ချင်းပြည်နယ်တွင် မိသားစု ဝင်ငွေ တိုးပွားရေး လုပ်ငန်းစဉ်များ

29/12/2017 14:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

ချင်းပြည်နယ်တွင်း ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံဖို့အတွက် ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်း အစား ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို အသုံးပြုပြီးတော့ စိုက်ပျိုးထုတ်လုပ်ဖို့အတွက် နိုင်ငံတော်ရဲ့အကူအညီတွေ မိသားစု ဝင်ငွေတိုးပွားရေးနှင့် အရင်းအနှီး တိုးပွားရေးအတွက် ဒေသတွင်းအဖွဲ့အစည်း နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ အကူအညီရယူပြီးချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။

အောင်ကျော်မိုး (သတင်းထောက်)။ ။ မြန်မာ့ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျား။ မြင့်မားတဲ့ တောင်ကုန်းတောင်တန်းတွေ တည်ရှိပြီးတစ်နေရာနဲ့တစ်နေရာသွားလာဖို့ ခက်ခဲတဲ့ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံ မှာဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တခု ဖြစ်ပါတယ်။ ဒီဒေသဟာလူဦးရေနည်းပါးပြီး ကျေးရွာအများစုဟာ ကုန်းမြင့် တောင်စောင်းတွေမှာသာ ကျေးရွာတည်ဆောက်ကာ နေထိုင်ကြပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့ ကျေးရွာ အများစုဟာ စားနပ်ရိက္ခာဖူလုံမှု ရရှိဖို့ ဒေသခံတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဟားခါးမြို့နယ် အတွင်းမှာရှိတဲ့ ချွန်ကျုံးကျေးရွာမှာတော့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်းတစ်ခုရရှိထားပါတယ်။ ဒါကတော့ ဟားခါး အခြေစိုက် ပြင်သစ်လူမှုကူညီမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ GRET Myanmar ချင်းအသေးစားချေးငွေ လုပ်ငန်းက ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CORAD နဲ့ပူးပေါင်းပြီး ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက် ကတည်းက သူတို့ကျေးရွာမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာ ကူညီမှုတွေရရှိလာခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ ဒေသခံများ လုုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းတောင်ယာစနစ်ကနေ ခေတ်မီ တောင်စောင်း လယ်ယာစနစ်ကိုပြောင်းလဲလုပ် ကိုင်နိုင်ဖို့ နည်းပညာပေး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ (00:00 – 01:21)

ဦးလျန်ချင်း (ဥက္ကဌ၊ ချွှန်ကျုံးကျေးရွာ၊ ဟားခါးမြို့နယ်) ။ ။ အရင်ကတော့ ကျွှန်တော်တို့ တရွာလုံးလိုလိုပဲ ရွေ့ပြောင်းတောင်ယာတွေ လုပ်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းကဆိုရင် သဘာဝလည်း ပျက်စီးတယ်။ သစ်ပင်တွေလည်း ခုတ်တယ်။ မီးလည်းရှို့တယ်။ မြေလည်းပြိုတယ်။ အခုဆိုရင်တော့ လှေကားထစ် စိုက်ပျိုးနည်းတွေ သင်ပေးတော့ လှေကားထစ်နဲ့ စပါး တွေ ဆန်တွေ ရခဲ့တယ်။ (01:22 – 01:48)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်ဒေသခံ အဖွဲ့အစည်းတခုဖြစ်တဲ့ CORAD ကနေ ဒေသခံတွေကို ဝမ်းစာ ဖူလုံမှု ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနဲ့ ပတ်သက်တာတွေကို နည်းပညာပိုင်းအရ အဓိက ကူညီ ပေးနေခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ တီတိန်၊ ဖလမ်းနဲ့ ထန် တလန် စတဲ့ မြို့နယ် လေးမြို့နယ်ရှိ ကျေးရွာပေါင်း (၁၀၅) ရွာမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ မြေစီမံခန့်ခွဲမှုသင်တန်း၊ ရေစီမံခန့်ခွဲမှု သင်တန်းတွေနဲ့ ရွေ့ပြောင်းတောင်ယာစနစ်ကနေ လှေကားထစ်ပုံ ခေတ်မီ တောင်စောင်း လယ်ယာ စနစ် ဖော်ဆောင် ခြင်းလုပ်ငန်းတွေမှာကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် မွေးမြူရေး လုပ်ငန်းတွေနဲ့ အမျိုးသမီး ပါဝင်ခွင့် ရရှိရေးတို့မှာလည်း ကူညီဆောင်ရွက်မှုတွေရှိနေပါတယ်။ (01:49 – 02:36)

