ရောင်းသူ၊ ဝယ်သူအမြဲဆုံနိုင်ပြီဖြစ်တဲ့ မှော်ဘီမြို့က ဓာတုလွတ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အရောင်းဆိုင်

09/01/2021 10:00 AM တွင် ရူပါအောင်ဝင်း ရူပါအောင်ဝင်း မှ ရေးသား

    လယ်ယာနဲ့ဥယျာဉ်ခြံမြေထွက် အစားအစာတွေထုတ်လုပ်ရာမှာ စားသုံးသူတွေကို ဘေးအန္တရယ်မဖြစ်စေဖို့ လိုက်နာကျင့်သုံးရမယ့် နည်းလမ်းတွေဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) ကို အစိုးရက ၂၀၁၆ ခုနှစ်မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ၄ နှစ်အကြာမှာတော့ ဒီစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေအတွက် နေ့စဉ်အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ အရောင်းဆိုင်ကို မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ အနီးမှာ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပထမဆုံး စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 

    အရင်က ဓာတုဓာတ်ကြွင်းမကျန်အောင် စိုက်ပျိုးထုတ်လုပ်ထားတဲ့သီးနှံတွေကို နေရာအခက်အခဲကြောင့် တစ်ပါတ်တစ်ကြိမ်သာ အရောင်းအဝယ်ပြုလုပ်နိုင်ရာမှ အခုအခါမှာ နေ့စဉ်ပုံမှန်အရောင်းအဝယ်ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။ 

    အဲ့ဒီအရောင်းဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်ပြီး မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်လိုသူတောင်သူများအတွက် မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းတွေကို ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါအရောင်းဆိုင်မှာ GAP နဲ့ Organic စနစ်များဖြင့် စိုက်ပျိုးထားသော သီးနှံများ၊ ဓာတုဆေးမသုံးဘဲ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ၊ နေအိမ်မှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်နိုင်မယ့် အသင့်စိုက် ဟင်းသီးဟင်းရွက်ပျိုးပင်တွေအပြင် သဘာဝမြေဆီနဲ့ သဘာဝပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေ၊ ဒေသထွက်ရိုးရာထုတ်ကုန်တွေကိုလည်း  စိုက်ပျိုးရေးဦးစီးဌာနက ၎င်းဌာနပိုင် မှော်ဘီမြို့နယ်ရှိ တပ်ကြီးကုန်းဂိုဒေါင်ဝင်းအတွင်းမှာ ပုံမှန်ရောင်းချနိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဘေးကင်းတဲ့အစားအစာတွေရရှိဖို့ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေက Green Way  ကိုပြောပါတယ်။ 

တစ်ဖက်တစ်လမ်းကနေပြီးတော့ အရည်အသွေးကောင်း ဘေးကင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အစားအစာဘေးအန္တရယ်ဆိုတာက ကျွန်တော်တို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုကနေ စားသုံးသူလက်ဝယ်ရောက်တဲ့ ထုတ်လုပ်မှုကွင်းဆက်တိုင်းမှာ ဖြစ်ပေါ်နေတာပါ။ ဒါတွေကလည်း ဓာတုပစ္စည်းတွေမှာ အမြင့်ဆုံးသတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုပါဝင်နိုင်တာတွေ၊ နောက်တစ်ခါ အဏုဇီဝပိုးတွေ ပါဝင်နိုင်တာတွေ၊ နောက်တစ်ခါ ချေဖျက်လို့မရတဲ့ ဓာတ်သတ္တုတွေ ပါဝင်နိုင်တာပေါ့နော်၊ ဒါတွေက အစားအစာဘေးကင်းဖို့အတွက် အဟန့်အတားဖြစ်တဲ့ဟာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ စိုက်ပျိုးထုတ်လုပ်သူတွေက စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းမှာ စားသုံးသူအတွက်ဘေးကင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ GAP နည်းစနစ်တွေကို လိုက်ပါဆောင်ရွက်ဖို့ အရေးကြီးပါတယ်

