင့် ၂၇ - ၇၈ လက်မ အတွင်းရှိမယ်ဆိုရင် ကောင်းစွာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ နေရောင်ခြည် ကောင်းကောင်းရတာကို ကြိုက်နှစ်သက်ပြီး ရေဆင်းအားကောင်းတဲ့ မြေမှာ ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ အယ်ကာလီဆန်တဲ့ မြေအမျိုးအစားမှာလည်း ရှင်သန်နိုင်ပြီး ၎င်းတို့ကြိုက်နှစ်သက်တဲ့ မြေချဥ် ငံ ကိန်း ပမာဏကတော့ ၅ - ၆.၅ အတွင်းဖြစ်ပါတယ်။

ဒီအပင်တွေဟာ ၁ နှစ်ပတ်လုံး ပန်းပွင့်ရော အသီးရော ပွင့်နိုင် သီးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ ကြီးထွားမှု မြန်ဆန်တဲ့ အပင်တွေဖြစ်ပြီးတော့ ၁ နှစ်အတွင်းမှာ ၅ ပေ ကနေ ၁၀ ပေ အထိကြီးထွားနိုင်ကြပါတယ်။ ပင်လယ်ကဗွီးပင်တွေဟာ သဘာဝအတိုင်းဆိုရင် အမြင့်အားဖြင့် ၆၅ ပေ ကနေ ပေ ၁၀၀ ကျော်အထိ ကြီးထွားနိုင်ကြပြီး အကျယ်အားဖြင့် ပေ ၅၀ လောက်အထိ ဖြန့်ကျက်ကြီးထွားနိုင်ကြပါတယ်။ အလှစိုက်ပျိုးဖို့ဆိုရင်တော့ ၁ ပင်နဲ့ ၁ ပင်ကို ၈ ပေကနေ ၁၀ ပေအထိ ခွာပြီး စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး သဘာဝအတိုင်းဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀ - ၅၀ အထိ ရှင်သန်နိုင်ကြပါတယ်။ အပင်သက်တမ်း ၄ - ၅ နှစ် ရှိတဲ့ အပင်တွေကို ထင်းလောင်စာအနေနဲ့ အသုံးပြုနိုင်ပြီး ၁၀ - ၁၅ နှစ် သက်တမ်းရှိတဲ့ အပင်တွေဆိုရင် သစ်သားအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

၎င်းတို့ရဲ့ မူရင်းဒေသတွေက မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ၊ ပစိဖိတ်ဒေသ ကျွန်းနိုင်ငံတွေနဲ့ ဩစတြေးလျ မြောက်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ သဘာဝအတိုင်း အလေ့ကျ ပေါက်ရောက်လေ့ရှိပါတယ်။ ပင်လယ်ကဗွီးပင်တွေဟာ အထူးသဖြင့် သဲမြေပေါများပြီး နုန်းမြေရှိတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ သစ်တောတွေထဲမှာသာမက ကုန်းတွင်းပိုင်း တောင်ကုန်းဒေသတွေမှာပါ ရှင်သန်ပေါက်ရောက်နိုင်ကြတာ ဖြစ်ပါတယ်။ 

အသုံးဝင်ပုံများ 

ဆေးဖက်ဆိုင်ရာ အသုံးဝင်မှုအနေနဲ့ဆိုရင် ပင်လယ်ကဗွီးပင်တွေရဲ့ အမြစ်ကို ဝမ်းကိုက်ခြင်း၊ ဝမ်လျှောခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာ ဖြစ်ခြင်းတို့အတွက် အသုံးပြုနိုင်ပြီး အကိုင်းအခက်တွေကိုတော့ ရောင်ရမ်းခြင်းများကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ လတ်ဆတ်တဲ့ အခေါက်တွေဟာ အရေပြားထိခိုက် ဒဏ်ရာတွေကို သက်သာစေနိုင်သလို နာတာရှည် ဝမ်းပျက် ဝမ်းလျှောနဲ့ ဝမ်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ပင်လယ်ကဗွီးပင်ရဲ့ အတွင်းသားအခေါက်နဲ့ ဗန်ဒါပင်ရဲ့ အတွင်းသား အခေါက်တို့ကို ရောစပ်ပြီး ပန်းနာရင်ကြပ်နဲ့ အသက်ရှူကြပ်တာမျိုးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ကဗွီးပင်ရဲ့ အခေါက်ကနေ ရရှိတဲ့ အမှုန့်တွေကို မျက်နှာ အရေပြားပေါ်မှာရှိတဲ့ ဝက်ခြံတွေကို ကုသရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ 