ဦးကီလ်သူ (Operation Manager ၊ CORAD ချင်းဒေသခံအဖွဲ့အစည်း) ။ ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး တော့ အဓိကအားဖြင့် ရွေ့ပြောင်းတောင်ယာ လုပ်ကြတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာ တွေ့ရတယ်။ ဘာ ကြောင့်လဲဆိုတော့ အမြဲတမ်း တနှစ်ဆိုတနှစ် မြေအသစ်မှာ ပြောင်းရွေ့တဲ့အခါမှာ ဒီတောတွေက ခုတ်ပြီးမှ မီးရှို့ တယ်။ အဲဒီမီးက အဲဒီတောင်ယာတကွက်ထဲတင် မဟုတ်ပဲနဲ့ နေရာတကာ လျှောက်ပြီးမီးကူးလောင်တာတွေလည်း ရှိတယ်။ အဲဒီဟာတွေကို လျှော့ချနိုင်အောင် အမြဲတမ်း sustainable ဖြစ်တဲ့ လယ် ၊ ဥယျာဉ်ခြံ လိုဟာမျိုးကို လုပ်ဖို့ အားပေးခြင်း ဖြစ်တယ်။ (02:37 – 03:29)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှာ အခုလိုစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာ ပေးဆောင်ရွက်မှုတွေက အဲ့ဒီဒေသမှာရှိတဲ့ ကျေးရွာလူထုအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အဓိက စိုက်ပျိုးရေးလုပ်ငန်း တွေမှာ သီးနှံအထွက်တိုးမှု ရရှိလာပြီး မိသားစုစားနပ်ရိက္ခာ ဖူလုံလာတာဘဲ ဖြစ်ပါတယ်။ (03:30 – 03:48)

ဦးထန်ဟဲ (လယ်သမား၊ ချွှန်ကျုံးကျေးရွာ၊ ဟားခါးမြို့နယ်)။ ။ ကျွှန်တော်တို့ တောင်သူ စလုပ်တာက (၁၀) နှစ် လောက်ရှိပြီ။ လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကတော့ နည်းပညာလည်း ကျွှန်တော်တို့ မရဘူး။ ပြီးတော့ CORAD အဖွဲ့ က နည်းပညာအမျိုးမျိုး ကျွှန်တော်တို့ကို ပေးတယ်။ စိုက်ပုံစိုက်နည်း (SIR) လည်း ပေးတယ်၊ မြေသြဇာပေးနည်း၊ စတဲ့ အများကြီး သင်တန်းပေးတယ်။ အဲဒါတွေကို အများကြီး ကျွှန်တော်တို့လယ်ယာထဲမှာ သုံးနေတယ်။ (03:49 – 04:22)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်မှာရွှေ့ပြောင်းစိုက်ပျိုးခြင်းက ကြာမြင့်ပြီ ဖြစ်ပေမဲ့ ခေတ်မီတောင်စောင်း လှေကားထစ် စိုက်ပျိုးရေးကိုတော့ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာသာ စတင်ခဲ့ပါတယ်။ အဓိကအနေနဲ့ အဲ့ဒီဒေသမှာ ဆန်စပါးကို ဒေသစားကုန်အဖြစ် ပြောင်းလဲစိုက်ပျိုးရာမှ အစပြုခဲ့တာဖြစ်ပါတယ်။ ခေတ်မီ တောင်စောင်း လယ်ယာ စနစ် ဖော်ဆောင်နိုင်ဖို့ ဒေသခံတောင်သူတွေတွက် ခက်ခဲမှုတွေရှိနေပါတယ်၊ အဓိက လိုအပ်ချက်ကတော့ လှေကား ထစ် ပုံစံတောင်စောင်း လယ်ယာစနစ် ဖော်ဆောင်နိုင်ဖို့ ကုန်ကျစရိတ် မြင့်မားတာကြောင့် ဖြစ်ပါတယ်။ (04:22 – 04:55)

