ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးတွင် ပါဝင်သောအရာများ

17/02/2020 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးမှာ အဓိက ပါဝင်တဲ့အရာတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း 

၂။ လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်း 

၃။ ဗီဇနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း 

၄။ ဥပဒေဖြင့် ကာကွယ်နှိမ်နင်းခြင်း 

၅။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း  

၆။ ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း 

၁။ စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    • စိုက်ပျိုးနည်းနဲ့ ကာကွယ်နှိမ်နင်းခြင်းမှာ စီးပွားရေးထိခိုက်မှုကို ဖြစ်စေတဲ့ ဖျက်ပိုးတွေကို ဖျက်ဆီးခြင်း ဒါမှမဟုတ် ကာကွယ်နှိမ်နင်းခြင်းကို ဖြစ်စေတဲ့ ပုံမှန် စိုက်ပျိုးရေး လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

    • ပျိုးခင်းတွေကို ပြင်ဆင်ခြင်း ဒါမှမဟုတ် အပင်အကြွင်းအကျန်တွေကို ဖယ်ရှားခြင်းဖြင့် ဖျက်ပိုးဖျက်ဆီးမှုကင်းစင်တဲ့ စိုက်ခင်းကို ပြင်ဆင်ခြင်း၊ ကန်သင်းများကို ညှိခြင်း၊ ဖျက်ပိုးတွေရဲ့ ကြီးထွားမှုအဆင့်ဆင့်ကို သေစေတဲ့ မြေကြီးကို ဆေးစီရင်ခြင်းနဲ့ ထယ်ရေးနက်နက်ထိုးခြင်း၊ သင့်တော်တဲ့ ရေထုတ်စနစ်ကို ကျင့်သုံးခြင်းတို့လည်း ပါဝင်ပါတယ်။

    • အာဟာရချို့တဲ့တာအတွက် မြေကြီးကိုစမ်းသပ်ပြီး လိုအပ်တဲ့ မြေသြဇာကို အသုံးချပါ။

    • မျိုးရိုးဗီဇသန့်စင်ပြီး အတည်ပြုထောက်ခံထားတဲ့ မျိုးစေ့တွေကို ရွေးချယ်စိုက်ပျိုးပြီး မျိုးစေ့ဆောင်ရောဂါ ကာကွယ်ဖို့အတွက် မျိုးစေ့တွေကို မစိုက်မီ မှိုသတ်ဆေး ဒါမှမဟုတ် ဇီဝပိုးသတ်ဆေးတွေနဲ့ မျိုးစေ့တွေကို ဆေးစီရင်ပါ။

    • ဖျက်ပိုးလျော့ကျစေရာမှာ သိသာတဲ့အခန်းကဏ္ဍက ပါဝင်တဲ့ အတော်အတန် ဖျက်ပိုး ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်စိုက်ပျိုးပါ။

    • ဖျက်ပိုးတိုက်ခိုက်မှု အမြင့်ဆုံးအချိန်ကို ရှောင်လွှဲဖို့ စိုက်ချိန်နဲ့ရိတ်ချိန်ကို ချိန်ညှိပါ။

    • ဖျက်ပိုးတွေရဲ့ လက်ခံပင်မဟုတ်တဲ့ သီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ ဒီလိုလုပ်တာဟာ မြေဆောင်ရောဂါကျရောက်မှုကို လျော့နည်းစေပါတယ်။

    • သင့်တော်တဲ့ ပင်ခြားတန်းခြားဟာ အပင်တွေကို ပိုမိုသန်စွမ်းစေပြီး ဖျက်ပိုးတွေကို ပိုမို ခံနိုင်ရည်ရှိစေပါတယ်။ 

    • ဓါတ်မြေသြဇာကို သင့်တော်မျှတစွာကျွေးပါ။ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာသုံးစွဲပါ။

    • ရေဝပ်ခြင်းကို ရှောင်ရှားဖို့ အစိုခံလိုက်၊ အခြောက်ခံလိုက်စနစ်ကို အလှည့်ကျလုပ်ပါ။ ရေဝပ်ခြင်းဟာ အထူးသဖြင့် မြေဆောင်ရောဂါတွေ ဖွံံ့ဖြိုးကြီးထွားလာမှုကို အခွင့်အလမ်းပေးပါတယ်။ 

