ကျွန်တော် တရုတ်နိုင်ငံအပေါ် လေ့လာသုံးသပ်ကြည့်မိရာမှာ သူတို့တွေဟာ စီးပွားရေးလုပ်ငန်း ကုန်ဆည်ကွင်းဆက် supply chains တွေကို အတော်ဂရုစိုက်ပါတယ်။ ကုန်စည်ကွင်းဆက်မှာ တစ်နေရာရာက ပြတ်တောက်နေရင် အဲဒီကွင်းဆက်တစ်ခုလုံး အထိနာတယ်။ ထင်သလောက် မတိုးတက်နိုင်ဘူး။ ဒါကြောင့် industry တစ်ခုကို ဖွံ့ဖြိုးတိုးအောင် လုပ်ဆောင်ရာမှာ အဲဒီကဏ္ဍတစ်ခုလုံး ပါဝင်တဲ့ ကုန်ဆည်ကုန်စည်ကွင်းဆက်တလျှောက်လုံး ပြည့်စုံအောင် သေသေချာချာ ဖြည့်ဆည်းတာကို တွေ့ရတယ်။
နွားနို့သောက်မယ့်သူ ဘယ်နှစ်ယောက်က နို့ဘယ်လောက် သောက်သုံးမှာမို့ နို့စက်ရုံ ဘယ်နှစ်ရုံ၊ နို့ဆိုင် ဘယ်နှစ်ဆိုင် လိုအပ်ပြီး၊ နွားဘယ်နှစ်ကောင် မွေးရမယ်ဆိုတဲ့ တွက်ချက်မှု မပါဘဲ နို့စားနွားကောင်ရေ ဘယ်လောက်တိုးအောင်လုပ်မယ်ဆိုတာမျိုး တရုတ်တွေ မလုပ်ဘူး။ ဒါဟာ ကျွန်တော်တို့ သတိပြုပြီး အတုယူစရာပါပဲ။
တရုတ်ပြည်မှာ ကျွန်တော်လေ့လာခွင့်ရခဲ့တဲ့ Qinbao (King Bull) လုပ်ငန်းစုဟာ အရည်အငွေးမြင့်တဲ့ အမဲသားတွေ ထုတ်လုပ်ဖို့ ကုန်စည်ကွင်းဆက်ရဲ့ မတူညီတဲ့အဆင့်(ကွင်းဆက်) တွေကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ၅ ခု ကို ပေါင်းစည်းထားတာဖြစ်ပါတယ်။
မျိုးစစ်မွေးတဲ့ ကုမ္ပဏီ၊ ကပြားမျိုး ထုတ်ပေးမယ့် ကုမ္ပဏီ၊ အသားတိုးမွေးပေးမယ့် ကုမ္ပဏီ၊ သားသတ်ရုံလုပ်ငန်း လုပ်ပေးမယ့်ကုမ္ပဏီနဲ့ final product ကုန်ချောကို စားသုံးသူထံ ရောင်းချပေးမယ့် ကုမ္ပဏီတွေဆိုပြီး စုစည်းထားတာ ဖြစ်ပါတယ်။ နွားစာကုန်ကြမ်းစိုက်တဲ့ အဆင့်ကနေ Qinbao အမဲသားသီးသန့် ဟော့ပေါ့ဆိုင်ပေါငိး ၁၀၀ ကျော်ကို ဖွင့်လှစ်တဲ့အထိ ကုန်စည်ကွင်းဆက်တစ်ုလုံးကို ချိတ်ဆက်မှု (integration) လုပ်ထားပါတယ်။
တစ်ဖက်မှာတော့ စီးပွားရေးကဏ္ဍတစ်ရပ်ကို အားကောင်းမောင်းသန်နဲ့ ပြန်လည်မွေးဖွားလာစေဖို့ ကြိုးပမ်းရာမှာ တီထွင်ဆန်းသစ်မှု(innovation) ဟာ အရေးကြီးတယ် ဆိုတာကို တရုတ်တွေ ကောင်းကောင်းသိပါတယ်။ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုတွေဟာ တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး သုတေသနနဲ့ တီထွင်ဆန်းသစ်မှုကို ပူးပေါင်း လုပ်ဆောင်နေပါတယ်။