ဦးတက်နေအောင် (မြို့နယ်ဦးစီးမှုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဟားခါးမြို့) ။ ။ ခေတ်မှီတောင်စောင်းစနစ်က အများကြီး ကွာခြားပါတယ်။ ဒေသကနေလုပ်နေတာက လက်ရှိ ရွေ့ပြောင်းတောင်ယာစနစ်ပေါ့။ ရွေ့ပြောင်း တောင် ယာစနစ်ရဲ့ ဆိုးကျိုးတွေကတော့ တောတွေပြုန်းလာတယ်။ ပြီးတော့မှ သီးနှံအထွက်နှုန်း လျော့နည်းလာတယ်။ စိုက်ခင်းဧရိယာတွေလည်း တဖြေးဖြေးဝေးလာတယ်။ ကျွှန်တော်တို့ လက်ရှိလုပ်မယ့် အမြဲတမ်းတောင်ယာ (Permanent Farming) စနစ်ကို ဆောင်ရွက်ခြင်းအားဖြင့် ရွေ့ပြောင်းပြီးတော့ တောတွေ ခုတ်စရာမလိုတော့ဘူးပေါ့။ တောပြုန်းမှုတွေ အများကြီး သက်သာလာမယ်။ (04:56 – 05:26)

အောင်ကျော်မိုး။ ။ ခုလို ခေတ်မှီတောင်စောင်းနည်းစနစ်တွေကို ဖေါ်ဆောင်တဲ့နေရာမှာ အဓိကမြေဆီလွှာ တွေ ဆုံးရှုှုံးမှု မရှိအောင် ဘယ်လိုဆောင်ရွက်နေလဲ။ ဘယ်လိုနည်းလမ်းတွေကို အဓိက အသုံးပြုပြီးတော့မှ အကောင် အထည်ဖေါ် ဆောင်ရွက်နေလဲ။ (05:27 – 05:36)

ဦးတက်နေအောင်။ ။သီးနှံစိုက်ပျိုးဖို့အတွက် ဆိုရင် အပေါ်ယံမြေဆီလွှာ မဆုံးရှုံးဖို့က အဓိက အရေးပါတာပဲ ဖြစ်ပါတယ်။ ရာသီသီးနှံအတွက် ဆိုရင်လည်း အပေါ်ယံမြေဆီလွှာက ရှိမှသာ သီးနှံက အောင်မြင်မှာဖြစ်ပါတယ်။ နှစ်ရှည်ပင်အတွက် ဆိုရင်လည်း အပေါ်ယံမြေဆီလွှာရော အတွင်းမှာရှိတဲ့ မြေဆီလွှာရော လိုပါတယ်။ အပေါ်ယံ မြေဆီလွှာ မဆုံးရှုံးအောင် စတင်ဖေါ်ထုတ်ထားသလို အပေါ်ယံမြေလွှာတွေကို သီးခြားဖေါ်ပြီး လှေခါးထစ်ဖေါ်ပြီး နောက်ပိုင်းမှာလည်း ပဲမျိုးနွယ်ဝင် အပင်တွေကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ မြေဆီလွှာက ပိုပြီးကောင်းလာ မှာ ဖြစ်ပါတယ်။ ပြီးတော့မှ မိုးမှာ စိုက်ပြီးတဲ့ သီးနှံ အကြွင်းအကျန်တွေကို ဆောင်းမှာ သဘာဝမြေဆွေးအဖြစ်မှ သုံးမှသာ အပေါ်ယံ မြေဆီလွှာက ကောင်းသထက် ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ စိုက်ခင်း ထဲမှာရှိတဲ့ သီးနှံအကြွင်းအကျန်တွေကို လည်း မြေဆွေးအဖြစ်လုပ်ဖို့ကို ကျွှန်တော်က ပိုပြီးတော့မှ အားပေးချင် ပါတယ်။ (05:37 – 06:31)

