ကြက်သားစစ်ပွဲ

10/04/2025 13:34 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

အမေရိကန်မှာ သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရတဲ့ ဒေါ်နယ်လ်ထရန့်ကို ကုန်သွယ်ရေးစစ်ပွဲ (Trade War) နဲ့ တွဲပြီး မြင်လေ့ရှိကြတယ်။ သူ့ရဲ့ ပထမ သမ္မတသက်တမ်းတုန်းက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ်ခင်းခဲ့သလို အခုတစ်ခေါက်မှာ ကုန်သွယ်ရေးစစ်ပွဲက ပိုလို့တောင် ပြင်းထန်လာပါပြီ။ မြန်မာနိုင်ငံကိုတောင် ထရမ့်က ကုန်သွယ်ရေးအခွန်တိုးမြှင့်စည်းကြပ်တဲ့ထဲ ထည့်ထားပါတယ်။ မြန်မာ့ထုတ်ကုန်တွေ အမေရိကန်နိုင်ငံကို တင်ပို့ရင် အခွန် ၄၄ ရာခိုင်နှုန်း ဆောင်ရမယ်လို့ သတ်မှတ်ထားတာပါ။ 

မြန်မာစိုက်ပျိုးမွေးမြူသူတွေကြားမှာ ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့ စကားလုံးဟာ ဒေါ်နယ်လ်ထရန့်ကြောင့် ရင်းနှီးပြီး ဖြစ်ပေမယ့် စိုက်ပျိုးမွေးမြူရေးနဲ့တိုက်ရိုက်ဆိုင်တဲ့ ကြက်သားစစ်ပွဲ (Chicken War) အကြောင်းတော့ ပြောကြသံမကြားဖူးပါဘူး။ ဆိုတော့ဒီနေ့မှာကြက်သားစစ်ပွဲ အကြောင်း လေ့လာကြည့်ရအောင်ပါ။ 

ကြက်သားစစ်ပွဲ ဆိုတာကတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေ (အထူးသဖြင့် ဂျာမဏီနိုင်ငံ) ကြား ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲပါပဲ။ 

ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပက စီးပွားရေးကျပါတယ်။ (ဗြိတိသျှတွေ မြန်မာပြည်ကို လွတ်လပ်ရေးပေးရာမှာ စီးပွားကျနေတာကလည်း အကြောင်းတစ်ခုပါ။) ဒါကြောင့် ငွေသုံးနိုင်အား ကျပါတယ်။ ဈေးသက်သာတာကို ပိုရှာ သုံးလာကြပါတယ်။ 

ဒုတိယကမ္ဘာစစ်ကြောင့် အမြတ်အများဆုံးထွက်ခဲ့တာက အမေရိကန်ပါ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် နှစ်ခုစလုံးမှာ စစ်ပွဲတွေအတော်ကြာတဲ့အထိ အမေရိကန်က စစ်ထဲ မပါလာဘဲ စစ်ဖြစ်တဲ့ နိုင်ငံတွေကို လက်နက်ရောင်းပြီး ကြီးပွားချမ်းသာလာနေတာပါ။ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်လို့ မဖြစ်မနေ စစ်ထဲပါလာပြန်တော့လည်း ခဏလေးအတွင်းမှာ အဏုမြူဗုံးသုံးပြီး ကမ္ဘာစစ်ကို ရပ်တန့်ခဲ့တာမို့ အဆုံးအရှုံး နည်းတယ်လို့ ဆိုရမှာပါ။ 

တချိန်တည်းမှာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ ကြက်မွေးမြူရေးကလည်း ပြောင်းလဲသွားပါတယ်။ Factory farming လို့ခေါ်ရအောင် တစ်အုပ်တစ်မ မွေးမြူတဲ့စနစ်သစ်တွေ ထွန်းကားလာပြီး ကြက်သားရဲ့ ထုတ်လုပ်မှု စရိတ်က ထိုးကျလာပါတယ်။ ဈေးပေါပေါနဲ့ ထုတ်လုပ်လာနိုင်တယ် ဆိုပါတော့။ ဈေးပေါတဲ့ ကြက်သားကို ဥရောပကို တင်ပို့ရောင်းချပါတယ်။ အခု တရုတ်ပြည်က တယ်လီဖုန်းတွေ၊ အီးဗွီ တွေ ဈေးပေါပေါနဲ့ ထုတ်ပြီး တစ်ကမ္ဘာလုံးကို ဈေးပေါပေါနဲ့ ပတ်ရောင်းသလိုပါပဲ။