လို့ ပြောပါတယ်။ 

    GAP လို့ခေါ်ကြတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများဆိုသည်မှာ အစားအစာတွေမှာ ဘေးအန္တရယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများဖြစ်တဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ၊ ပြဒါး၊ ခဲကဲ့သို့သော Heavy Metal တွေ၊ ဇီဝသက်ရှိများနဲ့ ၎င်းတို့၏အဆိပ်တွေဖြစ်ကြတဲ့ Salmonella, Shigella,E.coli, Campylobacter species စတဲ့ ဇီဝသက်ရှိများနဲ့ ငရုတ်သီး၊ မြေပဲနဲ့ ပြောင်းသီးနှံတို့မှာ ပါဝင်တတ်တဲ့ Aflatoxins, Ochratoxins, Fumonisins အစရှိတဲ့ စားသုံးသူကိုထိခိုက်နိုင်တဲ့ မှိုအဆိပ်များ၊ အစားအစာနဲ့အတူ ရောပါလာတတ်တဲ့ မြေမှုန်နဲ့ ကျောက်ခဲတွေ၊ ဖန်ကွဲစနဲ့ ချွန်ထက်တဲ့အရာတွေ၊ ပိုးကောင်သေများနဲ့ ၎င်းတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စတာတွေကို မပါဝင်အောင် စနစ်တကျအသုံးပြုနိုင်မယ့် နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် GAP စနစ်မှာ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ အစားအစာတွေ ဘေးအန္တရယ်ကင်းရှင်းဖို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ခင်းလုပ်သားများကျန်းမာရေး၊ ဘေးအန္တရယ်ကင်းရှင်းဖို့နဲ့ လုပ်ငန်းခွင်သာယာရေးအတွက်ပါ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေကိုပါ ထည့်သွင်းပြဌာန်းထားပါတယ်။ 

    ဒါ့အပြင် အော်ဂဲနစ်စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး အစိုးရက ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့ပါ တယ်။ မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းများကို ကဏ္ဍ (၆) ရပ်ဖြင့်ဖွဲ့စည်းထားပြီး ၎င်းတို့မှာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ သဘာဝအတိုင်းပေါက်ရောက် သည့် သီးနှံပင်များ၊ ခူးဆွတ်ခြင်း၊ ကိုင်တွယ်သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနဲ့ ထုတ်ပိုးခြင်း၊ ထုတ်ကုန်အမှတ်တံဆိပ်တပ်ခြင်းနှင့် အဆိုပြုချက်များ၊ နောက်ကြောင်းပြန်လိုက်ခြင်းနဲ့ အထောက်အထားများထားရှိခြင်း၊ ပြဌာန်းထားခြင်းမရှိ သောပစ္စည်းများအား အသုံးပြုခြင်း စတဲ့စံချိန်စံညွှန်းအချက်အလက်တွေ ပါဝင်ပါတယ်။ 

    ဓာတုကင်းလွတ်သော ထုတ်ကုန်တွေကတော့ အော်ဂဲနစ်စနစ်ကို အသွင်ကူးပြောင်းဆဲ ကာလမှာ ထုတ်လုပ်ထားတဲ့ သီးနှံတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ 

