ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် (စိုက်ပြီး ၆ ပတ်အထိ) အစိုဓာတ်များသောမြေတွင် တွေ့ရှိရပါသည်။ ရောဂါဖြစ်သော အပင်မှာ အဝါရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့ လဲကျပြီး အပင်ကြီးပါက အပင်ထောင်လျက် ခြောက်နေသည်ကို တွေ့ရသည်။ ရောဂါ ဖြစ်စေသော သက်ရှိမှာ Sclerotium rolfsii ဖြစ်သည်။
အပင်ငယ်၌ ပင်ခြေမှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ ပုပ်သည်။ ပုပ်သော အပိုင်းတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရတတ်သည်။ ထိုကဲ့သို့ အဖြူရောင် မှိုမျှင်များသည် အပင်ခြောက်ပြီး နောက်ပိုင်းအထိ ရှိနေသည်။
ဓာတ်ပုံ- အပင်ခြေတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေပုံ
အစိုဓာတ်များသောမြေတွင် ရောဂါရ အပင်ကို နှုတ်ကြည့်ပါက အပင်ခြေတွင် မှိုမျှင်ဖြူများနှင့် အတူ မုန်ညင်းစေ့ကဲ့သို့သော (စကလိုရှား) အလုံးငယ်များကိုတွေ့နိုင်သည်။ ထိုနည်းတူ မြေကြီးထဲတွင်လည်း တွေ့နိုင်ပါသည်။ စိုက်ခင်းထဲတွင် အပင်သေများသည် အကွက်ငယ်များ အဖြစ် ပြန့်ကြဲအခြေအနေမျိုး တွေ့နိုင်ပါသည်။
ရောဂါ သံသရာ
မြေတွင်း အစိုဓာတ်များခြင်း၊ မဆွေးမြေ့သေးသော ပင်ကြွင်းကျန်များ ရှိနေခြင်း၊ မြေချဉ်ငံဓာတ်နိမ့်ခြင်း၊ အပူချိန် (၂၈-၃၀) ဒီဂရီ စင်တီဂရိတ် ရှိခြင်းတို့သည် ရောဂါ ဖြစ်ပွားရန် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။ အပူချိန် မြင့်သော ဒေသတွင် ရေသွင်း စိုက်ပျိုးရသော ကုလားပဲခင်း၌ အပင်အရွယ် မရွေး ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ စပါးအပြီး ကုလားပဲ သီးထပ် စိုက်ပျိုးသောဒေသတွင် ရောဂါ ပိုမို တွေ့ရှိနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များအား မီးရှို့ ဖျက်ဆီးပစ်ပါ။
- မြေအစိုဓာတ်များမှု မဖြစ်စေရန် ထိန်းသိမ်းပါ။
- (Azoxystrobin) အဇိုဇစ် စထရိုဘင်၊ (Tebuconazole) တက်ဗျူကိုနာဇိုး၊ (Benomyl) ဘီနိုမိုင်း၊ (Carbendazim) ကာဗင်ဒါဇင်၊ (Validamycin) ဗလစ်ဒါမိုက်စင် စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။
မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) မှ နည်းပညာများအား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။