ဥပမာအားဖြင့် Qinbao လုပ်ငန်းစုဟာ Northwest A&F University နဲ့ ပူးပေါင်းပြီး သုတေသနတွေ တွဲဖက်လုပ်ဆောင်နေပါတယ်။ သုတေသနတွေ့ရှိချက်တွေကို စီးပွားရေးမှာ တိုက်ရိုက်(ချက်ချင်း) အသုံးချနိုင်သလို စီးပွားဖြစ်ထုတ်လုပ်ရေးကနေ ဘာတွေ သုတေသနထပ်လုပ်ဖို့ လိုမယ်၊ တီထွင်ဖို့လိုမယ်ဆိုတဲ့ သုတေသနမေးခွန်းတွေနဲ့ သုတေသနရန်ပုံငွေတွေကို တက္ကသိုလ်အတွက် ရှာဖွေပေးပါတယ်။
တက္ကသိုလ်က သုတေသနတွေကို ဆောင်ရွက်ရာမှာလည်း ကုန်စည်ကွင်းဆက်တလျှောက် အဆင့်တိုင်းအတွက် သုတေသနတွေကို ဟန်ချက်ညီညီ ဆောင်ရွက်ရပါတယ်။ ဥပမာ Northwest A&F University မှာ အသားစားနွားမွေးမြူရေး ဖွံ့ဖြိုးမှုအတွက် သုတေသနစင်တာ တစ်ခုကို ဖွဲ့စည်းထားပြီး ဘာသာရပ်အလိုက် ဓာတ်ခွဲခန်းတွေ တည်ထောင်ထားပါတယ်။
- ပထမ ဥပမာတစ်ခုက မော်လီကျူလာ ဓာတ်ခွဲခန်း ဖြစ်ပါတယ်။ အသားစားနွားအတွက် ကြီးထွားနှုန်းနဲ့ အသားအရည်အသွေးကို အဆုံးအဖြတ်ပေးမယ့် မျိုးဗီဇတွေကို ရှာဖွေဖော်ထုတ်ပေးတဲ့ ဓာတ်ခွဲခန်းပါ။ အဲဒီဓာတ်ခွဲခန်းဟာ မျိုးခြံတွေနဲ့ တွဲဖက်ဆောင်ရွက်ပါတယ်။
- ဒုတိယတစ်ခုကတော့ အာဟာရဗေဒ ဓာတ်ခွဲခန်းပါ။ အသားစားနွားတွေရဲ့ ထုတ်လုပ်မှုနဲ့ အရည်အသွေးကောင်မွန်ဖို့ လိုအပ်တဲ့ အစာအာဟာရတွေ ဘယ်လိုထုတ်လုပ်မလဲ ဆိုတာအပြင်၊ ပရိုဘိုင်အိုတစ်လို ဖြည့်စွက်ဆေးဝါးတွေ ထုတ်လုပ်ဖို့ပါ သုတေသန ပြုပေးပါတယ်။
- တတိယတစ်ခုကတော့ အသားအရည်အသွေး စစ်ဆေးတဲ့ ဓာတ်ခွဲခန်းပါ။ သုတေသန ရလဒ်တွေအရ မျိုးဗီဇမြှင်တင်ပြီး၊ အကောင်းဆုံး အစာအာဟာရ တွေ ကျွေးမွေးထားတဲ့ နွားတွေက ထုတ်လုပ်တဲ့ အသားအရည်အသွေးကို ဆန်းစစ်လေ့လာဖို့ ဓာတ်ခွဲခန်းပါ။