    • သင့်တော်တဲ့ ပေါင်းမြက်နှိမ်နင်းမှုလုပ်ပါ။ ပေါင်းပင်တွေဟာ သီးနှံတွေနဲ့ အနည်းလို အာဟာရတွေကို ယှဉ်ပြိုင်စားသောက်သလို ဖျက်ပိုးများစွာရဲ့ အခြေချနေထိုင်ရာလည်း ဖြစ်ပါတယ်။

    • အပင်အထက်မှာ ယင်ဖြူနဲ့ပျပိုးတွေအတွက် အဝါရောင်ကော်ထောင်ချောက်ကို တပ်ဆင်ပါ။

    • စိုက်ချိန်ညီပါစေ။ လူထုလှုပ်ရှားမှုအသွင်နဲ့ စိုက်ချိန်ညီအောင်လုပ်ရင် ဖျက်ပိုးတွေဟာ ဧရိယာအကျယ်ကြီးမှာစိုက်ထားတဲ့ သီးနှံရဲ့ ကြီးထွားမှုအဆင့်ဆင့်မှာ ၎င်းတို့ရဲ့ အကောင်ဦးရေကို မတည်ဆေက်နိုင်ဘဲ တကယ်လို့ ဖျက်ဆီးနိုင်တဲ့ အရေအတွက် ရှိရင်တောင်မှ ဧရိယာတစ်ခုလုံးကို ထိရောက်တဲ့ ကာကွယ်နှိမ်နင်းမှု လုပ်နိုင်ပါတယ်။

    • စိုက်ခင်းတွေရဲ့ ကန်သင်းတွေမှာ ထောင်ချောက်သီးနှံတွေကို စိုက်ပါ။ ဖျက်ပိုးမျိုးစိတ် တစ်မျိုးက ပိုမိုနှစ်သက်တဲ့ သီးနှံအချို့ကို အဲဒီဖျက်ပိုးရဲ့ ထောင်ချောက်သီးနှံလို့ ခေါ်ပါတယ်။ စိုက်ခင်းတွေရဲ့ ကန်သင်းမှာ အဲဒီလိုသီးနှံတွေကို စိုက်ခြင်းအားဖြင့် အဲဒီအပင်တွေမှာ ဖျက်ပိုးအရေအတွက် ဖွံ့ဖြိုးလာပြီး ၎င်းတို့ကို ပိုးသတ်ဆေးနဲ့ သတ်နိုင်ပြီး သဘာဝကာကွယ်နှိမ်နင်းမှုအဖြစ် သဘာဝရန်သူများကို ဖွံ့ဖြိုးစေပါတယ်။

    • ဖျက်ပိုးကျရောက်ဧရိယာမှာ အမြစ်တွေ ဒါမှမဟုတ် ပျိုးပင်တွေကို ဆေးစီရင်ပါ။

    • တတ်နိုင်သလောက် သီးညှပ်စိုက်တာ သီးနှံစုံစိုက်တာ လုပ်ပါ။ သီးနှံအားလုံးဟာ ဖျက်ပိုးမျိုးစိတ် တစ်ခုချင်းစီက နှစ်သက်တဲ့သီးနှံတွေ မဟုတ်ကြဘဲ အချို့သီးနှံတွေဟာ တွန်းကန်တဲ့ အပင်တွေအဖြစ် ပြုမူကြတာမို့ ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေပြီး ၎င်းတို့ နှစ်သက်တဲ့ သီးနှံတွေဆီနဲ့ ဝေးရာကို သွားစေပါတယ်။ 

    • မြေမျက်နှာပြင်နှင့် နီးနိုင်သမျှနီးကာ ရိတ်သိမ်းပါ။ ဘာပြုလို့လဲဆိုတော့ အင်းဆက်ဖျက်ပိုးတွေ/  ရောဂါတွေရဲ့ အချို့ဖွံ့ဖြိုးမှုအဆင့်တွေမှာ နောက်ထပ်စိုက်ပျိုးမဲ့ သီးနှံရာသီအတွက် သီးနှံအကြွင်းအကျန်တွေကတစ်ဆင့် အဓိက ဖျက်ပိုးကူးစက်မှုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် မြေမျက်နှာပြင်နဲ့ နီးနိုင်သမျှနီးနီးရိတ်တာဟာ ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေပါတယ်။ 