၁၉၆၁ ခုနှစ်ကို ရောက်လာတဲ့အခါ ဥရောပဈေးကွက်ထဲမှာ အမေရိကန်ကြက်သားက ၅၀ ရာခိုင်နှုန်းလောက် နေရာယူထားပါပြီ။ ၁၉၆၂ မှာ အမေရိကန်ရဲ့ ဥရောပဆီ ကြက်သားတင်ပို့မှုတန်ဖိုးဟာ ဒေါ်လာ သန်း ၅၀၀ လောက် ဖြစ်လာပါတယ်။ 

ဥရောပရဲ့ ကြက်မွေးမြူရေးလုပ်ငန်းတွေက အမေရိကန်ကြက်သားနဲ့ ဈေးနှုန်းယှဉ်ပြီး ရောင်းမရသလို့ ပြုတ်ကုန်တော့တာပါပဲ။ 

ဒီတော့ ဥရောပသားတွေ ဒေါ်နယ်လ်ထရန့်ကြီး တရုတ်ကို စိတ်ဆိုးသလို စိတ်ဆိုးကုန်ကြတော့ပါပဲ။ နောက်ဆုံးတော့ အမေရိကန်ကြက်သားတွေ ဥရောပကို ဝင်လာတာကို တားဆီးဖို့ ဥရောပနိုင်ငံတွေက နည်းလမ်းရှာကြပါတော့တယ်။ 

ပြင်သစ်က အမေရိကန်တွေ ကြက်မွေးတဲ့အခါ ကြီးထွားနှုန်းမြန်ဖို့ ဟော်မုန်းတွေ အများကြီး သုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်နိုင်ငံက ကြက်သားတင်သွင်းမှုကို တားမြစ်ပိတ်ပင်ပါတယ်။

အနောက်ဂျာမဏီ (အဲဒီတုန်းက စစ်အေးတိုက်ပွဲ ဖြစ်နေပြီး ဂျာမဏီဟာ နှစ်ခြမ်းကွဲနေပါတယ်။) ကတော့ အမေရိကန်က ကြက်မွေးမြူရေးမှာ အာဆင်းနစ် တွေ သုံးနေတယ်လို့ စွတ်စွဲပြီး ပိတ်ပြန်ပါပါတယ်။ 

၁၉၆၂ ခုနှစ် ရောက်တဲ့အခါ ဥရောပနိုင်ငံတွေက အမေရိကန်နိုင်ငံရဲ့ ကြက်သားတွေ တင်သွင်းပြီး ဥရောပဈေးကွက်ထဲမှာ ဈေးနည်းနည်းနဲ့ မရောင်းနိုင်အောင် အခွန်ကို အများကြီး တိုးကောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ရလဒ်ကတော့ ဥရောပသားတွေ အမေရိကန်ကြက်သား ဝယ်စားတဲ့နှုန်း ကျသွားပြီး၊ အမေရိကန်ရဲ့ ကြက်သားဈေးကွက် လျော့ကျသွားပါတယ်။ ဒါက အမေရိကန်အတွက် အတော်အထိနာသလို စိတ်ဆိုးဒေါသထွက်စရာ လည်း ဖြစ်ခဲ့ပါတယ်။ 

ဒီတော့ အမေရိကန်ဟာ ဥရောပသားတွေရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားတော့တာပါပဲ။ အထူးသဖြင့် ဂျာမဏီဟာ အမေရိကန်ကြက်သားကို အများဆုံး စားသုံးနေတဲ့ နိုင်ငံမို့ ဂျာမဏီကို ပညာပေးဖို့ ကြံစည်လာတော့တာပါ။ ငါတို့ဆီက ကြက်သား ဝယ်မစားရင် မင်းတို့လည်း ဒုက္ခရောက်စေရမယ် ဆိုတဲ့ အလုပ်မျိုး လုပ်ဖို့ နည်းလမ်းရှာဖွေ တော့တာပါပဲ။ 