    မှော်ဘီမြို့နယ်မှာဖွင့်လှစ်လိုက်တဲ့ ဓာတုကင်းလွတ်အရောင်းဆိုင်မှာတော့ GAP, Organic နဲ့ Chemical Free စနစ်နဲ့ ထုတ်လုပ်ထားတဲ့ သီးနှံများအားလုံးကို ရန်ကုန်တိုင်းစိုက်ပျိုးရေးဦးစီးဌာနက လမ်းညွှန်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ ပေးအပ်ထားတဲ့ GAP အသိအမှတ်ပြုလက်မှတ်ရ တောင်သူများ၊ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းက လုပ်ကွက်ငယ် အော်ဂဲနစ်တောင်သူများအတွက် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စိုက်ပျိုးသူ၊ စားသုံးသူ၊ ရောင်းချသူများ ပါဝင်အကဲဖြတ်ပြီး ဝိုင်းကြီးချုပ်စနစ်ဖြင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့  PGS စနစ်ကို လိုက်နာကျင့်သုံးစိုက်ပျိုးထားတဲ့ အော်ဂဲနစ်ထုတ်ကုန်များ၊ အော်ဂဲနစ်စနစ်အတိုင်းစိုက်ပျိုးဖို့ အသွင်ကူးပြောင်းချိန်မှာ စိုက်ပျိုးထုတ်လုပ်ထားတဲ့သီးနှံများ စတာတွေကို တောင်သူပေါင်း ၄၀၀ နီးပါးက ထောက်ပံ့ရောင်းချသွားမှာပဲဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဒေါက်တာသန်းသန်းစိန် က ပထမဆုံးအရောင်းဆိုင် စတင်ဖွင့်လှစ်ခြင်းနဲ့ ပတ်သက်ပြီး 

ဆရာမကတော့ အော်ဂဲနစ်နဲ့ လူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်တဲ့ သြဂဲနစ် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့လူတစ်ယောက်ပါ။ ပညာပေးတာကတော့ စိုက်ဖို့အတွက်ကို တွန်းအားပေးပါတယ်။ ဘယ်လိုစိုက်ရမလဲဆိုတာ။ ဒါပေမယ့် ဈေးကွက်ကဆွဲအားရှိမှ စိုက်တဲ့သူကလည်းစိုက်ချင်တာ။ ဒီတော့ ဈေးကွက်ဆိုတာကနေ လိုအပ်လာမှသာ စိုက်တဲ့သူက စိုက်အားရှိမယ်။ ရှိတယ်ဆိုတဲ့အခါကျတော့ အခုဆိုလို့ရှိရင် ဒီဘေးကင်းလုံခြုံတဲ့ အစားအသောက်တွေစားရမယ်။ အဲ့ဒါတွေက အင်တီအောက်စီဒင့်ပေါ့နော်၊ အဲ့ဒါမျိုး ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါတယ်။ သူက ကိုယ်ခံအားကိုကောင်းစေတယ်ဆိုတာကို လူတွေက သိလာကြပြီဆိုတော့ လူတွေက ရွေးချယ်ဝယ်ယူစားသောက်လာကြပြီ။ ရွေးချယ်ဝယ်ယူစားသောက်တယ်ဆိုတာက အရင်တုန်းက စိမ်းစိုငြိမ်းအေးအော်ဂဲနစ်ဈေးက တစ်ပါတ်ကို တစ်ရက်ပဲဖွင့်နိုင်တယ်။ အခုကျတော့ အချိန်ပြည့်ဖွင့်နိုင်အောင်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းလိုက်တဲ့အခါကျတော့ အခက်အခဲလေးတွေ ကူညီ ပေးတယ်။ ပေးတဲ့အခါကျတော့ ဆရာမက သင်တန်းပေးထားတဲ့ စိုက်တဲ့သူတွေရှိတယ်။ ဒီဘက်မှာကျတော့ သူတို့ကနေ လက်ခံပြီးတော့ ဆိုင်ဖွင့်ပေးတယ်ပေါ့နော်

လို့ Green Way ကိုပြောပါ တယ်။ 

    GAP , Organic စနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်လိုသူ တောင်သူတွေအတွက် ဒီအရောင်းဆိုင်က ပင်မဈေးကွက်တစ်ခု ဖြစ်လာဖို့ရှိပြီး လာရောက်ရောင်းချလိုသူ တောင်သူတွေအတွက်လည်း  ငွေလက်ငင်းပေးချေသွားမှာပါ။ ဒါ့အပြင် စားသုံးသူတွေအတွက်လည်း ဈေးပိုမကြီးရအောင် စီမံဆောင်ရွက်ထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမြေအသုံးချရေး တာဝန်ခံ ဒေါ် ဝင်းဝင်းမိုးက Green Way ကိုပြောပါတယ်။ 