    • အပင်တွေကို မစိုက်ခင်မှာ မြေဆောင်ရောဂါတွေကနေ ကာကွယ်ဖို့ ကော့ပါးမှိုသတ်ဆေး/ ဇီဝပိုးသတ်ဆေးဖျော်ရည်နဲ့ ပက်ဖျန်းပါ/နှစ်ပါ။

    • အသီးသီးတဲ့ သီးနှံတွေကို ခေါင်နှိမ်စဉ်မှာ ရှုပ်ထွေးနေတဲ့/ သေနေတဲ့/ကျိုးပဲ့နေတဲ့/ ရောဂါကျနေတဲ့ သစ်ကိုင်းတွေကို ဖယ်ရှားပြီး ဖျက်ဆီးပစ်ပါ။ အဲဒီသစ်ကိုင်းတွေကို ခြံထဲမှာ ပုံမထားပါနဲ့။ ဘာပြုလို့လဲဆိုတော့ ၎င်းတို့ဟာ ဖျက်ပိုးကျရောက်မှုရဲ့ ရင်းမြစ်ဖြစ်လို့ပါပဲ။

    • အကြီးအကျယ်ကိုင်းနှိမ်ပြီး ရရှိလာတဲ့ဒဏ်ရာတွေကို ဘော်ဒိုဆေးပြစ်နဲ့ သုတ်လိမ်းခြင်းအားဖြင့် အပင်တွေကို အင်းဆက်ဖျက်ပိုး/ရောဂါတိုက်ခိုက်မှုကို ကာကွယ်နိုင်ပါတယ်။

    • အသီးအများကြီးတင်ဖို့အတွက် ဝတ်မှုန်ကူးမျိုးစိတ်များကို ခြံထဲမှာ လိုအပ်တဲ့အချိုးအတိုင်း စိုက်သင့်ပါတယ်။

    • ပျားအုံတွေကို ထိန်းသိမ်းခြင်း ဒါမှမဟုတ် ဝတ်မှုန်ကူးမျိုးများရဲ့ ပန်းစည်းတွေကိုထားခြင်းဟာ ဝတ်မှုန်ကူးခြင်းကို ပိုမိုလွယ်ကူစေပြီး အကျိုးဆက်အားဖြင့် အသီးတင်စေပါတယ်။

၂။ လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်း

    • အင်းဆက်ဖျက်ပိုးတွေရဲ့ ဥမြုံတွေ၊ လောက်ကောင်တွေ၊ ရုပ်ဖုံးတွေ၊ အရွယ်ရောက် ကောင်တွေ၊ ရောဂါကျအပင်အစိတ်အပိုင်းတွေကို တတ်နိုင်သမျှ ဖယ်ရှားဖျက်ဆီးပါ။

    • စိုက်ခင်းမှာ ငှက်နားကိုင်းတွေထားပြီး သဘာဝရန်သူတွေကို ထိန်းသိမ်းဖို့ ကပ်ပါးပြုထားတဲ့ ဥမြုံတွေကိုထားပါ။.

    • အလင်းရောင်ထောင်ချောက်ကိုသုံးပြီး ထောင်ချောက်မိတဲ့ အင်းဆက်များကို ဖျက်ဆီးပါ။

    • ရွက်စားလောက်ကောင် (ဥပမာအားဖြင့် ရွက်လိပ်အိမ်ပိုးနဲ့ ရွက်ခေါက်ပိုး) တို့ကို ကြိုးကို အသုံးပြုပြီး ခါချပါ။

    • စိုက်ခင်းထဲမှာ စာခြောက်ရုပ်ထားပါ။

    • အင်းဆက်တွေရဲ့ ဥတွေ၊ လောက်ကောင်တွေ၊ ရုပ်ဖုံးတွေ၊ အရွယ်ရောက်ကောင်တွေကို စားဖို့ ငှက်တွေနားနိုင်တဲ့ ငှက်နားကိုင်းတွေကို စိုက်ခင်းနားထားပါ။

    • မိတ်လိုက်တာကို ဖျက်ဆီးဖို့ ဖီရိုမုန်းထောက်ချောက်ကို အသုံးပြုပါ။

    • ဖျက်ပိုးဦးရေကို စောင့်ကြည့်စစ်ဆေးဖို့နဲ့ လျော့ကျစေဖို့ ဖီရိုမုန်းထောင်ချောက်တွေကို အသုံးပြုပါ။