အဲဒီလို ကုန်ဆည်ကွင်းဆက်တလျှောက်က အဆင့်တိုင်းအတွက် တီထွင်ဆန်းသစ်မှုနဲ့ သုတေသန လုပ်ငန်းတွေကို အဆင့်လိုက် ဖြည့်ဆည်းထားတာဟာ အားကျအတုယူစရာပါပဲ။ သုတေသနမှာလည်း ကုန်စည်ကွင်းဆက် ရှိတယ် လို့ ပြောရင် ရမယ်ထင်ပါတယ်။ Qinbao အမဲသားထုတ်လုပ်ရေး လုပ်ငန်းစုကြီးဟာ အဲဒီဘသုတေသနစင်တာ ဓာတ်ခွဲခန်းတွေနဲ့ အဆင့်တိုင်းမှာ ချိတ်ဆက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Qinbao ရဲ့ ဖြစ်စဉ်ကနေ နိုင်ငံရေးဘောဂဗေဒ(နိုင်ငံ့စီးပွားရေး)ဆီ ဆက်စူးစမ်းကြည့်ရအောင်ပါ။
တကယ်တော့ ကုန်စည်ကွင်းဆက်၊ တန်ဖိုးကွင်းဆက်စတာတွေဟာ အရင်းရှင်ကမ္ဘာရဲ့ ဈေးကွက်စီးပွားရေးသဘောတရားတွေပါပဲ။ ဒါပေမယ့် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေတဲ့ တရုတ်နိုင်ငံက အဲဒီအရင်းရှင်ကမ္ဘာရဲ့နည်းလမ်းကို သူတို့ရဲ့ ဆိုရှယ်လစ် စီးပွားရေးမှာ ယူသုံးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီကြီးတွေနဲ့ ကုန်စည်ကွင်းဆက်တလျှောက်လုံး ချုပ်ကိုင်လည်ပတ်နေတဲ့ တရုတ်ရဲ့ စီးပွားရေးပုံစံဟာ အရင်းရှင်စီးပွားရေးပုံစံမို့ တရုတ်ဟာ ဆိုရှယ်လစ် အမည်ခံထားတဲ့ အရင်းရှင် နိုင်ငံလားလို့ မေးစရာ ရှိလာပါတယ်။ ဆိုရှယ်လစ် နိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ဦးဆောင်လည်ပတ် ချုပ်ကိုင်ထားပြီး၊ အရင်းရှင်နိုင်ငံတွေမှာ စီးပွားရေးဟာ ဈေးကွက်လို့ တံဆိပ်ကပ်ထားတဲ့ ပုဂ္ဂလိကအရင်းရှင်တွေက ကုန်စည်ကွင်းဆက်တွေကို ထိန်းချုပ်ပြီး လည်ပတ်ကြတယ် မဟုတ်လား။
တချိန်က တရုတ်ပြည်မှာ တိန့်ရှောင်ဖိန် ရဲ့ တံခါးဖွင့်စီးပွားရေး အရှိန်ရလာချိန် လက်ဝဲနိုင်ငံရေးသမားတွေက တရုတ်ပြည်ဟာ အရင်းရှင်လမ်းကြောင်းပေါ် ရောက်သွားပြီဆိုပြီး စိတ်ပျက်ခဲ့ကြဖူးပါတယ်။
ဒါပေမယ့် တိန့်ရှောင်ဖိန်ပြောခဲ့တာကို လူတွေ ပေါ့ပေါ့ပဲ တွေးခဲ့ကြလို့ပါ။ သူက ဈေးကွက်စီးပွားရေးဟာ အရင်းရှင်စနစ်ကသာ အသုံးချနိုင်တာ မဟုတ်ဘူး။ ဆိုရှယ်လစ်စနစ်မှာလည်း ဈေးကွက်စီးပွားရေးရို အသုံးချနိုင်တယ်လို့ ယူဆခဲ့တာပါ။