ပင်လယ်ကဗွီးပင်တွေ အုပ်စုလိုက် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်တဲ့နေရာတွေမှာဆိုရင် ၎င်းတို့ကနေ ကြွေကျလာတဲ့ အပ်ချောင်းပုံစံ အရွက်/အခက်များဟာ မြေပြင်ပေါ်မှာ ထူထပ်တဲ့ အလွှာကြီးသဖွယ် ဖုံးလွှမ်းသွားတတ်ပါတယ်။ ထိုကဲ့သို့ ဖုံးလွှမ်းသွားခြင်းကြောင့် အောက်ဘက်ရှိ အခြားသော အပင်ငယ်များအားလုံး ရှင်သန်ကြီးထွားခွင့် မရတော့ဘဲ ပျက်စီးသွားတတ်ကြပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ပင်လယ်ကဗွီးပင်များ အများအပြားပေါက်ရောက်တဲ့ ဒေသအချို့မှာဆိုရင် ဒေသမျိုးရင်း အပင်မျိုးစိတ်တွေ ပျောက်ကွယ်သွားခဲ့ရတဲ့ အခြေအနေများလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပင်လယ်ကဗွီးပင်တွေကို စိုက်ခင်းအတွင်းမှာ အခြားသီးနှံပင်တွေနဲ့ ရောနှောစိုက်ဖို့ မသင့်တော်ဘဲ လေကာတန်းအဖြစ် သီးသန့်စိုက်ပျိုးတာက ပိုမိုကောင်းမွန်ပါတယ်။

ပင်လယ်ကဗွီးပင်တွေရဲ့ လျင်မြန်စွာကြီးထွားနိုင်မှု၊ လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်မှု၊ မြေဆီဩဇာညံ့သော နေရာများတွင် ရှင်သန်နိုင်မှု စတဲ့ အားသာချက်တွေကြောင့် မြေဆီလွှာကို ထိန်းသိမ်းရာမှာ အသုံးပြုဖို့ သင့်တော်တဲ့ အပင်ဖြစ်ပါတယ်။ ဆားငံဒဏ် ခံနိုင်ရည်ရှိသလို သဲဆန်တဲ့ မြေမှာလည်း ရှင်သန်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းဒေသ၊ မြစ်ကမ်းပါးတွေနဲ့ ရေလမ်းကြောင်း တစ်လျှောက်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ရေတိုက်စားမှုတွေကို ထိန်းချုပ်ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆာရာဝပ်ခ် (Sarawak)  မှာဆိုရင် ပင်လယ်ကမ်းရိုးတန်း တိုက်စားခံရတာတွေကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပင်လယ်ကဗွီးပင်တွေကို စိုက်ပျိုးထားတာဖြစ်ပါတယ်။

အမှန်တကယ်လည်း ထိရောက်မှုရှိကြောင်း သိရပါတယ်။ ပင်လယ်ကဗွီးပင်တွေအပင်တွေဟာ သဘာဝတိုင်းဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းတွေနဲ့ လေပြင်းတိုက်ခတ်မှု တွေကိုလည်း ခံနိုင်ရည်ရှိတာကြောင့် အကာအကွယ်အနေနဲ့လည်း စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပင်လယ်ကဗွီးပင်တွေကို သီးနှံစိုက်ခင်းတွေနဲ့ တိရစ္ဆာန်မွေးမြူရေးခြံတွေရဲ့ အနီးပတ်ဝန်းကျင်မှာလည်း အကာအကွယ်အနေနဲ့ရော လေတိုက်စားမှုကို ခံနိုင်ရည်ရှိဖို့ရော စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ပဲ တရုတ်နိုင်ငံတောင်ပိုင်းမှာ ကီလိုမီတာ ၃၀၀၀ ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်ကဗွီးပင်တွေကို အကာအကွယ်အနေနဲ့ စိုက်ပျိုးထားတာလည်း ဖြစ်ပါတယ်။ 