    • ဖျက်ပိုးအများကြီးထောင်ချောက်မိဖို့ ဖီရိုမုန်းထောင်ချောက်အသုံးပြုပါ။

၃။ ဗီဇနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    • သီးနှံအမျိုးမျိုးအတွက် အထွက်ကောင်းသော မျိုးကွဲများကို ရွေးချယ်စိုက်ပျိုးခြင်း

    • အတော်အတန် ဖျက်ပိုးခံနိုင်ရည်ရှိသော မျိုးကွဲများကို ရွေးချယ်စိုက်ပျိုးခြင်း 

    • ဗီဇပြုပြင်ထားသော မျိုးစေ့များကို အသုံးပြုခြင်း (ဥပမာအားဖြင့် ဘီတီဝါ) 

၄။ ဥပဒေဖြင့် ကာကွယ်နှိမ်နင်းခြင်း

ဒီလုပ်ငန်းစဉ်မှာ နိုင်ငံတော်အစိုးရက မူဘောင်ရေးဆွဲထားတဲ့ ဥပဒေစည်းမျဉ်းများနဲ့ ရောဂါကျ မျိုးစေ့များနဲ့ အပင်အစိတ်အပိုင်းများကို မိမိတို့နိုင်ငံအတွင်း ဒါမှမဟုတ် မိမိနိုင်ငံအတွင်းထဲမှာတောင် တစ်နေရာနဲ့တစ်နေရာ ဝင်ရောက်မလာအောင် ဥပဒေနဲ့ တားမြစ်ခြင်းဖြစ်ပါတယ်။ ဒါကို အပင်ပိုးမွှားရောဂါ ထိန်းချုပ်ရေးလို့ခေါ်ပြီး ပြည်တွင်းအပင်ပိုးမွှားရောဂါထိန်းချုပ်ရေးနဲ့ ပြည်ပ အပင်ပိုးမွှားရောဂါ ထိန်းချုပ်ရေးဆိုပြီး နှစ်မျိုးရှိပါတယ်။ 

၅။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

ဇီဝနည်းလမ်းနဲ့ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို ဇီဝနည်းနဲ့ ကာကွယ်နှိမ်နင်းတာဟာ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးရဲ့ အရေးအကြီးဆုံးသော အရာဖြစ်ပါတယ်။ ပိုပြီး အမြင်ကျယ်ကျယ် ကြည့်မယ်ဆိုရင် ဇီဝနည်းနဲ့ ကာကွယ်နှိမ်နင်းတယ်ဆိုတာ ကိုယ်အလိုမရှိတဲ့ သက်ရှိတွေ (ဖျက်ပိုးတွေ) ကို ကာကွယ်နှိမ်နင်းဖို့ အသုံးပြုတာဖြစ်ပါတယ်။ အခြားစကားနဲ့ ပြောရမယ်ဆိုရင် စီးပွားရေးအရ ဆုံးရှုံးမှုအောက်မှာ ဖျက်ပိုးတွေကို ထိန်းသိမ်းထားနိုင်ဖို့ ဖျက်ပိုးပတ်ဝန်းကျင်ထဲကို ဇီဝသက်ရှိအသစ်တစ်ခုကို စတင်လွှတ်ပေးခြင်းနဲ့ ဖြစ်စေ၊ စိုက်ခင်းထဲမှာ ရှိနှင့်ပြီးဖြစ်တဲ့ ကပ်ပါးပိုးတွေ၊ သားရဲကောင်တွေနဲ့ ရောဂါတွေကို တိုးပွားလာစေခြင်းဖြင့်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ အသုံးပြုတာ ဖြစ်ပါတယ်။

ကပ်ပါးပိုးများ -  ၎င်းတို့ဟာ ၎င်းတို့ရဲ့ လက်ခံသက်ရှိရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်စေ၊ ခန္ဓာကိုယ် အပေါ်မှာဖြစ်စေ ဥအုချတဲ့ သက်ရှိဖြစ်ပြီး ၎င်းတို့ရဲ့ ဘဝစက်ဝန်းကို လက်ခံသက်ရှိရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကုန်ဆုံးပြီး အကျိုးဆက်အားဖြင့် လက်ခံသက်ရှိသေသွားပါတယ်။ ကပ်ပိုးဟာ ၎င်းတို့ရဲ့ဘဝစက်ဝန်းပြည့်စုံတဲ့ လက်ခံသက်ရှိရဲ့ ကြီးထွားမှုအဆင့်ပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ကွဲပြားပါတယ်။ ဥပမာအနေနဲ့ ထရိုင်ဂိုဂရားမားနဂျီမျိုးစိတ်အမျိုးမျိုး၊  ဘရာကိုနစ် နဂျီများ၊ ချီလိုနပ်စ်ပိုးများ၊ ဘရာချီမားရီးယား နဂျီများတို့ဖြစ်ကြပါတယ်။ 

