ကော်ဖီ သို့မဟုတ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိက စီးပွားရေး

26/12/2017 21:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဒေသခံတောင်သူများအနေဖြင့် အရည်အသွေးကောင်းကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ကမ္ဘာ့စျေးကွက်ထိ ထိုးဖောက်နိုင်ရန်အတွက် နည်းပညာများကို အစိုးရနှင့် နိုင်ငံတကာ အထောက်အပံ့များကို ဘယ်လိုမျိုး ရယူနိုင်မလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားသော အကြောင်းအရာများကို ပြန်လည်ရေးသား ဖော်ပြထားသော ခြင်းဖြစ်ပါသည်။
အောင်ကျော်မိုး (သတင်းထောက်)။ ။ ရုပ်မြင်သံကြားပရိသတ်များခင်ဗျာ… သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါ်ကြွယ်ဝတဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်လျက်ရှိသလို ဒေသအလိုက် စိုက်ပျိုးသီးနှံ မျိုးစုံ ပေါများစွာထွက်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါ တယ်။ ဒီလိုရာသီရေမြေဥတုကောင်းမွန်ပြီး စိုက်ပျိုးသီးနှံတွေအောင်မြင်တဲ့ ဒေသတွေထဲမှာ အခုကျနော်တို့ တွေ့မြင်နေရတဲ့ ဒေသလည်း ပါဝင်ပါတယ်။  ရွာငံမြို့နယ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၀၀၀) ကျော်မှာ တည်ရှိပါတယ်။ ဒီဒေသ မှာတော့ လက်ဖက်၊ ကော်ဖီ၊ ထောပတ်၊ လိမ္မော်စတဲ့ နှစ်ရှည်သီးနှံပင်တွေနဲ့ တခြား စားသုံးသီးနှံမျိုးစုံလည်း စိုက်ပျိုးထွက်ရှိပြီး၊,.သ,ူသ.းူသ၅,ည ဘကရပကပ၈ေ ကာ်ဖီပင်တွေကိုတော့ အဓိကစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကော်ဖီစိုက်ပျိုးရာမှာ ဒေသခံတောင်သူတွေအနေနဲ့ မိရိုးဖလာနည်းလမ်းတွေ အသုံးပြုခဲ့တာကြောင့် အရည်သွေးပြည့်မှီပြီး စျေးကွက်ဝင်ကော်ဖီတွေ ထုတ်လုပ်နိုင်ဖို့ အရင်က အခက်အခဲတွေ ရှိခဲ့ပါတယ်။ 
 
ဦးအေးကို(တောင်သူ၊ နွားဘန်းကြီးကျေးရွာ၊ ရွာငံမြို့နယ်)။ ။ အခက်အခဲကဘာလဲဆိုတော့ ကျွန်တော်တို့ မှာ အရင်တုန်းကဒီမှာ ကော်ဖီကိုဖျာနဲ့လှန်းပြီးတော့ ဆုံတွေနဲ့ပဲ ထောင်းကြတာပေါ့နော် ထောင်းပြီး အစေ့ ထုတ်တယ်၊ အစေ့ထုတ်ပြီးမှ နောက်ကြမှ ဖြေးဖြေးရောင်းကြတာပေါ့နော် စျေးလေးနည်းနည်းစောင့်လိုက် နဲ့ပေါ့ ဟိုးအရင်ကဆိုတော့ ဝယ်တဲ့လူကလည်း နည်းနည်းတော့ ရှားပါးတာပေါ့နော်။ 
 
အောင်ကျော်မိုး။ ။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက ကူညီပေးလျက်ရှိရာမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အတွက် ပိုမိုကောင်းမွန် တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို USAID ရဲ့ အထောက်အပံ့နဲ့ Winrock International အဖွဲ့အစည်းက လာရောက်ကူညီပေးနေပါတယ်။ 
 