အောင်ကျော်မိုး။ ။ အခုလိုမျိုး ခေတ်မှီတောင်စောင်းစနစ်ကို လှေကားထစ်ပုံစံ ဖေါ်ဆောင်ပြီးမှ ဆောင်ရွက် နေတာဆိုတော့ အရင် ရွေ့ပြောင်းတောင်ယာစနစ်နဲ့ ဘယ်လောက်ထိ ကွာခြားမှုရှိလဲ။ (06:32 – 06:39)

ဦးတက်နေအောင်။ ။ မြေပြင်အနေအထားနဲ့ပြောရင် ချင်းတောင်ဟာ တောင်တန်းဒေသဖြစ်တဲ့အတွက် တောင်စောင်းတွေကလည်း များပါတယ်။ များတဲ့အတွက် သာမန် တောင်ယာခုတ်သွားမယ်ဆိုလို့ရှိရင် တဖြေးဖြေးနဲ့ တောပြုန်းသွားမှာ ဖြစ်ပါတယ်။ ခေတ်မှီတောင်စောင်းစနစ်နဲ့ သွားမယ်ဆိုလို့ရှိရင် သင့်တင့်လျောက်ပတ်တဲ့ တောင် စောင်း (Slope) အလိုက် တောင်စောင်း မြင့်ရင်မြင့်သလို ခေတ်မှီတောင်စောင်းစနစ်နဲ့ သွားမယ်ဆိုရင် ဒေသနဲ့ အကိုက်ညီဆုံး စနစ်ဖြစ်မယ်လို့လည်း ထင်ပါတယ်။ (06:40 – 07:08)

အောင်ကျော်မိုး။ ။ လယ်သမားတွေကသီးနှံအထွက်နှုန်းကောင်းအောင် လုပ်ဆောင်နေချိန်မှာ ချင်းပြည်နယ် အတွင်းရှိ ကျေးရွာ တချို့မှာ အသေးစား စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ အခွင့်အရေးရရှိခဲ့တာကြောင့် သူတို့ရဲ့ ပုံမှန်ဝင်ငွေလဲ တိုးတက် မြင့်မားလာပါတယ်။ ဒီအသေးစား စီးပွားရေး လုပ်ငန်းတွေရဲ့ အရင်းအနှီးအရင်းမြစ်ကတော့ အသေးစားချေးငွေ လုပ်ငန်းမှ ရရှိခြင်းဖြစ်ပါတယ်။ ဟားခါးမြို့နယ် အတွင်းရှိ လောက်လုံးကျေးရွာမှာ အခုလို အသေး စားချေးငွေလုပ်ငန်းကို ၁၉၉၈ ခုနှစ်ကတည်း ကစတင်ခဲ့ပြီး လက်ရှိငွေကျပ် သိန်းပေါင်း ၃၄၀ ကျော်နဲ့လည်ပတ်နေ ပါတယ်။ အိမ်ထောင်စု ၁၅၀ ကျော်ရှိတဲ့ အဲ့ဒီ ကျေးရွာမှာ ချေးငွေစတင် ထုတ်ချေးစဉ်ကအိမ်ထောင်စုတစ်ခုကို ကျပ် ငါးထောင်နှုန်းနဲ့ ထုတ်ချေးခဲ့ပေမဲ့ လက်ရှိမှာ တစ်ဦးကို ကျပ်တစ်သိန်းခြောက်သောင်းမှ နှစ်သိန်းအထိ ထုတ်ချေးနိုင် ခဲ့ပါတယ်။ အသေးစားစီးပွားရေး လုပ်ငန်းများအတွက် တစ်ဦးကို ကျပ် ခြောက်သိန်းနဲ့ ဆယ်သိန်းအထိ ချေးငွေ သက်တမ်း တစ်နှစ်သတ်မှတ်ကာ ထုတ်ချေးပေးနေပါတယ်။ (07:09 – 08:09)