သားရဲကောင်များ - ၎င်းတို့ဟာ ၎င်းတို့ရဲ့အစာအတွက် အခြားသက်ရှိများအပေါ် စားသောက်တဲ့ လွတ်လွတ်လပ်လပ်နေထိုင်တဲ့ သက်ရှိများဖြစ်ကြပါတယ်။ ဥပမာအနေနဲ့ကတော့ ပင့်ကူတွေ၊ ပုစဉ်းတွေ၊ လိပ်ခုံးကျိုင်းတွေ နဲ့ ငှက်တို့ဖြစ်ကြပါတယ်။ 

ရောဂါများ - ၎င်းတို့ဟာ အဏုဇီဝပိုးမွှားတွေဖြစ်ကြပြီး လက်ခံသက်ရှိတွေကို ရောဂါဖြစ်စေကာ အကျိုးဆက်အားဖြင့် လက်ခံသက်ရှိ သေသွားပါတယ်။ အဓိကအုပ်စုတွေကတော့ မှို၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတို့ ဖြစ်ကြပါတယ်။ အချို့နီမတုတ်တွေဟာလည်းပဲ အချို့ အင်းဆက်တွေကို ရောဂါဖြစ်စေပါတယ်။ အရေးကြီးတဲ့ မှိုရောဂါဥပမာတွေကတော့ ဟာစူတဲလား၊ ဗျူဗားရီးယား၊ နိမူရေးနဲ့ မက်တာရိုက်ဇီယမ်တို့ ဖြစ်ကြပြီး ၎င်းတို့ဟာ အင်းဆက်အရေအတွက်အများကြီးကို ရောဂါဖြစ်စေပြီး စိုက်ခင်းထဲမျာ ၉၀% ခန့်အထိ သေစေပါတယ်။  ဗိုင်းရပ်စ်ထဲမှာဆိုရင် အရေးအကြီးဆုံး ဥပမာတွေကတော့ ပိုလီဟက်ဒြိုစစ်ဗိုင်းရပ်နဲ့ ဂရန်နူလိုစစ်ဗိုင်းရပ်စ်တို့ ဖြစ်ကြပါတယ်။ ဘက်တီးရီးယားထဲမှာဆိုရင် ဘက်စ်လပ်စ်သူရင်ဂျနက်စစ် (ဘီတီ) နဲ့ ဘက်စ်လပ်စ်ပေါ်ပီလေးတို့ဟာ အလွန်အသိများတဲ့ ဥပမာတွေဖြစ်ကြပါတယ်။ 

ဇီဝကာကွယ်နှိမ်နင်းရေးအလေ့အထများ 

ဖျက်ပိုးတွေရဲ့ ရောဂါတွေကို ရိုးရိုးဓါတုပိုးသတ်ဆေးတွေလို သူတို့ကို ပက်ဖျန်းနိုင်တဲ့ အရည်ပုံစံ ဒါမှမဟုတ် အမှုန့်ပုံစံတွေနဲ့ ၎င်းတို့ကို ဓါတ်ခွဲခန်းမှာ ကုန်ကျစရိတ်နည်းစွာနဲ့ အမြောက်အမြား ပွားများမွေးမြူနိုင်ပါတယ်။ ဒီဖျော်စပ်ပုံတွေကို ဇီဝပိုးသတ်ဆေးလို့ အသိများကြပါတယ်။ ဇီ၀ကာကွယ်နှိမ်နင်းရေးအလေ့အထများရဲ့ အမျိုးမျိုးသော ပုံစံများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