ဦးကိုကိုဝင်း (Winrock International)။ ။ တောင်သူငယ်တွေအတွက်ကြတော့ သူတို့က ဒီကော်ဖီကို တကယ်စတင်စိုက်ပျိုး ထုတ်လုပ်သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ စိုက်ပျိုးတဲ့ နေရာမှာ ဘယ်လိုအရည်သွေးကောင်းအောင် စိုက်ပျိုးမလဲ ဘယ်လိုအထွက်များအောင် စိုက်ပျိုးမလဲ ကော်ဖီပင်တွေရဲ့ ကျန်းမာသန်စွမ်းရေးကို ဘယ်လိုလုပ်မလဲ ဒါတွေကိုအဓိက စိုက်ပျိုးတဲ့နည်းပညာ တွေနဲ့ ပတ်သက်ပြီး အကူအညီပေးပါတယ်။ (01:47 – 02:09)
အောင်ကျော်မိုး။ ။ အရည်အသွေးပြည့်မှီပြီး စျေးကွက်ဝင် တန်ဖိုးမြှင့် ကော်ဖီများ ထုတ်လုပ်ရာမှာ နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အဓိကကျပါတယ်။ လက်ရှိ ရွာငံမြို့နယ်မှာ ကော်ဖီထွက်ရှိတဲ့ စိုက်ပျိုး ဧကပေါင်း (၇၀၀၀) ကျော်ရှိပြီး နည်းပညာပိုင်းနဲ့ပတ်သက်တဲ့ အကူအညီတွေကို NGO ၊ INGO စတဲ့ အဖွဲ့ အစည်းတွေနဲ့ချိတ်ဆက်ပြီး၊ သက်ဆိုင်ရာဌာနတွေက ထောက်ပံ့ပေးနေပါတယ်။ 
 
ဦးကျော်မျိုးသန့် (စိုက်ပျိုးရေးဦးစီးဌာန၊ရွာငံမြို့နယ်)။ ။ ကျွန်တော်တို့က လက်ရှိမှာတော့ တောင်သူ တွေကို စိုက်နည်းစနစ်မှန်ကန်အောင် ကျွန်တော်တို့ (၈) ပေ (၄) ပေ အတန်းလိုက်စိုက်တဲ့စနစ်လေးတွေ မှန်ကန်အောင် နောက်တစ်ခုက သဘာဝမြေသြဇာတွေ ပြုလုပ်သုံးစွဲအောင် နောက်ကော်ဖီသီးနှံရဲ့ အထွက် နှုန်းရော အရည်အသွေးရော ဒါတွေတိုးတက်လာအောင် သူတို့ကို ကျွန်တော်တို့က ကျေးရွာတွေမှာ ကွင်း ထဲအရောက် ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက ကော်ဖီပင်တွေကို ကိုင်းဖြတ်ပြုပြင်ခြင်း လုပ်ငန်းတွေ ဒါတွေကိုရော အကုန်လုံးကျွန်တော်တို့ စိုက်ကွင်းထဲထိ တောင်သူတွေသိရှိအောင် လက်ရှိကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
 
အောင်ကျော်မိုး။ ။ ကော်ဖီပင် စိုက်ပျိုးရာမှာ အရိပ်ကောင်းမွန်စွာရရှိဖို့ကလည်း အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွာငံတောင်သူတွေဟာ လက်ရှိကော်ဖီစိုက်ပျိုးရေး အတွက် နှစ်ရှည်သီးနှံပင် တွေဖြစ်တဲ့ သရက်၊ ပိန္နဲ၊ ဓညင်း၊ ထောပတ်စတဲ့ အပင်ကြီးတွေအောက်မှာ အများဆုံး စိုက်ပျိုးနေတာဖြစ် ပါတယ်။ ဒီလိုအရိပ်ရပင်တွေကို စိုက်ပျိုးရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ သင့်လျော်ပြီး မြေဆီလွှာကို အားကောင်းစေတဲ့ ခါတော်မီပင်ကိုသာပိုမို စိုက်ပျိုးသင့်တယ်လို့ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တွေက လမ်းညွှန်အကြံပြုထားပါတယ်။ 
 