တပြိုင်တည်းမှာ အဲဒီကာလဟာ အမေရိကမှာတော့ ဥရောပက ထုတ်လုပ်တဲ့ မော်တော်ကားတွေ အတော်လေး ခေတ်စားလာနေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် ဂျာမဏီ ရဲ့ ဗောက်စ်ဝက်ဂွန် (Volkswagen) ဟာ အတော်လေး လူကြိုက်များခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် မော်တော်ကားတွေဟာ ဗောက်စ်ဝက်ဂွန်ကို ယှဉ်ပြီး ရောင်းဖို့ ခက်လာနေပါတယ်။ 

အဲဒီမှာ အမေရိကန် မော်တော်ကားထုတ်လုပ်သူတွေက မကျေမနပ် ဖြစ်ကြပြန်တာပါပဲ။ ဥရောပကနေ မော်တော်ကားတွေ တင်သွင်းလာနေတဲ့အပေါ်  အစိုးရကို ဆန္ဒပြဖို့ ၁၉၆၃ ခုနှစ်မှာ အမေရိကန် မော်တော်ကားထုတ်လုပ်ရေး အသင်း (UAW) ရဲ့ ဥက္ကဌ ဝေါ်လ်တာရူသာ (Walter Reuther) က ခြိမ်းခြောက်လာပါတယ်။ သမ္မတဂျွန်ဆင် (Johnson) အတော်လေး အကျပ်ရိုက်ခဲ့တဲ့ အချိန်လို့ ဆိုရမှာပါ။ ၁၉၆၄ ခုနှစ်မှာ ရွေးကောက်ပွဲက ရှိနေပြန်တယ် မဟုတ်ပါလား။ ရွေးကောက်ပွဲ မတိုင်မီမှာ အမေရိကန်မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းစုတွေက အစိုးရကို သပိတ်မှောက်တာမျိုးကို သမ္မတက ဘယ်လိုလားပါလိမ့်မလဲ။ 

ဒီလိုနဲ့ ၁၉၆၃ ဒီဇင်ဘာမှာ သမ္မတဂျွန်ဆင်က အထူးအမိန့် (Executive order) တစ်ရပ်ကို ထုတ်ပြန်ပါတယ်။ အဲဒါကတော့ ကုန်တင်ယာဉ်ငယ်တွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ဖြစ်ပါတယ်။ ဒါဟာ နဂိုက အမေရိကန်ကောက်ခံတဲ့ ပျမ်းမျှ အခွန်နှုန်းထားထက် ၁၀ ဆ ပိုမိုမြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ ကြက်သား ဈေးကွက်လျော့ကျသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ဝင်ငွေပမာဏကို ကာမိအောင် မော်တော်ကားပေါ် အခွန်တိုးကောက်တာလို့ ဆိုပါတယ်။ အပေါ့စား ကုန်တင်ယာဉ်ငယ်တွေလို့ ဆိုပေမယ့် အခွန်တိုးမြှင့်ဖို့ အဓိက ရည်ရွယ်တာကတော့ ဂျာမဏီရဲ့ ဗောက်စ်ဝက်ဂွန် (type 2) ကုန်တင်ယာဉ်ငယ်လေးတွေပဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း အဲဒီ အမိန့်ကြောင့် ဂျာမဏီရဲ့ ဗောက်စ်ဝက်ဂွန်အပြင် အခြားနိုင်ငံတွေက အပေါ့စားကုန်တင်ယာဉ်တွေရဲ့ ရောင်းအားက အမေရိကန်မှာ ထက်ဝက်လောက် လျော့သွားပါတယ်။ ဗောက်စ်ဝက်ဂွန်ဟာ အမေရိကန်ဈေးကွက်ထဲ ပြန်တိုးလို့ မရတော့ပါဘူး။ 