ဦးဝီလျန် (မြို့နယ်မန်နေဂျာ၊ GRET Myanmar ချင်းအသေးစားချေးငွေလုပ်ငန်း၊ ဟားခါး)။ ။ကျွှန်တော်တို့ ဒီချေး ငွေလုပ်ငန်းက အလကားပေးတာ မဟုတ်ဘူး။ မိသားစု ဝင်ငွေတိုးပွားရေးအတွက် အလုပ်လုပ်ရပါတယ်။ အလကား ပေးတယ်မဟုတ်တဲ့ အတွက်ကြောင့် အသင်းသားတွေကလည်း သူတို့သဘောပေါက်တာ အတိုးဘဲဖြစ်ဖြစ်၊ အရင်းဘဲ ဖြစ်ဖြစ် ပြန်ဆပ်ရမယ်ဆိုတာ သူတို့စိတ်ထဲမှာစွဲမြဲပြီးတော့ နေ့တိုင်းသူတို့ ပုံမှန်အလုပ်လုပ်တဲ့အတွက်ကြောင့် ဒီချေး ငွေလုပ်ငန်း တည်ရှိတဲ့နေရာ တွေမှာတော့ ဖွံ့ဖြိုးမှု အလားအလာ လမ်းစဖွင့်ပေးပါတယ်လို့ ယုံကြည်ပါတယ်။ (08:10 – 08:47)

ဦးလိုင်လိန်း (ဥက္ကဌ၊ ချင်းအသေးစားချေးငွေလုပ်ငန်း၊ လောက်လုံကျေးရွာ) ။ ။ ချင်းဘာသာနဲ့ ပြောတယ်။ (08:48 – 09:17)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်မှာ အခုလိုအသေးစားချေးငွေလုပ်ငန်းလည်ပတ်နေတာကတော့ နှစ်ပေါင်း နှစ်ဆယ်ရှိပါပြီ။ ၁၉၉၅ ခုနှစ်လောက်ကတည်းက GRET ကနေ ဒီအသေးစားချေးငွေစနစ် ကိုစတင်ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ ဒီချေးငွေလုပ်ငန်းက ဒေသခံတွေရဲ့ လူနေမှုဘဝကို တိုးတက်မြင့်မားလာအောင် အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ တစ်နိုင်တပိုင် မွေးမြူရေးလုပ်ငန်းတွေနဲ့ အိမ်တွင်း ကုန်ဆုံဆိုင်တွေ ဖွံံ့ဖြိုး လာခဲ့ပါတယ်။ (09:18 – 09:49)

အောင်ကျော်မိုး။ ။ အခုဆိုရင် ချင်းပြည်နယ်မှာ GRET Myanmar ရဲ့ ချင်း အသေးစားချေးငွေလုပ်ငန်းကို မြို့နယ်ပေါင်း (၅) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ဒီလုပ်ငန်းကနေ ချေးငွေထုတ်ချေးသူပေါင်း တစ်သောင်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာတော့ ဒီလုပ်ငန်းဟာ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေ အတွက် အရင်းအနှီးထုတ်ပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ (10:30 – 10:52)

အောင်ကျော်မိုး။ ။ ချင်းအသေးစားချေးငွေလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုတွေက ဒေသခံ ပြည်သူတွေ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖွံ့ဖြိုးမှုနဲ့ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် အထောက်အကူပြု နေပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာလဲ ဂရတ်မြန်မာရဲ့ ပါဝင်ဆောင်ရွက်မှုတွေက မိသားစု စားနပ် ရိက္ခာ ဖူလုံရေးမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ (12:02 – 12:27)

ဒေါ်လှောန်ဇိန်း (ကုန်စုံဆိုင်ပိုင်ရှင်၊ လောက်လုံကျေးရွာ၊ ဟားခါးမြို့နယ်) ။ ။ (ချင်းဘာသာပြော) (12:28 – 13:05)