ဦးအေးကို (တောင်သူ)။ ။ ကော်ဖီစိုက်ပျိုးမယ်ဆိုရင် ကျွန်တောတို့ကို နည်းပညာ သင်တန်းတွေက ပြောတာကတော့ ခါတော်မီပင်စိုက်မယ် အပင်ကလည်းသဘာဝကို ထိန်းသိမ်းတဲ့ အပင်မျိုးဆိုတော့ အဲ့ဒီ အပင်ရိပ်အောက်မှာ ကော်ဖီစိုက်ရင် ပိုပြီးအဆင်ပြေတယ်လို့ ကျွန်တော်တို့ သင်တန်းတွေမှာတော့ ပေးတာ ပေါ့နော်။ 
 
အောင်ကျော်မိုး။ ။ လက်ရှိမှာ ကော်ဖီစိုက်တောင်သူတွေအတွက် လိုအပ်တဲ့ နည်းပညာပိုင်းတွေကို သင်တန်းတွေပေးနေတဲ့ Winrock International အဖွဲ့ဟာ ကော်ဖီစိုက်ပျိုးရေး အတွက် ငွေကြေးထောက်ပံ့ မှုပေးတာမဟုတ်ဘဲ မျိုးစေ့ရွေးချယ်ခြင်း၊ စိုက်ခင်းသစ်တည်ထောင်ခြင်း စတဲ့ နည်းပညာသစ်တွေနဲ့ ကူညီ ပေးနေတာ ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငွေကြေး ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ တိုးပွားဖို့အတွက် တောင်သူအချင်းချင်း စုဖွဲ့ကာ ကော်ဖီစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ချေးငွေ ရရှိနိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနေတာတွေလည်း ရှိပါတယ်။
 
ဦးကိုကိုဝင်း (Winrock International)။ ။ အခုလက်ရှိမှာတော့ ကျွန်တော်တို့ Winrock International အဖွဲ့က တောင်သူကိုနည်းပညာသင်တန်းပေးတဲ့အခါမှာ တခြားငွေကြေးအကူညီ လုံးဝမပေးပါဘူး။ နည်း ပညာသီးသန့်ပဲပေးတဲ့အတွက် တောင်သူတွေက ဥပမာ- ကော်ဖီကစျေးကောင်းရလာလို့ ကော်ဖီ်ကိုတိုးချဲ့ စိုက်ပျိုးချင်တယ်ဆိုလို့ရှိရင် သူတို့ တိုးချဲ့စိုက်ပျိုးဖို့အတွက် စတင်ပြီးမျိုးစေ့ကို ဘယ်လိုစရွေးချယ်မလဲ။ ဘယ်လိုပျိုးထောင်လဲ။ စိုက်ခင်းသစ်ကို ဘယ်လိုတည်ထောင်မလဲဆိုတဲ့ နည်းပညာတွေ ပေးပါတယ်။ တစပ် တည်းမှာပဲ တောင်သူတွေရဲ့ ငွေကြေးရရှိနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ပိုပြီးတိုးပွားလာအောင် တောင် သူတွေ တစ်ဦးတစ်ယောက်ချင်း ရပ်တည်တာထက်စာရင် တောင်သူအချင်းချင်း လုပ်ငန်းတူ ရည်ရွယ်ချက် တူတဲ့ တောင်သူချင်းကို အစုအဖွဲ့လေးတွေ စုဖွဲ့ပေးပါတယ်။ စုဖွဲ့ပေးပြီးတော့ သူတို့စိုက်ပျိုးရေးနဲ့ပတ်သက် ပြီး ချေးငွေရရှိနိုင်တဲ့ Microfinance လုပ်ကိုင်နေတဲ့ PACT Myanmar တို့လို ဒါမျိုး အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလိုဟာမျိုးတွေနဲ့ ကျွန်တော်တို့က ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ 
 
အောင်ကျော်မိုး။ ။ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ Winrock International အဖွဲ့အစည်းမှ ကူညီဆောင်ရွက်ပေးနေသလို ပြည်တွင်းကော်ဖီလုပ်ငန်းရှင်တွေကလည်း အရည်သွေးပြည့်မီတဲ့ ကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့  ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အရည်အသွေးပြည့်မှီပြီး စျေးကွက်ဝင်တဲ့ ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ဆိုရင်တော့ အသီးမှည့်ချိန်မှာ မှည့်တဲ့အသီးတွေကို ရွေးချယ် ခူးဆွတ်နိုင်ဖို့ နည်းပညာတွေ လိုအပ်ပါတယ်။ 
 