နစ်နာသူတွေကတော့ ဥရောပ နဲ့ အမေရိကန် ပြန်သူတွေပါ။ 

ဥရောပသားတွေ ကြက်သားကို ဈေးကြီးကြီး ပေးပြီး စားရပါတော့တယ်။ နဂိုက ဥရောပမှာ ကြက်သား တစ်ပေါင်ကို ၁.၆ ဒေါ်လာ ပေးပြီး ဝယ်စားရာကနေ ၂.၂၅ ဒေါ်လာအထိ ပေးလာရပါတယ်။

အမေရိကန်ပြည်သူတွေကတော့ အပေါ့စားကုန်တင်ယာဉ်တွေ ဝယ်ယူရာမှာ ရွေးချယ်စရာ နည်းသွားပါတယ်။ ဈေးကတော့ ပိုတောင်များလာပါသေးတယ်။ ဈေးကွက်မှာ ရောင်းလိုအားကျသွားရင် ဈေးတက်စမြဲမို့ အမေရိကန်ပြည်သူတွေ မော်တော်ကားကို ဈေးကြီးပေးပြီး ဝယ်သုံးရပါတော့တယ်။ 

အမြတ်ထွက်တာကတော့ အမေရိကန် မော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးတွေပါ။ 

ပထမအဆင့်အနေနဲ့ အခြားနိုင်ငံတွေက မော်တော်ကား အစိတ်အပိုင်းတွေကို ဈေးသက်သက်သာသာနဲ့ တင်သွင်းပါတယ်။ အပေါ့စားကုန်တင်ယာဉ်မဟုတ်လို့ အခွန်ကလည်း သက်သာသွားပါတယ်။ ပြီးတော့မှ အမေရိကန်မှာ ပြန်လည်တပ်ဆင်ပြီး Made in USA တံဆိပ် ကပ်ကြပါတယ်။ ဒါက တစ်နည်းပါ။ 

နောက်တစ်နည်းကတော့ အခြားနိုင်ငံက လူစီးမော်တော်ယာဉ်တွေကို အခွန်သက်သက်သာသာနဲ့ တင်သွင်းပြီး၊ အမေရိကန်ရောက်တော့မှ လူစီးခုံတွေဖြုတ်ပစ်တာပါ။ အခွန်ရှောင်ဖို့ လူစီး အိမ်သုံးကားတွေကို ကုန်တင်ယာဉ်အဖြစ် ပြောင်းပစ်တဲ့ နည်းပါ။ (မြန်မာပြည်မှာ အခွန်သက်သက်သာသာနဲ့ တင်သွင်းလာတဲ့  လုပ်ငန်းသုံး DV တွေကို မှန်တပ်၊ ခုံတပ်ပြီး လူစီးအတွက် သုံးသလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ပြောင်းပြန်ဖြစ်နေတာပဲ ကွာပါတယ်။ သဘောကတော့ အတူတူပါပဲ။) 

နောက်ထပ် တစ်နည်းရှိပါသေးတယ်။ အပေါ့စားကုန်တင်ယာဉ်တွေကိုပဲ လူစီးထိုင်ခုံတွေ တပ်လာပြီး လူစီး အိမ်သုံးကား အဖြစ်နဲ့ အခွန်လျော့ဆောင် တင်သွင်းတဲ့ နည်းလမ်းပါ။ 

အခွန်တွေ အဲဒီလို ရှောင်တော့ နောက်ဆုံး တကယ်နစ်နာသွားတာက ပြည်သူပါပဲ။ 

ချုပ်ပြောရရင် ကြက်သားစစ်ပွဲ အပါအဝင် ကုန်သွယ်ရေးစစ်ပွဲတွေအားလုံးရဲ့ အခြေခံသဘောကတော့ (၁) စီးပွားရေးကဏ္ဍ တစ်ရပ်ချင်းစီကို ကာကွယ်ဖို့ လုပ်ဆောင်ကြတာပါ။ (၂) နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ဆောင်ပုံတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားရာမှာ ကုန်သွယ်ရေးစစ်ပွဲကို အသုံးပြုကြတာ ဖြစ်ပါတယ်။ (၃) စားသုံးသူ ပြည်သူလူထုကိုပဲ အဓိက နစ်နာစေပါတယ်။