ဒေါ်နှီာရ်ဇိန်း (အသင်းသူ၊ လောက်လုံကျေးရွာ၊ ဟားခါးမြို့နယ်)။ ။ ဒီချေးငွေလုပ်ငန်းသာမရှိဘူးဆိုရင် ကျွန်မတို့က နွားလေးတစ်ကောင်မှ ရနိုင်မှာ မဟုတ်ဘူး။ ရှိနိုင်မှာ မဟုတ်ဘူး။ ဒီချေးငွေလုပ်ငန်းလေး ရှိလို့ ကျွန်မတို့ မိသားစု အတွက် အများကြီးကို အထောက်အကူပြုတယ်။ ဒီချေးငွေသာမရှိရင် အမျိုးသား လုပ်တာလေးကိုစားပြီး၊ ဘာမှ အိမ် မွေးတိရိစ္ဆာန်လည်း ရှိနိုင်မှာ မဟုတ်ဘူးလေ။ အခုဆိုရင် နွား ၈ ကောင် ၉ ကောင်လောက်တော့ ရှိနေပြီ။ အဲ့ဒါ ကျွန်မ တို့ မိသားစုအတွက်တော့ အကျိုးအများကြီး ရှိတယ်။ တစ်ခြားလူတွေအတွက် အများကြီး အကျိုးရှိမယ်လို့ ထင်ပါ တယ်။ (13:06 – 13:41)

ဦးထန်ဟဲလ် (လယ်သမား၊ ချွန်ကျူံးကျေးရွာ)။ ။ ဟုတ်တယ်။ အများကြီးရှိတယ်။ CORAD အဖွဲ့တွေက နည်းပညာအမျိုးမျိုး လာပေးလို့ ကျွန်တော်တို့အတွက်ပဲဖြစ်ဖြစ် တစ်ခြားတောင်သူတွေအတွက်ပဲ ဖြစ်ဖြစ် အများကြီး အကျိုးသက်ရောက်မှု ရပါတယ်။ (13:41 – 13:59)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်မှာ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဂရတ်မြန်မာရဲ့ ချင်းအသေးစား ချေးငွေလုပ်ငန်းက ကူညီဆောင်ရွက်ပေးနေသလို ပြည်နယ်အစိုးရမှလဲ မြစိမ်းရောင် စီမံကိန်းနဲ့ သမဝါယမ ချေးငွေလုပ်ငန်းတွေမှာ ရရှိလာတဲ့ ဘာဂျက်ပေါ်မူတည်ပြီးဆောင်ရွက်မှုတွေ ရှိနေပါတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာ လည်းရွှေ့ပြောင်းတောင်ယာစနစ်ကို လျော့ချနိုင်ဖို့အတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေက အသိပညာပေး ဆောင်ရွက်မှုတွေက ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။ (14:00 – 14:32)

ဦးမာန်ဟင်းဒါးလ် (ဝန်ကြီး၊ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့)။ ။ ကျွန်တော်တို့ ချင်းပြည်နယ်က အဆင်းရဲဆုံးပြီး နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းဘဲ ကျွန်တော်တို့ ဘာလို့ ဆင်းရဲသလဲ။ အဓိက လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမြေ မရှိတာရယ်၊ နောက်ပြီးတော့ နည်းပညာမရှိတာရယ်၊ ရင်းနှီးမြုပ်နှံမှု မရှိတာရယ်ဆိုတော့ အဲဒါတွေကို ချက်ချင်းတော့ ပြောင်းလဲလို့မရပါဘူး။ တဖြည်းဖြည်းနဲ့ အောင်မြင် အောင်လုပ်သွားမယ် စီမံကိန်းရေးဆွဲ ပြီးတော့ နိုင်ငံတော်၊ နိုင်ငံတကာ အဖွဲ့အစည်းကရော တော်တော်များများ ပံ့ပိုးမှ ၄၊ ၅ နှစ်အတွင်းမှာ အခြေခံလေးတော့ ရမယ်လို့ ယူဆတယ်။ (14:33 – 15:15)

အောင်ကျော်မိုး။ ။ ချင်းပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မှာ ဧကပေါင်း (၅၆၀) ကို အစိုးရ ဘတ်ဂျက်ကို အသုံးပြုပြီး စတင်ဆောင်ရွက်နေပါတယ်။ လက်ရှိစိုက်ပျိုးရေးကဏ္ဍမှာ ချင်းပြည်နယ် ဒေသ တစ်ခုလုံး အတွက် စားနပ်ရိက္ခာ ဖူလုံမှု မရရှိသေးတာကြောင့် အခုလို စပါးစိုက်ပျိုးနိုင်တဲ့ ကုန်းမြင့်လယ်ယာစနစ်ကို တိုးချဲ့ ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။ (15:16 – 15:38)

