တစ်ပိုင်တစ်နိုင်ရေသန့်စင်နည်း

01/04/2025 10:00 AM တွင် Thu Ra Nyi Nyi Thu Ra Nyi Nyi မှ ရေးသား

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။​ 

ဒီအခက်အခဲကနေ အထိုက်အလျောက် ပြေလည်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကို ကျနော့်ကိုယ်တွေ့လေးမို့ မျှဝေပေးလိုပါတယ်။

၂၀၂၂ ခုနှစ် ကျနော် လူငယ်လယ်သမား အစီအစဉ်သင်တန်းကျောင်းမှာ တက်ရောက်စဉ် သင်ကြားအသုံးချခဲ့ရတဲ့ ရေသန့်စင်ပုံလေးပါ။​ ကျောင်းမှာရှိတဲ့ ရေတွင်းတွေက ချောင်းနားဘေးကပ်နေပြီး သန့်စင်မှု နိမ့်ကျတာကြောင့် ကျနော်တို့ကိုယ်တိုင် ဒီနည်းအတိုင်း သန့်စင်ပြီး သောက်ခဲ့ပါတယ်။​

ကျနော်တို့လုပ်ခဲ့တုန်းကတော့ ပုံးနှစ်ပုံးကို သုံးပြီး မီးသွေး၊ ကျောက်ခဲစ၊ ကျောက်စရစ်၊ သဲ၊ ပိတ်စနဲ့ PVC ပိုက်တွေကို သုံးပြီးလုပ်ခဲ့တာပါ။​

ကျနော်တို့ လုပ်ခဲ့တဲ့ ပုံစံအတိုင်းကို လုပ်ဖို့က ပစ္စည်းလိုအပ်ချက်များပြီး လုပ်ရတာ နည်းနည်း လက်ဝင်တာမို့လို့ ကျနော်တို့ လုပ်ခဲ့တဲ့ နည်းလမ်းရယ် ပိုပြီး လွယ်လွယ်ကူကူ လုပ်လို့ရမဲ့ နည်းလမ်းရယ် နှစ်မျိုး ဖော်ပြပေးလိုက်ပါတယ်။​

ပထမနည်း (ရေပမာဏ များများသန့်စင်နိုင်) လိုအပ်သော ပစ္စည်းများ 

  • ကော်ရေပုံးကြီးကြီး (၄၀ လီတာဝင်နှင့်အထက်)
  • PVC ပိုက်နှင့် ပိုက်ဆက်ခေါင်းများ
  • ကျောက်ခဲစ ( ကြက်ဥအရွယ်ခန့်)
  • ကျောက်စရစ်ခဲ (လောက်စာလုံးအရွယ်ခန့်)
  • သဲနု၊ သဲကြမ်း
  • ပိတ်စ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဆုံးအနေနဲ့ ပုံးရဲ့ အောက်ခြေကို  အပေါက်ဖောက်လိုက်ပါ။ ပြီးရင် PVC ပိုက်မှာ လက်ညှိုးလောက်ရှိတဲ့ အပေါက်တွေ ဖောက်ပြီး အပေါက်မှတဆင့် ပုံးထဲ ထည့်လိုက်ပါ။ ရေစိမ့်မထွက်အောင် ပိုက်ဆက်များခံ၍ အပေါက်မှတဆင့် ရေပိုက်ခေါင်းကို ထုတ်ပါ။ 

