ခုချိန်မှာ ဂရုစိုက်စရာ ကာလဝမ်းရောဂါ

25/09/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ရာသီဥတုဖောက်ပြန်မှုတွေထဲက တစ်ခုဖြစ်တဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပြီးတော့ နောက်ဆက်တွဲ ကပ်ရောဂါတွေ အမျိုးမျိုးဖြစ်လာတတ်ပါတယ်။ ဒီထဲကမှ ကာလဝမ်းရောဂါကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

 Vibrio cholerae ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ ကာလဝမ်းရောဂါ ကူးစက်ခံရတယ်ဆိုရင် ခန္ဓာကိုယ်မှာ ဓာတ်ဆားနဲ့ ရေဓာတ်ဆုံးရှုံးမှုကို ခံစားရတတ်ပါတယ်။ မကုသနိုင်ရင် အရမ်းကို ဆိုးရွားတတ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

 ရေကြီး ရေလျှံလာတဲ့ အချိန်မှာ ရေလွတ်ရာကို ရှောင်တိမ်းရတာကြောင့် လူဦးရေများများနဲ့ အတူတကွနေထိုင်ရတဲ့အချိန်မျိုး၊ အစားအစာကလည်း ရွေးချယ်လို့မရတာမျိုး၊ သန့်ရှင်းရေးကို အလေးမထားနိုင်တာကြောင့်သော်လည်းကောင်း ကူးစက်မှုများလာတာပါ။

ယင်ကောင်ပေါက်ဖွားမှုတွေကလည်း ရေထဲက အညစ်အကြေးတွေကြောင့်မို့ ဒီလိုအချိန်မှာပိုများလာတတ်ပါတယ်။ ဒီလိုပေါက်ဖွားမှုများလာတဲ့ အတွက်ကြောင့်မို့ ဘက်တီးရီးယားသယ်ဆောင်မှုကလည်း နေရာတိုင်းကို ရောက်ရှိ ကူးစက်နိုင်ပါတယ်။ 

ရောဂါပိုး (ဘက်တီးရီးယား) ပါဝင်နေတဲ့ ရေကို သောက်သုံးမိတာကြောင့်လည်း ကာလဝမ်းရောဂါ ကူးစက်နိုင်ပါတယ်။ ရေကြီးမှုကြောင့် သောက်သုံးရေအဖြစ်ထားကြတဲ့ ရေအရင်းအမြစ်တွေက မသန့်ရှင်းတော့တာမျိုးဖြစ်ပြီးတော့ ရေထဲမှာလည်း ဘက်တီးရီးယားတွေ ဝင်ရောက်နေတတ်လို့ သောက်ရေ၊ သုံးရေအဖြစ်ဆိုရင် ရေကို ကျိုချက်ပြီးမှ သုံးတာကောင်းပါတယ်။ 

ကာလဝမ်းရောဂါ ကူးစက်ခံရရင် ဝမ်းပျက်တာ၊ အန်တာ၊ ဆိုးလာရင် ဆန်ဆေးရည် အရောင် ဝမ်းသွားတာ၊ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ 

ကူးစက်ခံရတဲ့ လက္ခဏာတွေ သေချာရင် နီးစပ်ရာကျန်းမာရေးကုသပေးတဲ့ ဆေးရုံ ဆေးခန်းကို ပို့ပေးနိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုလုပ်ပေးတာက ပိုကောင်းမွန်နိုင်ပါတယ်။ တူတူနေသူတွေကိုလည်း သတိပေးပြီးသားဖြစ်သလို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ အားပေး ဆရာလေးတွေကို သတိပေးပြီးသားဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ နေရာခွဲထားတာမျိုး၊ အကုန်လုံးကို စစ်ဆေးပေးတာမျိုး၊ ရေမှာ ကလိုရင်းခတ်ပေးတာလိုမျိုး စတဲ့ လိုအပ်တဲ့ ကုသမှုနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးလို့ရနိုင်တာမို့ပါ။ ဒီလိုလုပ်ပေးတာက အခြားသော ကူးစက်မှုတွေကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ 