မြန်မာ့စိုက်ပျိုးမွေးမြူသူတွေ ဖြည့်ပြီး တွေးကြည့်ဖို့ ကောင်းတာက ပြင်သစ်၊ ဂျာမဏီတို့က အမေရိကန်ကြက်သားကို အပြစ်ရှာပြီး ပိတ်ဖို့ ကြိုးစားတဲ့ ကိစ္စပါ။ တခါတရံ ကုန်သွယ်ရေး၊ နိုင်ငံရေးတွေမှာ နည်းပညာစံနှုန်း‌တွေကို လိုသလို အသုံးချပြီး ဉာဏ်များတတ်ကြတာ သတိပြုစရာပါပဲ။ ကြက်သားစစ်ပွဲဟာ စိုက်ပျိုးမွေးမြူရေးသမားတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး သိထားသင့်တဲ့ သမိုင်းဖြစ်ရပ်တစ်ခုလို့ ယူဆတာကြောင့် မျှဝေလိုက်ပါတယ်။ ကြက်သားစစ်ပွဲကနေတဆင့် ကုန်သွယ်ရေးစစ်ပွဲတွေရဲ့ သဘောကိုလည်း မှန်းဆကြည့်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

လက်ရှိကုန်သွယ်ရေးစစ်ပွဲမှာလည်း ကြက်သားကိစ္စက မဖြစ်မနေ ပါလာပြန်ပါပြီ။ ကုန်သွယ်ရေးစစ်ပွဲအစမှာ အမေရိကန်က တရုတ်နိုင်ငံက ထုတ်ကုန်တွေအပေါ် အခွန် ၃၄ ရာခိုင်နှုန်း တိုးကောက်ပါတယ်။ ထရမ့် ပထမတစ်ကြိမ် သမ္မတသက်တမ်းတုန်းကတည်းက အခွန် ၂၀ ရာခိုင်နှုန်း ကောက်ထားပြီးသားမို့ ၅၄ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ 

ဒီတော့ တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန် ၃၄ ရာခိုင်နှုန်းကောက်ပြီး လက်စားချေပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ တုန့်ပြန်မှုမှာ ကြက်သားကိစ္စပါ ပါလာပါတယ်။ GAC လို့ မြန်မာတွေ အသိများတဲ့ တရုတ် အကောက်ခွန်ဌာနက အမေရိကန် ကြက်သားကုမ္ပဏီအချို့ထံက ဝယ်ယူမယ့် ကြက်သားတွေကို မဝယ်ယူတော့ဘဲ ဆိုင်းငံ့လိုက်ပါတယ်။ ဒါ့အပြင် တချို့အမေရိကန် ကုမ္ပဏီတွေရထားတဲ့ အရည်အသွေးအာမခံချက် လက်မှတ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ရုတ်သိမ်းလိုက်တာပါ။ 

အခွန်တွေကို နှစ်နိုင်ငံအပြိုင် တိုးကောက်နေကြဆဲပါ။

လက်ရှိ(ဒီဆောင်းပါး အစိမ်းရောင်လမ်းကို ပေးပို့တဲ့ ဧပြီ ၁၀ ရက်မှာ) အမေရိကန်က တရုတ်နိုင်ငံရဲ့ ကုန်စည်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း စည်းကြပ်ထားပါတယ်။ ဆိုလိုတာက တရုတ်ပြည်က ဒေါ်လာ ၁၀၀ တန်ပစ္စည်းတစ်ခု အမေရိကန်ကို တင်သွင်းရင် အခွန်က ၁၂၅ ဒေါ်လာ ဆောင်ရမှာ ဖြစ်ပြီး၊ ဈေးနှုန်းက ၂၂၅ ဒေါ်လာ ဖြစ်သွားတော့မှာပါ။ တရုတ်ကတော့ အမေရိကန်ကုန်စည်တွေအပေါ် အခွန် ၈၄ ရာခိုင်နှုန်းအထိ ကောက်ထားပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်