၂။ ပထမဆုံးအလွှာမှာ ကျောက်အပိုင်းအစလေးတွေကို ဆေးကြောပြီးပြီးထည့်ပါ။​ ​ ဒုတိယအလွှာမှာ ကျောက်စရစ်ခဲများထည့်ပါ။ ထို့နောက် ပိတ်စ ခံ ပါ။ သဲကြမ်းများထည့်ပါ။​ ပိတ်စထပ်ခံပါ။ မီးသွေးခဲများကို ထုခြေ၍ ထည့်ပါ။ အပိုင်းအစလေးများ ဖြစ်သွားလျှင် အဆင်ပြေပါပြီ။ အမှုန့်ဖြစ်ရန် မလိုပါ။ ပိတ်စခံပါ။ သဲနုများထည့်ပါ။ ပိတ်စခံပါ။ အပေါ်ဆုံး အလွှာတွင် ကျောက်စများ ပြန်ထည့်တဲ့ နည်းအတိုင်းပြုလုပ်ပြီး စစ်လိုသော ရေထည့်ရန် အပေါ်ဆုံးအလွှာထက်တွင် အနည်းဆုံး ၆လက်မခန့် နေရာကျန်ပါစေ။​ အလွှာ တလွှာချင်းစီကို ၃-၄ လက်မ ဝန်းကျင်ခန့် ထည့်ပေးပါ။ ပိတ်စမရှိလျှင် ရေစိမ့်နိုင်တဲ့ အဝတ်သန့်သန့် သုံးပေးလို့ ရပါတယ်။​ 

ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနဲ့ အထက် စောင့်ရန် လိုပါတယ်။​ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။​

ဒုတိယနည်း (လိုအပ်သော ပစ္စည်းများ)

  • ၂၀ လီတာဆန့် ရေသန့်ဘူးအကြီး 
  • ကျောက်စရစ်ခဲ
  • ကျောက်စများ (လက်မအရွယ်ခန့်)
  • သဲနု
  • မီးသွေး

ပြုလုပ်ပုံအဆင့်ဆင့်

ရေသန့်ဘူး အောက်ခြေကို ပိုင်းဖြတ်လိုက်ပါ။​ အပေါ်ဖုံးကို ဖွင့်၍ ပိတ်စ သို့မဟုတ် ရေစိမ့်နိုင်သော အဝတ်သန့်သန့်နှင့် ပိတ်လိုက်ပါ။ ပထမဆုံးအလွှာတွင် ရေစိမ့်နိုင်သော အဝတ်သန့်သန့်ကို ခေါက်ထည့်ပါ။ ကျောက်စများ ထည့်ပါ။​ သဲနုထည့်ပါ။ ကျောက်စရစ်ခဲများ ထည့်ပါ။ သဲကြမ်းထည့်ပါ။  မီးသွေးများ ကြိတ်ချေ၍ ထည့်ပါ။ ကျောက်စရစ်ခဲထည့်ပါ။ တစ်လွှာလျှင် ၂ လက်မခန့် ထူပါစေ။ ရေထည့်ရန် အနည်းဆုံး ၄လက်မခန့်ချန်ထားပါ။ 

အောက်တွင် ထည့်စရာပုံးခံ၍ စစ်နိုင်ပါပြီ။​ 

ယခင်နည်းအတိုင်း ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနှင့် အထက် စောင့်ရန် လိုပါတယ်။​ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။​

အကျိုးကျေးဇူးများ 

မီးသွေးဟာ မသန့်စင်တဲ့ ရေမှာ ပါဝင်နေတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ခဲလိုမျိုး အဆိပ်သင့်စေတဲ့ သတ္တုဓာတ်တွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူပြီး ဖယ်ရှားပေးပါတယ်။​ ဒါ့အပြင် သဲ၊ ကျောက်စရစ်ခဲ စတဲ့ အရာတွေကလဲ ရေထဲမှာပါလာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးမှာမို့လို့ ကြည်လင်သန့်စင်တဲ့ ရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။​

တခုသတိပြုဖို့က ဒီနည်းလမ်းကို ရေကို အထိုက်အလျောက် သန့်စင်ပေးနိုင်တယ်ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရေထဲမှာ ပါလာတဲ့ ဘက်တီးရီးတွေ ဗိုင်းရပ်စ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် စစ်ထုတ်ပြီး ရလာတဲ့ ရေတွေကို ကျိုချက်ပြီး သောက်သုံးနိုင်ရင်တော့ ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။​ ဒီနည်းလမ်းလေးက လက်တလော သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ခက်ခဲနေတဲ့ ဒေသတွေမှာ အသုံးဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။​

အားလုံးပဲ ဒီအခက်ခဲကြီးကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါစေ ခင်ဗျာ။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်