ဟင်းသီးဟင်းရွက်ကတော့ ငွေချေပြီးယူမယ်ပေါ့နော်။ ကျန်တဲ့ စားသောက်ကုန်တို့ ပစ္စည်းတွေကျတော့ အပ်ကုန်စနစ်နဲ့ လက်ခံတယ်။ ရောင်းရတဲ့ပေါ်မှာ ၁၅ ရက်တစ်ကြိမ် ငွေရှင်းပေးမယ်။ အဲ့တော့ ကိုယ့်ပစ္စည်းကိုလာလဲချင်လည်း လဲလို့ရတယ်။ ကျွန်မတို့က အစိုးရဌာနကလုပ်တာဖြစ်တဲ့အတွက် အရင်းအနှီးကျတော့ ဝယ်ထားလို့မဖြစ်ဘူးပေါ့နော်။ အဲ့တော့ ကျွန်မတို့က ကုန်ပစ္စည်းတွေကို လျှောက်လွှာခေါ်ပြီးလျှောက်လွှာမှာပါတဲ့ စည်းကမ်းချက်နဲ့ကိုက်ညီရင် အပ်ကုန်စနစ်နဲ့လက်ခံပြီး ၁၅ ရက်တစ်ကြိမ် ငွေရှင်းပေးမယ်။ တကယ်လို့ ကိုယ့်ရဲ့ပစ္စည်းက ဘေးကင်းလုံခြုံတယ်။ အထောက်အထားတွေလည်း ပြည့်စုံတယ်ဆိုရင် စိမ်းစိုငြိမ်းအေးအော်ဂဲနစ်ဈေးကပေ့ချ်မှာ လျှောက်လွှာနဲ့တင်လိုက်ရင်ရပါတယ်။  အော်ဂဲနစ်ကို တကယ်လည်းစိုက်မကြည့်ဖူးပဲနဲ့ ထုတ်လုပ်မှုစရိတ်တွေကုန်ကျတယ်လို့ပြောနေတာက မမှန်ဘူးလို့ပြောရမှာပေါ့နော်။ ကျွန်မတို့က ပိုးသတ်ဆေးတွေ သုံးလို့မရဘူး၊ ဓာတ်မြေသြဇာတွေ မသုံးရဘူး၊ ကိုယ်ကိုယ်တိုင်လုပ်သုံးလို့ရတဲ့ မြေသြဇာလုပ်နည်းစနစ်တွေကိုပဲပေးတာ၊ အဲ့ခါကျတော့ ပိုပြီးတော့တောင် တွက်ချေကိုက်သေးတယ်။ တွက်ချေကိုက်ပြီး ရောင်းတဲ့အခါမှာလည်း အပေါ်ယံတွေကို တအားကြီးမွမ်းမံမထားဘူး။ ကိုယ့်ပစ္စည်းက အော်ဂဲနစ်စစ်ရမယ်၊ သန့်ရှင်းလတ်ဆတ်မှုရှိရမယ်။ ကိုင်တွယ်ထားတဲ့စနစ်တွေ ကောင်းရမယ်။ ဒါပေမယ့် ထပ်ပြီးတော့ ငွေကြေးကုန်ကျမယ့်မွမ်းမံမှုတွေ မလုပ်တော့ဘူး။ အဲ့ဒါကြောင့် ကုန်ကျစရိတ်ကလည်း ထပ်ပြီးမတက်တော့ဘူး။ အပြင်ဈေးမှာဝယ်တဲ့ဈေးနဲ့ ကျွန်မတို့အော်ဂဲနစ်မှာရောင်းတဲ့ဈေးက တူတူပဲ၊ တစ်ခါတစ်လေကျ ဈေးသက်သာရင် သက်သာသေးတာလေ

လို့ပြောပါတယ်။ 

    ပြည်လမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့ အရောင်းဆိုင်ဖြစ်တာကြောင့် သွားလာရလွယ်ကူသလို ကားရပ်နားဖို့လည်း အဆင်ပြေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် မြို့ထဲကစားသုံးသူတွေအပြင် ဒေသခံတွေကလည်း လာရောက်ဝယ်ယူကြတာကိုတွေ့ရပါတယ်။ 