   (က) စတင်လွှတ်ပေးခြင်း

ဒီလုပ်ငန်းစဉ်မှာ ဇီဝပိုးမွှားမျိုးစိတ်အသစ်တစ်ခုကို ၎င်းရဲ့ လက်ခံသက်ရှိပေါ်မှာ အခြေချ နေထိုင်နိုင်ဖို့ စတင်လွှတ်ပေးခြင်းဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ထိရောက်မှုအတွက် ဓါတ်ခွဲခန်းမှာ စစ်ဆေးပြီး စိုက်ခင်းထဲမှာ စမ်းသပ်ပြီးမှသာ ပြုလုပ်နိုင်ပါတယ်။

   (ခ) ပွားများအောင်ပြုလုပ်ခြင်း

ဒီလုပ်ငန်းစဉ်မှာ အဲဒီဧရိယာရှိ ဖျက်ပိုးအရေအတွက်ကို နှိမ်နင်းဖို့ လိုအပ်တဲ့ ဇီ၀ကာကွယ်နှိမ်နင်းရေး သက်ရှိအရေအတွက်ရအောင် ဓါတ်ခွဲခန်းမှာ မွေးမြူပြီးဖြစ်စေ၊ စိုက်ခင်းထဲက ကောက်ယူထားသော ဗီဝသက်ရှိများကို လွှတ်ပေးခြင်းဖြင့်ဖြစ်စေ ဧရိယာတစ်ခုမှာ ရှိနှင့်ပြီး သဘာ၀ရန်သူတွေရဲ့ အရေအတွက်ကို ပွားများအောင် လုပ်တာဖြစ်ပါတယ်။ 

  (ဂ) ထိန်းသိမ်းခြင်း

ဒါဟာ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး ဖျက်ပိုးကို ကာကွယ်နှိမ်နင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကရှိပါတယ်။ ဒီလုပ်ငန်းစဉ်မှာ သဘာဝမှာရှိတဲ့ သဘာဝရန်သူတွေကို မသေအောင် ကာကွယ်ခြင်းဖြစ်ပါတယ်။ သဘာဝရန်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အလေ့အထတွေမှာ အောက်ပါတို့ပါဝင်ကြပါတယ်။

    • ကပ်ပါးပြုထားတဲ့ ဥမြုံတွေကို ကောက်ယူပြီး ငှက်သိုက်ထဲထည့်ထားကာ ကပ်ပါးကောင်တွေကို ပေါ်ထွက်လာစေခြင်း

    • စိုက်ခင်းပြပွဲတွေ၊ ရေဒီယိုတွေနဲ့ တီဗီကတစ်ဆင့် တောင်သူတွေကို ပညာပေးခြင်း

    • ဓါတုပိုးသတ်ဆေး ပက်ဖျန်းခြင်းကို နောက်ဆုံးလက်နက်အဖြစ် အသုံးပြုခြင်း

    • ဘက်စုံသုံး ပိုးသတ်ဆေးများ အသုံးပြုခြင်းကို ရှောင်ရှားခြင်း

    • ဖြစ်နိုင်သမျှ ရွေးချယ်ထားသော ဒါမှမဟုတ် အတော်အတန် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုခြင်း

    • တတ်နိုင်မျှ ပိုးကျသော/ရောဂါကျသောနေရာကိုသာ အကွက်လိုက်ပက်ဖျန်းခြင်း

    • ဖျက်ပိုးတိုက်ခိုက်မှု အမြင့်ဆုံးအချိန်ကို ရှောင်လွှဲဖို့ စိုက်ချိန်နဲ့ ရိတ်သိမ်းချိန်ကို ချိန်ညှိခြင်း

    • ဖျက်ပိုးတွေကို ထောင်ချောက်မိစေဖို့နဲ့ သဘာဝရန်သူတွေကို ဖွံ့ဖြိုးဖို့ သီးနှံကို  အမှန်တကယ် မစိုက်ပျိုးမီ အဓိကစိုက်ခင်းရဲ့ ကန်သင်းပေါ်မှာ ထောင်ချောက်သီးနှံများ စိုက်ပျိုးခြင်း