ဦးမာန်ဟင်းဒါးလ်။ ။ လယ်ယာနဲ့ပတ်သက်ပြီးတော့ ချင်းပြည်နယ်မှာ စိုက်ပျိုးနိုင်တဲ့ မြေပြန့်ဧရိယာ တော်တော်နည်းပါ တယ်။ စစ်ကိုင်းတိုင်းနဲ့စပ်နေတဲ့ နေရာတွေ၊ မကွေးတိုင်းနဲ့ စပ်နေတဲ့ နေရာတွေမှာ အထူးသဖြင့် အဲဒီမှာ နေရာတော့ ရှားပါးတယ်၊ စိုက်ပျိုးနိုင်တဲ့ နေရာရှားပါးလို့ အဓိက အဲဒါကို လုပ်ပါတယ်။ နောက်ပြီးတော့ တောင်ပေါ်၊ ကုန်းမြင့်ပိုင်း မှာလည်း စိုက်ပျိုးနိုင်ဖို့ ကုန်းမြင့်လယ်ယာ ဖေါ်ထုတ်ခြင်း၊ နောက်တစ်ခုက လှေကားထစ်စိုက်ပျိုးရေးကို ဘတ်ဂျက်ရသ မျှနဲ့ အကျိုးရှိအောင် လုပ်နေပါတယ်။ (15:39 – 16:29)

အောင်ကျော်မိုး။ ။ ချင်းဓလေ့ထုံးတမ်းအရ ရွေ့ပြောင်းတောင်ယာစနစ်ကို အချိန်တိုအတွင်းပပျောက်အောင် ဆောင်ရွက်ဖို့ကတော့ ခက်ခဲမှုတွေရှိနေဆဲ ဖြစ်ပါတယ်။ (16:30 – 16:38)

ဦးမာန်ဟင်းဒါးလ်။ ။ ဒီရွေ့ပြောင်းတောင်ယာကို အစားထိုးနိုင်တဲ့နည်းက ဥပမာဆိုရင် လက်ဖက်တွေ ဘာတွေရှိတယ်။ လက်ဖက်ကတော့ နေရာတိုင်းတော့ မဖြစ်ဘူး။ ဖြစ်တဲ့နေရာ ရှိတယ်။ အဲ့ဒီနေရာမှာ တစ်ချို့ရွာတွေ လက်ဖက်စိုက်ပြီး တော့ တအိမ်ကို ဧက (၁၀) လောက် ရှိလျှင် တောင်ယာစိုက်ပျိုးစရာ မလိုတော့ပဲနဲ့ ဒါနဲ့ တစ်နှစ်ပတ်လုံး နေနိုင်တဲ့ အနေအထား ဖြစ်တော့ ဒါမျိုးကိုလည်း သင့်တော်တဲ့နေရာမှာ ချဲ့ပြီးတော့ လုပ်သွားမယ်။ အဲဒီလိုနည်းနဲ့ ရွေ့ပြောင်း တောင်ယာစနစ်ကို တဖြည်းဖြည်းနဲ့ လျော့သွားမှ ရနိုင်မယ့် အနေအထားရှိပါတယ်။ (16:39 – 17:15)

အောင်ကျော်မိုး။ ။ အခြား ပြည်နယ်တွေထက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ မှာတော့ ခက်ခဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စိုက်ပျိုးမြေ နည်းပါးခြင်း၊ နည်းပညာပိုင်းအရ သုတေသနလုပ်ငန်းတွေမှာ အားနည်းချက်ရှိနေခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ နည်းပါးခြင်းတွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်နယ် အစိုးရအနေနဲ့ ရရှိလာတဲ့ ဘတ်ဂျက် ပေါ်မူတည်ပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပါတယ်။ အခုဆိုရင် စိုက်ပျိုးရေး ၊ မွေးမြူရေး ကဏ္ဍတွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ထောက်ပ့ံ့ကူညီမှုတွေ ဝင်ရောက်လာ တာကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အရင်ကထက် ကောင်းမွန်လာမှာ ဖြစ်ပါတယ် ခင်ဗျာ။ (17:16 – 18:04)


Download
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်