လုပ်သင့်တဲ့အချက် 

  • ဓာတ်ဆားရည်ကိုသေချာတိုက်ဖို့ သေချာသောက်ဖို့ လိုပါတယ်။ အငန်ဓာတ်ဆားရည်က အကောင်းဆုံးဖြစ်ပါတယ်။ အလွယ်ကတော့ BPI ထုတ် ဓာတ်ဆားလို့ ခေါ်ကြပါတယ်။ 
  • အကယ်၍ ဓာတ်ဆားရည် အလွယ်တကူ မရနိုင်ဘူးဆိုရင် ဆား၊ သကြားနဲ့ ရေ (ရေကျက်အေး (သို့) ရေသန့်)တို့ကို သုံးပြီးတော့ ကိုယ်တိုင်လုပ်လို့ရပါတယ်။ အချိုးကတော့ ရေတစ်လီတာ (ရေသန့်ဘူး တစ်ဘူးထဲကို သကြားညို ဒါမှမဟုတ် သကြားအဖြူ လက်ဖက်ရည်ဇွန်း (၆)ဇွန်း နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး သေချာပျော်ဝင်အောင်မွှေပြီးတော့ ဓာတ်ဆားအတိုင်းသောက်နိုင်ပါတယ်။ သကြားတို့ ဆားတို့ကို ယခုအချိုးအဆ အတိုင်းပဲထည့်ပါခင်ဗျာ။ တိုးတာ လျော့တာတွေ လုပ်လို့မရပါဘူး။ ဓာတ်ဆားကို ခန္ဓာကိုယ်က ဆုံးရှုံးတဲ့ ပမာဏအတိုင်း များများဆုံးရှုံးရင် များများ သောက်ပေးဖို့ လိုအပ်ပါတယ်။ 

ကလေးနဲ့ သက်ကြီးရွယ်အိုတွေ သတိထားသင့်ပါတယ်။ သူတို့က ခံနိုင်ရည် အား နည်းနေတတ်လို့ပါ၊

မလုပ်သင့်တဲ့ အချက်

ဝမ်းပိတ်ဆေးသောက်တာ၊ အန်လို့ အန်ပျောက်ဆေး သောက်တာမျိုး ကာလဝမ်းရောဂါမှာ မလုပ်သင့်ပါဘူး။ 

မဖြစ်ပွားအောင် ဘယ်လို ကာကွယ်ထားနိုင်တဲ့အချက်များ

  • လက်ကိုသေချာစွာ ဆေးကြောဖို့ သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။ လက်ဆေးကြာချိန်က စက္ကန့် ၂၀ လောက် အနည်းဆုံးကြာအောင် ဆပ်ပြာနဲ့ ဆေးဖို့လိုအပ်ပါမယ်။ လက်ဆေးတဲ့နေရာမှာ “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ညိုး လက်မ မကျန်စေရ၊ ကုတ်ပါ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့အတိုင်း သေချာဆေးပေးရပါမယ်။ 
  • လက်ဆေးရမဲ့အချိန်အခါတွေကိုလည်း သိဖို့လိုအပ်ပါမယ်ခင်ဗျာ။ (နှာချေတုန်းမှာ လက်ကိုသုံးမိရင် လက်ကိုပြန်ဆေးဖို့ လိုပါမယ်။ အစားအစာ မပြင်ဆင်ခင်နဲ့ ချက်ပြုတ်ပြီးတိုင်း၊ အစားအစာမစားခင်နဲ့ စားပြီးတဲ့အချိန်တိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ ကလေး အညစ်အကြေးသန့်စင်ပေးပြီးတိုင်း၊ အမှိုက်နဲ့ အညစ်အကြေးတွေကို ကိုင်တွယ်ပြီးတိုင်း မှာ လက်ဆေးဖို့ လိုအပ်ပါမယ်။)
  • ရေကို ကျိုချက်ပြီးတော့ သောက်သုံးဖို့ လိုပါမယ်။ အနည်းဆုံး (၃)မိနစ်ကနေ (၅)မိနစ်လောက် ပွက်ပွက်ဆူအောင် ကျိုချက်ထားတဲ့ ရေ ကိုသာ အသုံးပြုပါခင်ဗျာ။ 
  • ယင်နာစာတွေ မစားဖို့နဲ့ ယင်မနားအောင် ဖုံးအုပ်ထားဖို့လည်း ဂရုပြုရပါမယ်။
  • တတ်နိုင်သလောက် အစားအစာကို သန့်သန့်ရှင်းရှင်း ပူပူနွေးနွေးလေး စားဖို့ လိုအပ်ပါတယ်။
  • လတ်တလော လက်လုပ်ချဉ်နဲ့ အချဉ်ရည်တွေကို စားသုံးတာ ရှောင်ရှားထားဖို့ လိုပါမယ်။
  •  ကလိုရင်းခတ်ဆေး ရနိုင်ရင် ကလိုရင်းခတ်ဆေးကို ညွှန်ကြားတဲ့ပမာဏအတိုင်း သောက်သုံးရေတွေမှာ အသုံးပြုနိုင်ပါတယ်။ 
  • တုံကင်တွင်း၊ ရေတွင်း၊ လက်ယက်တွင်း စတဲ့ ရေအရင်းအမြစ်တွေကို ကလိုရင်းခတ် ပိုးသတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနဖြစ်ဖြစ်၊ NGO၊ INGO တွေနဲ့ဖြစ်ဖြစ် ဆက်သွယ် ဆောင်ရွက်လို့ ရနိုင်ပါတယ်။ 

အားလုံးပဲ ဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ.....

References

https://www.facebook.com/share/v/rAnztMSHQJsz7Erw/ 

https://burmese.voanews.com/a/2916087.html 

https://hellosayarwon.com/health/general-health-knowledge/how-to-make-electrolyte-water-with-salt-and-sugar/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်