ဦးအောင်ကိုလတ် (GENIUS Coffee)။ ။ အရင်တုန်းကဆိုလို့ရှိရင် ဒီမှာတောင်သူတွေအကုန်လုံး ကျွန်တော်တို့လို ကော်ဖီသီးမှည့်ကို တိုက်ရိုက်အခွံချွတ်ပြီးတော့ Wet Method လုပ်တဲ့နည်းကို မသိကြပါ ဘူး မလုပ်ကြပါဘူး။ သူတို့ဟာသူတို့ ဒီအတိုင်း မှည့်တဲ့အချိန်ကြရင် အသီးခူးတယ် ခူးပြီးတော့ သဘာဝ အတိုင်း မြေကြီးပေါ်မှာတင်ပြီးတော့ နေလှန်းကြပါတယ်ခင်ဗျာ့။ အခုကျွန်တော်တို့ ဒီရောက်လာပြီးတဲ့အခါ မှာ Wet Method လုပ်တဲ့နည်းတွေ အကုန်လုံးရယ် စင်ပေါ်မှာတင်ပြီးတော့ လှန်းတဲ့နည်းတွေအကုန်လုံးကို လည်း ကျွန်တော်တို့ကပညာပေးအနေနဲ့ လုပ်ပေးပါတယ်ခင်ဗျာ့။ အဲ့ဒါကြောင့် အရည်သွေးကတဖြည်းဖြည်း နဲ့ မြင့်မြင့်တက်လာတယ်။ 
 
အောင်ကျော်မိုး။ ။ စျေးကွက်ဝင် အရည်အသွေးမြှင့်ကော်ဖီတွေကို စိုက်ပျိုးထုတ် လုပ်လာနိုင်တာနဲ့အမျှ တောင်သူတွေအတွက် ဝင်ငွေများများရရှိလာမှာ ဖြစ်ပါတယ်။ အရင်က ကော်ဖီ တစ်ပိသာကို ကျပ် (၁၀၀၀) ဝန်းကျင်ကနေ အခုဆိုရင် ကျပ် (၄၀၀၀) ဝန်းကျင်အထိ စျေးကောင်းရရှိ နေကြပါတယ်။ ဒါ့ကြောင့် ကော်ဖီ် ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့ တောင်သူတွေ တွက်ချေကိုက်မှု ရှိလာပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့ကောင်းတွေ ပိုမိုရရှိလာကြပါတယ်။ 
 
ဦးအေးကို (တောင်သူ)။ ။ ဒီကော်ဖီ်စိုက်ပျိုးရေးဟာ အထောက်အကူပြုလာတဲ့ အခါကြတော့ ဝင်လာတဲ့ ငွေတွေကလည်း ပိုလျှံလာတာပေါ့နော် နည်းပညာပိုင်းအနေနဲ့ ကုမ္မဏီတွေက လည်း လာပြတယ်။ NGO တွေကလည်း လာပြတယ်ဆိုတော့ ကော်ဖီကလည်း အထွက်နှုန်းတိုးလာတယ်ဆိုတော့ ကျွန်တော်တို့ မိသားစု စားဝတ်နေရေးကလည်း ပြေလည်လာတယ်ဆိုတော့ ရပ်ရေးရွာရေးတွေ ထည့်ရတာလည်း အဆင်ပြေတယ်။ ပညာသင်နေတဲ့ ကျောင်းသားတွေအတွက်လည်း ပေးရတာအဆင်ပြေ သွားတာပေါ့နော်။ 
 
အောင်ကျော်မိုး။ ။ လက်တွဲကူညီ ရှေ့သို့လှမ်းချီ ဆိုသလို ကော်ဖီလုပ်ငန်း တိုးတက်ဖို့အတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းကနေ (၂၀၁၄) ခုနှစ်ကနေ စတင်ပြီး အဓိကတွန်းအားပေး ဆောင်ရွက်နေပါတယ်။ တောင်သူတွေနဲ့ ထုတ်လုပ်သူတွေ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အရည်အသွေးမြှင့် ကော်ဖီ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အရင်ကထက် တိုးတက်ကောင်းမွန်လာပါတယ်။ 
 