နီးနီးနားနားလည်းဖြစ်နေတယ်။ ဒီနားမှာရောင်းတာလည်းမရှိဘူး။ အော်ဂဲနစ်ပစ္စည်း လည်းဖြစ်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အဲ့ဒါကြောင့် ဒီမှာလာဖွင့်တာ အများကြီးကောင်းပါတယ်။ အခုအတိုင်းအတာအရတော့ ဈေးနှုန်းက သိပ်တော့ကွာဟမှုမရှိပါဘူး။ အဲ့လိုမျိုးဆိုတော့ သုံးစွဲကြည့်ပေါ့နော်။ စားကြည့်ပြီးရင်သိသွားမှာပါ။ အော်ဂဲနစ်ပစ္စည်းနဲ့ ဆေးဝါးသုံးစွဲထားတာနဲ့ မတူဘူးဆိုတာကို။ နောက်ဆုံးကျတော့လည်း ကျန်းမာရေးကြောင့် ဈေးလေးနည်းနည်းပိုတာက အဓိကမဟုတ်ပါဘူး

လို့ မှော်ဘီမြို့နယ်မှ အော်ဂဲနစ်သီးနှံ လာရောက်ဝယ်ယူသူ ဒေါ်ကြည်ကြည်နိုင်က Green Way ကိုပြောပါတယ်။ 

    ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေနဲ့ ဟင်းရွက်တစ်စီးကို ကျပ် ၁၀၀ မှ ၁၅၀၊ ငှက်ပျောဖူး၊ မုန်လာဥအဖြူ၊ အနီ တစ်စည်းကို ကျပ် ၂၀၀၊ ဗူးသီးတစ်လုံး ကျပ် ၅၀၀၊ ငွေနှင်းမှို တစ်ဆယ်သား ၄၀၀၊ ရွှေဖရုံသီးတစ်လုံး ကျပ် ၆၀၀ စသဖြင့် သတ်မှတ်ထားပါတယ်။ 

    GAP , Organic စနစ်တွေနဲ့စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအတွက်ကတော့ အခုလိုပုံမှန်ရောင်းချနိုင်တဲ့ နေရာရှိလာတာက စိုက်ပျိုးထုတ်လုပ်ရေးအပိုင်းကို များစွာ အထောက်အကူဖြစ်တယ်လို့ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာ မှာ အော်ဂဲနစ်စနစ်နဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ကိုအောင်ဆန်းဝင်းက Green Way ကိုပြောပါတယ်။ 


အရင်ကတော့ ဗုဒ္ဓဟူးဈေးမှာရောင်းပါတယ်။ နေ့ရက်ပုံမှန်မရောင်းနိုင်တော့ တစ်ခါတစ်ခါကျတော့ ကိုယ့်မှာပစ္စည်းပေါ်တယ်။ ဝယ်လိုအားမရှိတော့ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆိုင်မျိုးတွေက ကောင်းတယ်လေ၊ အထူးသဖြင့် မှော်ဘီလိုနေရာမျိုးမှာရှိတော့။ ကျွန်တော်တို့ထွက်တဲ့ကုန်တွေကို ဒီမှာလာပြီး မျှရောင်းလို့ရတယ်လေ။ ကျွန်တော်တို့ စိုက်ပျိုးတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်