Qinbao အမဲသား ထုတ်လုပ်ရေးကို ကြည့်ရင် ဒီအချက်ကို အလွယ်တကူ မြင်နိုင်ပါတယ်။ Qinbao အုပ်စုဝင် ကုမ္ပဏီတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေလို လွတ်လွတ်လပ်လပ် ရှင်သန်ရပ်တည်ပါတယ်။ စီမံခန့်ခွဲပါတယ်။ ပြိုင်ဆိုင်ပါတယ်။ ကြိုးစားပါတယ်။ ဈေးကွက်ကို ထိုးဖောက်ပါတယ်။ ဈေးကွက်ကို တုံ့ပြန်ပါတယ်။ အကျိုးရလဒ်ကို ခံစားပါတယ်။ ဒါကြောင့် အရင်းရှင် ကုမ္ပဏီကြီးတွေ (capitalists) တွေလို့ မြင်ကြည့်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီကုမ္ပဏီတွေဟာ နိုင်ငံပိုင်ကုမ္ပဏီ (state owned companies) တွေ ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးအောင် ကြိုးစားပြီး ကုန်စည်ကွင်းဆက် တလျှောက်လုံးကိုအပြည့်ထိန်းချုပ်လာမယ်၊ ဈေးကွက်ကို ချုပ်ကိုင်လာမယ်ဆိုရင်တောင် အဲဒါဟာ ပုဂ္ဂလိက တစ်ဦး၊ တစ်ဖွဲ့က ချုပ်ကိုင်တာ အမြတ်ထုတ်တာ မဟုတ်ဘဲ ပြည်သူရဲ့ အကျိုးစီးပွားအဖြစ် ဆက်လက်ဖွံ့ဖြိုးနေတာ ဖြစ်ပါတယ်။ ဒါဟာ ဆိုရှယ်လစ် စီးပွားရေး (socialist economy) ပါပဲ။
ဒါကြောင့်လည်း တရုတ်ပြည်ကို Socialist capitalism ဆိုတဲ့စကားနဲ့ ဝိဂြိုဟ်ပြုကြတာ ဖြစ်လိမ့်မယ်လို့ တွေးစရာပါ။ တိန့်စကားနဲ့ ဆိုရင်တော့ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ ဈေးကွက်စီးပွားရေးကို အသုံးချခြင်းပါပဲ။ ကြွယ်ဝမှုက ဘယ်သူ့လက်ထဲမှာထားမလဲဆိုတဲ့ ရည်မှန်းချက်အတွက် ဆိုရှယ်လစ်ဖြစ်ပြီး ကြွယ်ဝမှုကို ဘယ်လို တည်ဆောက်မလဲ၊ တိုးပွားအောင်လုပ်မလဲဆိုတဲ့ အပိုင်းမှာ အရင်းရှင်စနစ်ရဲ့ ဈေးကွက်စီးပွားရေးကို နည်းနာနိဿရအဖြစ် အသုံးချနေတာလို့ မြင်ကြည့်ရင်လည်း ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ဟာ သူ့နည်းသူ့ဟန်နဲ့ ယခင်ကထက် ပိုပြီး ချမ်းသာကြွယ်ဝလာနေပြီး အဲဒီကြွယ်ဝမှုကို ဖော်ဆောင်တဲ့ လမ်းကြောင်းတလျှောက် တည်ငြိမ်မှု ကို အံ့မခန်းဖော်ဆောင်နိုင်ခဲ့တာကတော့ ငြင်းလို့မရတဲ့ အချက် ဖြစ်ပါတယ်။
Qinbao အသားစားနွားထုတ်လုပ်ရေးကနေ မွေးမြူရေးအတွက် အချက်အလက်တွေသာမက နိုင်ငံရေးနဲ့ ဘောဂဗေဒ အမြင်အချို့ပါ ထုတ်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။