ဦးဝင်းအောင်ကျော် (ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံကော်ဖီအသင်း)။ ။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ အခုအသင်းဖွဲ့ပြီးတာ ၂၀၁၄ ကတည်းစဖွဲ့ခဲ့တာ။ အဲဒီလိုစဖွဲ့တဲ့နှစ်မှာပဲ USAID PROJECT  နဲ့ Winrock က နေပြီးလာကူတယ်။ Technician တွေ တစ်ယောက်ပြီးတစ်ယောက် Plantation ပိုင်းဆိုင်ရာရော၊ Proning ပိုင်းဆိုင်ရာ ကိုင်းဖြတ်ပြုပြင်နည်းတွေ၊ နောက်တစ်ခုက ထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာတွေ၊ Market Linkage စျေးကွက်ချိတ်ဆက်မှုတွေ အကုန်လုံးကို ကူညီပေးတယ်။ အဲ့လိုကူညီပေးတော့ စိုက်ပျိုးရေး သုတေသနဌာနပေ့ါ ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီဌာနကလည်း ကျွန်တော်တို့ကို သင်တန်းတွေလာပို့ချတယ်။ စိုက်ပျိုးနည်းတွေပေါ့။ အဲ့လိုတွေနဲ့ ကျွန်တော်တို့အသင်းကချိတ်ဆက်ပြီးတော့မှ တောင်သူတွေကိုစုပြီး တော့မှ အဲ့လိုသင်တန်းတွေပို့ချတယ်။ Winrock က ကူညီတဲ့အတွက် အခုတော့တော်တော်များများ တောင်သူတွေက ထုတ်လုပ်မှုနည်းပညာတွေ သိလာကြတယ်။ စိုက်ပျိုးနည်းပညာတွေလည်း တော်တော် လေးတတ်လာကြတယ်။
 
အောင်ကျော်မိုး။ ။ လက်ရှိမှာ မြန်မာနိုင်ငံမှ ထွက်ရှိလာတဲ့ကော်ဖီတွေကို ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နဲ့ ဆွစ်ဇာလန် နိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိပြီး (၂၀၁၆) ခုနှစ် မေလအတွင်းက စျေးကွက်သစ် အနေနဲ့ ARABICA (အာရေဘီကာ)လို့ခေါ်တဲ့ အထူးတန်းဝင် ကုန်းမြင့်ကော်ဖီ တွေကို အမေရိကန်နိုင်ငံသို့ တန်ပေါင်း (၃၆) တန် တင်ပို့နိုင်ခဲ့ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၀၀၀) ကျော်ထိ စျေးကောင်းရရှိခဲ့ ပါတယ်။ အဲ့ဒီလို တင်ပို့ရာမှာ ရွာငံဒေသမှထွက်ရှိတဲ့ အထူးတန်းဝင်ကော်ဖီ (၁၀) တန်နီးပါး ပါဝင်တင်ပို့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတစ်ခုကတော့ ကုန်စည်တွေကို မှာယူသလောက် တင်ပို့နိုင်ခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။ 
 