လို့ပြောပါတယ်။ 

    စားသုံးသူတွေက ဘေးကင်းတဲ့အစားအစာတွေကို ရွေးချယ်လာသလို စိုက်ပျိုးသူတွေက လည်း ဘေးကင်းတဲ့နည်းလမ်းတွေနဲ့ အစားအစာတွေကိုထုတ်လုပ်ဖို့ ရွေးချယ်လာကြပါတယ်။ မှော်ဘီမြို့နယ်က ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန်ထဲက ဧက ၁၀၀ ပေါ်မှာ ဓာတု ကင်းလွတ်တဲ့နည်းစနစ်နဲ့ စိုက်ပျိုးနေပြီး တစ်နေ့ကို ဟင်းသီးဟင်းရွက် ဆယ်တန်ကနေ ဆယ့်ငါးတန်အထိ ထွက်ရှိနေပြီး ရန်ကုန်မြို့က ဈေးပေါင်း ၄၈ ဈေးနဲ့ စီးတီးမတ်တွေကို လည်း ပို့ဆောင်ရောင်းချနေပါတယ်။ ဒါ့အပြင် ပိုလျှံနေသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချနိုင်ဖို့အတွက် ယခုလို အရောင်းဆိုင်တွေ ဆက်လက်လိုအပ်နေသေးတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်နှစ်ပင်စိုက်ကွင်းတာဝန်ခံ ဦးအောင်ဌေးက Green Way ကိုပြောပါတယ်။ 

အဓိကကတော့ ကျွန်တော်တို့က ဟင်းသီးဟင်းရွက်ကဏ္ဍက တိုက်ရိုက်စားသုံးတဲ့ကဏ္ဍ ဖြစ်ပါတယ်။ တိုက်ရိုက်စားသုံးတဲ့ကဏ္ဍမှာ စားသုံးတဲ့ပြည်သူတွေက ပိုက်ဆံပေးဝယ်ပြီး မိမိဝယ်ယူလိုက်တဲ့စားသောက်ကုန်က မိမိကိုအန္တရယ်ဖြစ်စေမယ့် အသီးအနှံမျိုးဆိုရင် ပိုပြီးတော့ဒုက္ခရောက်စေပါတယ်။ ပိုက်ဆံလည်းကုန်တယ်၊ ရောဂါဘယလည်း ရစေမယ်ပေါ့။  အဲ့တော့ ကျွန်တော်တို့က နေ့စဉ်စားသုံးတဲ့ ဟင်းသီးဟင်းရွက်ကဏ္ဍဟာ အင်မတန်အရေးကြီးတာဖြစ်တဲ့အတွက် ကျွန်တော်တို့စားသုံးသူတွေက ဘေးကင်းလုံခြုံတဲ့အသီးအနှံကို ရွေးချယ်စားသုံးဖို့လိုပါတယ်။ နံပါတ်နှစ်အချက်က စိုက်ပျိုးထုတ်လုပ်သူတွေက ဘေးကင်းလုံခြုံတဲ့အသီးအနှံတွေကို စိုက်ပျိုးထုတ်လုပ်ပေးဖို့လိုသလို၊ စားသုံးသူနဲ့ ထုတ်လုပ်သူအကြား ချိတ်ဆက်ပေးနိုင်တဲ့နေရာလေးတွေလည်း ရန်ကုန်တိုင်းဒေသကြီးမှာ အများကြီး လိုပါသေးတယ်

လို့ပြောပါတယ်။ 

    ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တဲ့ကဏ္ဍက အခြားသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေထက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာအကျိုးအမြတ်တွေကို အများဆုံးယူဆောင်ပေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ အဟာရဓာတ်ချို့တဲ့မှုကို ဖြည့်ဆည်းဖို့က ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးအရင်းအမြစ်တွေဖြစ်ပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူ တောင်သူငယ်တွေအတွက် စပါးကဲ့သို့သော အဓိကစားကုန်သီးနှံများစိုက်ပျိုးသည်ထက် ဝင်ငွေပိုမိုရရှိစေကြောင်း လေ့လာထားသောစစ်တမ်းများအရ သိရပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုက မြန်မာနိုင်ငံရှိ တောင်သူငယ်ပေါင်း ခုနှစ်သိန်းခွဲအတွက် အရေးပါတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး အဲ့ဒီကနေ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဝန်းကျင်ရှိတယ်လို့ နယ်သာလန် အခြေစိုက် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်တဲ့ East-West (မျှားနီ) ကုမ္ပဏီရဲ့ လေ့လာထားသောစစ်တမ်းများအရ သိရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။