ပင်လယ်ကဗွီးပင်တွေရဲ့ အသုံးဝင်မှုတွေက တော်တော်လေးများပါတယ်။ ပင်လယ်ကဗွီးပင်တွေကို အထက်မှာ ဖော်ပြခဲ့သလိုပဲ ထင်းလောင်စာအနေနဲ့ အသုံးပြုနိုင်သလို သစ်သားအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့အသားဟာ အစိုဖြစ်နေစေကာမူ မီး ကောင်းစွာလောင်ကျွမ်းနိုင်တဲ့ အစွမ်းရှိတာကြောင့် အရည်အသွေးကောင်းမွန်သော ထင်းနဲ့ မီးသွေးတို့ကို ထုတ်လုပ်ရရှိနိုင်ပါတယ်။ သစ်သားအများစုဟာ မီးသွေးပြုလုပ်တဲ့အခါမှာ ၎င်းတို့မူရင်းအလေးချိန်ရဲ့ ၄ ပုံ ၃ ပုံ လောက်ဟာ ဆုံးရှုံးသွားကြတာ ဖြစ်ပါတယ်။ ပင်လယ်ကဗွီးပင်ကတော့ ဆုံးရှုံးမှုနည်းပါးပြီး အပင်ရဲ့ အစိတ်အပိုင်းအားလုံးဟာ မီးသွေးအဖြစ်နဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။ သေးငယ်တဲ့ အကိုင်းအခတ်တွေဆိုရင်တော့ အိမ်သုံးလောင်စာအနေနဲ့ အသုံးပြုနိုင်ပြီး တခါတရံ အုတ်ဖုတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အပင်ကနေ ရရှိတဲ့ သစ်သားကိုတော့ ငါးဖမ်းလှေ၊ လှော်တက်၊ ရွက်လှေတိုင်၊ ခြံစည်းရိုး၊ လယ်ယာအဆောက်အအုံ၊ သစ်သားတိုင်နဲ့  လက်ကိုင် သစ်သားကိရိယာတွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ထို့အပြင် သစ်သားကို နျူထရယ်ဆာလဖိတ်နဲ့ ဓာတုလုပ်ငန်းစဥ် အချို့ကို အသုံးပြုပြီးတော့ စက္ကူပျော့ဖတ်နဲ့ ပျဥ်ချပ်တွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ပင်လယ်ကဗွီးပင်တွေဟာ ၎င်းတို့အတွက် သင့်တော်တဲ့ပတ်ဝန်းကျင်မှာဆိုရင် အထွက်နှုန်းလည်း ကောင်းပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် အကွာအဝေး  ၃ ပေကနေ ၆ ပေ ခြားပြီး စိုက်ပျိုးထားတဲ့ ၆ - ၁၅ နှစ် သက်တမ်းရှိတဲ့ စိုက်ခင်းတွေမှာ ၁ ဟက်တာအကျယ်အဝန်း (၂.၄၇ ဧက) ကနေ သစ်သား တန်ချိန် ၅၀ - ၂၀၀ အထိ  ထွက်ရှိတယ်လို့ သိရပါတယ်။ နောက်ပြီး ၃ နှစ်သား ဝန်းကျင်ရှိတဲ့ အပင် တစ်ပင်ကနေ ခြောက်သွေ့တဲ့ ပင်စည်တွေ၊ အကိုင်းအခတ်တွေ ဟာ အပင်ရဲ့ အနေအထားပေါ်မူတည်ပြီးတော့ ၁၅ - ၂၅ ကီလိုဂရမ်အထိ ရနိုင်ပါသေးတယ်။ ထို့အပြင် လောင်စာအတွက်ဆိုရင်လည်း အမှိုက်သရိုက်နဲ့ အကိုင်းအခတ်တွေဟာ ၁ ဟက်တာ (၂.၄၇ ဧက) ကနေ ၄ တန် လောက်အထိထွက်ရှိနိုင်တာ ဖြစ်ပါတယ်။ 

ကိုးကားလင့်ခ် 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်