ဦးဝင်းအောင်ကျော်။ ။ ကျွန်တော်တို့က သာမန်ပေါ့လေ Commercial Grade ခေါ်တာပေါ့ အဲ့လောက် ပဲ ထုတ်နိုင်တာပေါ့ အဲ့လောက်ထုတ်တာ ကျွန်တော်တို့ သိတာပေါ့။ သူတို့ကလည်း ထိုက်သင့်သလောက် ပညာရှင်တွေ လာကူတယ်။ အခု USAID ကကြတော့ CQI (Coffee Quality Institute) က ပုဂ္ဂိုလ် တွေကိုယ်တိုင် လာပြီးတော့ အနီးကပ် ကွပ်ကဲပေးတယ်။ ကွပ်ကဲပေးပြီးတော့ တောင်သူငယ်လေးတွေကို တစ်ရွာတစ်ရွာမှာစုပြီး Specialist ထုတ်နည်းကို သင်ပေးတယ်။ ထွက်လာတဲ့ဟာကို Winrock ကပဲ စျေးကွက်ချိတ်ဆက်ပြီးတော့ အမေရိကန်ကကုန်သည် တွေက လာဝယ်တယ်။ လာဝယ်တော့ ရွာငံ တစ်မြို့နယ်လုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်က (၁၀) တန်ပို့လိုက်တယ်။ ဒီနှစ်လည်း တန် (၁၀၀) လောက်ထိပို့ဖို့ ရည်မှန်းထားတယ်။ ရည်မှန်းထားတဲ့နေရာမှာ တောင်သူတွေမှာ အဓိကကတော့ စိန်ခေါ်မှုဘာတွေ ရှိလာ လဲဆိုတော့ အဲ့လိုပို့ဖို့အတွက်က တကယ့်လိုအပ်တဲ့ အရည်သွေး ပို့ဖို့ဆိုတာ ကျွန်တော်တို့မှာ ထုတ်လုပ်မှု ပိုင်းဆိုင်ရာ စက်ယန္တရားတွေလိုတယ်။ သူတို့မှာငွေကြေး အင်အားပေါ့ Export လုပ်နိုင်ဖို့အတွက် စရိတ် ကုန်ကျတာတွေ အမျိုးမျိုးပေါ့ ဒါတွေအတွက်ကို ကျွန်တော်တို့က ငွေကြေးအထောက်အပံ့ ဒါတွေ လိုအပ် တာပေါ့။ 
 
အောင်ကျော်မိုး။ ။ ကျေးရွာပေါင်း (၁၂၅) ရွာရှိတဲ့ ရွာငံဒေသမှာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တဲ့ ကျေးရွာ ကတော့ (၉၅) ရွာရှိပါတယ်။ ကော်ဖီစျေးကွက် မြင့်တက်လာတာကြောင့် အရည် အသွေးကောင်းတဲ့ ကော်ဖီတွေကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်နိုင်ဖို့နဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် ဒေသခံ တောင်သူတွေ စုဖွဲ့ထားတဲ့ အစုအဖွဲ့ပိုင် ကော်ဖီအခွံချွတ်စက်ရုံတည်ထောင်နိုင်ဖို့ ရွာငံဒေသ ကော်ဖီအစု အဖွဲ့က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ 
 
ဦးဝင်းအောင်ကျော်။ ။ အခုဆိုရင် ဝယ်ယူသူတွေ တော်တော်များများက Welcome လုပ်နေကြပြီ။ ဒါတွေကို ပေးနိုင်ဖို့အတွက် အများအပြားထုတ်လုပ်နိုင်တဲ့ စက်ရုံကြီးများ ရခဲ့လို့ရှိရင် ရွာငံ့မြို့နယ်အနေနဲ့ ပြောမယ်ဆိုရင် စက်ရုံကြီးရဖို့ ဒေသအစိုးရအဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရကလည်း ကျနော်တို့ကို ကူမယ်ဆိုလို့ရှိရင်တော့ တကယ့်ကို အင်နဲ့အားနဲ့ နိုင်ငံတကာ အဆင့်မှာ ထုတ်ရောင်းနိုင်တဲ့ အခြေအနေ ရှိတယ်။ (11:22 – 11:49) 
အောင်ကျော်မိုး။ ။ ဒေသခံ ကော်ဖီစိုက်ပျိုးသူ အများစုဟာ (၅) ဧက ထက်နည်းတဲ့ လုပ်ကွက်ငယ် တောင်သူတွေ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ကော်ဖီစျေးကွက် မြင့်တက်လာတာနဲ့အညီ အရည် အသွေးပြည်မီတဲ့ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် အရင်ကထက်ကို အသိပညာတွေ အများကြီး တိုးတက်လာပြီ ဖြစ်ပါတယ်။ သူတို့ ဘယ်လိုနည်းပညာတွေ ဗဟုသုတတွေ ရရှိ နေကြသလဲ။ NGO အဖွဲ့အစည်းတွေဆီကရော ဘယ်လိုနည်းပညာတွေ ရရှိနေသလဲ။
  