    • ပျိုးပင်များ/ မျိုးစေ့များကို ဆေးစီရင်ခြင်း/ အမြစ်များကို နှစ်ခြင်း

    • သီးလှည့်စိုက်ခြင်းနှင့် သီးညှပ်စိုက်ခြင်း

    • ပိုးသတ်ဆေးများကို ထောက်ခံနှုန်းထားအတိုင်း အသုံးပြုခြင်း

၆။ ဓါတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း 

စီးပွားရေးဆုံးရှုံးမှုအောက်မှာ ဖျက်ပိုးအရေအတွက်ကို ထိန်းသိမ်းထားဖို့ အခြားကာကွယ်နှိမ်နင်းမှုအားလုံးက မအောင်မြင်တော့မှသာ ဓါတုပိုးသတ်ဆေးများကို အသုံးပြုပါ။ ဖျက်ပိုးကာကွယ်နှိမ်နင်းရေး သုတေသနမှာ အကြီးအကျယ်အောင်မြင်ပေမဲ့  ဖျက်ပိုးပြဿနာရှုပ်ထွေးမှုအမြင်နဲ့အတူ သီးနှံကာကွယ်ရေးမှာ ဓါတုပိုးသတ်ဆေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ဆက်လက်ရှိနေပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို လိုအပ်မှု၊ ဆင်ခြင်တုံတရားကို အခြေခံကာ ဖျက်ပိုးစစ်တမ်းကောက်ယူခြင်းကို အခြေခံပြီး ကုန်ကျစရိတ်သာမက ဆက်နွယ်ပတ်သက်သော ပြဿနာတွေကို လျော့နည်းစေရမှာဖြစ်ကာ စီးပွားရေးအရဆုံးရှုံးမှုကို စဉ်းစားရမှာဖြစ်ပါတယ်။ ဓါတုကာကွယ်နှိမ်နင်းရေးနဲ့ သွားနေစဉ်မှာ ဘာကိုပက်ဖျန်းရမယ်၊ ဘယ်အချိန်မှာ ပက်ဖျန်းရမယ်၊ ဘယ်နေရာကို ပက်ဖျန်းရမယ်၊ ဘယ်လိုပက်ဖျန်းရမယ်ဆိုတာတွေကို နှံ့နှံ့စပ်စပ်နားလည်ရမှာဖြစ်ပြီး အောက်ပါအချက်တွေကို စိတ်ထဲမှာ မှတ်သားထားပါ။

    • စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့်နဲ့ သဘာဝဖျက်ပိုးအချိုးများကို ကြည့်ရှုမှတ်သားပါ။

    • အတော်အတန် ဘေးကင်းလုံးခြုံသော ပိုးသတ်ဆေးတွေကို ရွေးချယ်အသုံးပြုပါ။ (ဥပမာအားဖြင့် တမာအခြေခံ ဇီဝပိုးသတ်ဆေးများ) 

    • ဖျက်ပိုးတွေဟာ အကွက်လိုက် ဒါမှမဟုတ် အတန်းလိုက်ရှိနေပါက စိုက်ခင်းတစ်ခင်းလုံးကို ပက်ဖျန်းစရာမလိုပါ။

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အလေ့အထများရဲ့ ဆက်စပ်ပတ်သက်မှုက ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးပင်တွေမှာ ပိုမိုအရေးကြီးပါတယ်။ ဘာပြုလို့လဲဆိုတော့ ၎င်းတို့ကို လူတွေက အစိမ်းလိုက် စားတတ်လေ့ရှိတာကြောင့်ပါ။ ပိုးသတ်ဆေးတွေဟာယေဘုယျအားဖြင့် အပြင်းအထန် အဆိပ်ပြင်းပြီး ဓါတ်ကြွင်းအာနိသင်ကို အလွယ်တကူ သိရဖို့သိပ်မလွယ်ပါ။ အကျိုးအမြတ်ပိုရဖို့ တောင်သူတွေဟာ မရိတ်သိမ်းမီ စောင့်ဆိုင်းရမဲ့ကာလကို မစောင့်ဘဲ ရိတ်သိမ်းပြီး ဈေးကွက်ကို ပို့ကြပါတယ်။ ဒီလိုလုပ်တာဟာ ပိုးသတ်ဆေး အဆိပ်သင့်တာ၊ နာတာရှည်ရောဂါဖြစ်တာနဲ့ တစ်ချို့ကိစ္စတွေမှာ သေတောင် သေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ စိုက်ခင်းသီးနှံတွေမှာ ဖျက်ပိုးကာကွယ်နှိမ်နင်းရေး အလေ့အထတွေကို လုပ်တဲ့အခါ ပိုပြီးသတိထားပြီး ဂရုတစိုက်ရှိဖို့လိုပါတယ်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏အခြားသောစိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်