ဦးညွန့်ဝေ (နွားဘန်းကြီးကျေးရွာ၊ ရွာငံမြို့နယ်)။ ။ ကော်ဖီစိုက်အတွေ့အကြုံကတော့ ကျွန်တော်တို့ မြေကို ကျင်းလေးဘာလေးတူးပြီး နောက်ချေးထည့်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ ကျန်တဲ့ဆေးတွေကတော့ မလိုပါဘူး၊ တခြားဓာတ်မြေသြဇာတွေလည်း မသုံးပါဘူး။ သူ့သဘာဝမြေဆွေးနဲ့နွားချေး ထည့်စိုက်တာ ဖြစ်ပါတယ်။ နည်းပညာအရဆိုလို့ရှိရင် ကျွန်တော်တို့ အခုက စင်နဲ့လှန်းပြီးတော့ လုပ်ပါတယ်။ ခါတိုင်း တုန်းက ကျွန်တော်တို့က စိုက်မိစိုက်ရာ စိုက်တာကို၊ နည်းစနစ်ဆိုတာလည်း မရှိဘူး။ အခုအခါမှာတော့ စင်နဲ့ဖြန့်လှန်းပြီးတော့ ခြောက်သွေ့အောင်လုပ်ရတာ ဖြစ်ပါတယ်။ အခုတော့ သင်တန်းတွေပို့ချပြီးတဲ့ အချိန်ကြတော့ ဘယ်လိုစိုက်ရမယ်ဆိုတာ သဘောပေါက်သွားပါတယ်။ 
 
ဦးအေးကို (နွားဘန်းကြီးကျေးရွာ၊ ရွာငံမြို့နယ်)။ ။ အထောက်အကူဘယ်လိုရလာလဲဆိုတော့ သင်တန်း တွေပေးတော့ စနစ်တကျစိုက်နိုင်တယ် အသီးကိုထုတ်နိုင်တယ် ပြီးတော့ ကော်ဖီစေ့တွေထုတ်လုပ်တဲ့ အခါ မှာလည်း အဆင်ပြေလာတယ် အစစအရာရာ သူတို့နည်းပညာအတိုင်း လိုက်လုပ်တဲ့အခါကျတော့ အဆင် တော့ပြေလာတယ် အခုချိန်မှာတော့ NGOအဖွဲ့ကတွေလည်း နည်းပညာတွေပေးလိုက် ဝယ်တဲ့ကုမ္မဏီတွေ ကလည်း ဝင်လာလိုက်ဆိုတော့ တော်တော်များများကတော့ ရောင်းရဝယ်ရတာ အဆင်ပြေလာတယ်။ 
 
အောင်ကျော်မိုး။ ။  ရွာငံဒေသမှာ အခုလို ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နေတာဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ကော်ဖီအများစုဟာ ပြင်ဦးလွင်ဒေသက ထွက်ရှိတာပါ။ ဥရောပစျေးကွက်အထိ အရည်အသွေးမီတဲ့ကော်ဖီတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဦးလွင် အစုအဖွဲ့မှာပါဝင်တဲ့ မန္တလေး ကော်ဖီလုပ်ငန်းရှင်တစ်စုက အဓိက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မန္တလေး ကော်ဖီအစုအဖွဲ့အနေနဲ့ ကော်ဖီလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လောက်များ အထောက်အကူပြုနိုင် သလဲ။ 
 
ဦးမင်းလှိုင် (Mandalay Coffee Group Co.,Ltd.)။ ။ ကော်ဖီလုပ်ငန်းတိုးတက်ဖို့အတွက်ကတော့ ကျွန်တော်တို့အကုန်လုံး ပါဝင်ရမှာပေါ့နော်။ ကျွန်တော်တို့ Chain တစ်ခုလုံးမှာရှိတဲ့ စိုက်ပျိုးသူကနေ နောက်ဆုံး ကော်ဖီလှော်တဲ့သူ ကော်ဖီဆိုင်အထိပေါ့၊ စိုက်ပျိုးတဲ့သူက ဘယ်လောက် ကော်ဖီ ကောင်း ကောင်း ထုတ်ထုတ်၊ ဝယ်မယ့်လူမရှိရင်လည်း အလကားဘဲ။ ဒီကော်ဖီ သုံးမယ့်လူမရှိရင်လည်း အလကားပဲ။ ဒီအစိုးရ Research တွေ၊ ကျနော်တို့ အသင်းအဖွဲ့တွေက စုပေါင်းပြီး ဆက်လုပ်ရမှာပေါ့၊  စိုက်ပျိုးတဲ့တောင်သူတွေကလည်း ကိုယ့်ကော်ဖီကို ကိုယ်ဂရုတစိုက်ထုတ်မယ်။ ဒီဘက်ကသုံးစွဲတဲ့ အပိုင်း ကလည်း ပြည်ပပို့မှာ မဟုတ်ပါဘူး ပြည်တွင်းမှာတင် ကော်ဖီ Demand က အရမ်းတက်လာပါတယ်။ 
 
အောင်ကျော်မိုး။ ။  ဟုတ်ကဲ့ပါဆရာ။ ဆရာတို့ အခုမြန်မာနိုင်ငံမှာ ကော်ဖီ Cluster လေးတွေဖွဲ့ပြီး လုပ်တာ (၄) နေရာတောင်ရှိတယ်လို့ သိရပါတယ်။ အဲ့လို Cluster တွေ ဖွဲ့လုပ်တာကရော ကော်ဖီလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်လဲ။ 
 
ဦးမင်းလှိုင်။ ။ အရမ်းအရေးကြီးပါတယ် ကျွန်တော်တို့ ပြင်ဦး လွင် Cluster ဆိုရင် ပြင်ဦးလွင် Cluster ကနေဖွဲ့ထားတဲ့ ကုမ္မဏီ မန္တလေးကော်ဖီ group ဆိုတာ ရှိပါတယ်။ အရင်တုန်းကဆို နိုင်ငံခြားသား လာဝယ် တယ်။ ကျွန်တော်ကော်ဖီကြိုက်တယ်။ ဒါပေမယ့် ကျွန်တော့ကော်ဖီက သူတို့လိုချင်သလောက်မပေးနိုင်ဘူး။ အဲလိုပဲ ကျွန်တော်တို့ထက်ကြီးတဲ့ခြံကြီးတွေရှိတယ်။ သူတို့က ဟိုခြံနဲ့ ဒီခြံပေါင်းလိုက်ရင် အရည်သွေး မတူမှာ စိတ်ပူတယ်။ အခု ကျွန်တော်တို့ ဒီလိုစုပေါင်းပြီးတော့ စက်ရုံ တည်ပြီးတော့ ထုတ်တဲ့အတွက် လာတဲ့ကော်ဖီကိုလည်း အော်ဒါပေးသမျှကိုလည်းရောင်းနိုင်မယ်။ ကျွန်တော်တို့အရည်သွေးကိုလည်း စက်ကောင်းတာရော တနေရာထဲမှာ တညီတည်းထုတ်တဲ့အတွက် ဒါကိုပဲ သူတို့ယုံကြည်တယ်ပေါ့။ အဲ့ဒီ တော့ ဒီလိုမျိုး Cluster တွေဖွဲ့မှလည်း ကျွန်တော်တို့ကရေရှည်မှာ နိုင်ငံခြားသား Investment တွေလာ လည်း ဒီလိုကုမ္မဏီတွေလာရင်လည်း ယှဉ်နိုင်မှာပေါ့နော်။ တစ်ဦး တစ်ယောက်တည်းနဲ့တော့ ကြာရင် ပျောက်ဆုံးသွားမှာပဲ။ 
 
အောင်ကျော်မိုး။ ။ လက်ရှိမှာ မြန်မာ့ကော်ဖီ လုပ်ငန်းဟာ စျေးကွက်သစ်တွေ ပိုမိုရရှိလာပြီး ဥရောပ စျေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ကော်ဖီ စိုက်တောင်သူ တွေအတွက် အနာဂတ်အလားအလာ ကောင်းမွန်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း ကော်ဖီ စိုက်တောင်သူ တွေဟာ ဒီလုပ်ငန်းမှာ အရည်သွေးပိုင်းတိုးတက်မှုတွေရှိလာပြီး ပြည်ပစျေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်မှာဖြစ်တာကြောင့် ဒေသခံတောင်သူတွေရဲ့ မိသားစုဘဝ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ် ခင်ဗျာ။
 

 


Download

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်