- သိပ္ပံအမည် - Rhopalosiphum maidis
- ကျရောက်ဖျက်စီးတဲ့သောအဆင့်များ - မျိုးစေ့အဆင့်၊ ပင်ပိုင်းကြီးထွားမှုအဆင့်နှင့် မျိုးပွားမှုအဆင့်များတွင် ကျရောက်သည်။
- ဖျက်ပိုး၏အရောင် - စိမ်းပြာရောင် သို့မဟုတ် မီးခိုးရောင် ရှိကြသည်။
- ပုံသဏ္ဍာန် - သစ်တော်သီးပုံစံရှိကြသည်။
- အရွယ်အစား - ၁/၈ လက်မ (သို့) ယင်းထက် သေးငယ်ကြသည်။
- ဥမှင် - တိုတောင်း၍ အနက်ရောင်ဖြစ်သည်။
- အချိုရည်ထုတ်ပြွန် - တို၍ အနက်ရောင်၊ အမည်းရောင်အကွက်များ ပတ်လည်ရှိသည်။
- ဦးခေါင်း - အနက်ရောင် အလျားလိုက် အစင်းနှစ်ခု ပါရှိသည်။
- ဝမ်းဗိုက်ပိုင်း - တစ်ဘက်စီတွင် အမည်းအစက်များ အတန်းလိုက်ရှိသည်။
- အတောင်များ - ပါရှိခဲ့ပါက ကြည်လင်၍ အတောင်ကြောများ ပါရှိပြီး ခေါင်မိုးသဏ္ဌာန်ရှိသည်။
- အချိုရည် - အချိုရည်ထုတ်ပြွန်မှ အချိုရည်များ ထုတ်လုပ်၍ အရွက်များပေါ်တွင် ကျရောက်လျက် ကြပ်ခိုးမှိုများ ဖြစ်စေသည်။
ပြောင်းရွက်များတွင် အပင်ရည်စုပ်ယူစားသောက်နေကြသည့် ပျပိုးအစုအဝေး (Source: Kansas State University)
ပျပိုးများသည် ဆိုးဝါးသော ရာသီဥတုတွင်ပင် အသက်ရှင်နိုင်ကြသော်လည်း မပူလွန်း၊ မစိုစွတ်လွန်းသော အခြေအနေကို နှစ်သက်ကြသည်။ ဖွံ့ဖြိုးကြီးထွားရန် အသင့်တော်ဆုံး အပူချိန်သည် 26.7 ဒီဂရီဖြစ်၍ 37.3 ဒီဂရီအထက်နှင့် ၆.၅ ဒီဂရီအောက်တွင် ကြီးထွားဖွံ့ဖြိုးမှု မရှိတော့ပေ။ ၁၅ နှင့် ၂၀ ဒီဂရီအတွင်းတွင် သားလောင်းများ ပိုမို ပေါက်ဖွားကြ၍ ပိုမိုကြာမြင့်စွာ နေထိုင်အသက်ရှင်ကြသည်။
အပူချိန် အတက်အကျရှိချိန်တွင် ပျပိုးများသည် လျင်မြန်စွာဖွံ့ဖြိုးကြပြီး သားပေါက်နှုန်း ပိုမိုမြင့်မားသည်။
အရွက်ရင့်များထက် အမိုင်နိုအက်ဆစ်နှင့် အာဟာရများ ပိုမိုပါဝင်သည့် အရွက်နုများကို ပိုမိုကြိုက်နှစ်သက်ကြသည်။
ပျပိုးအား နှိမ်နင်းရန် နည်းလမ်းများစွာ ရှိပါသည်။ ကာကွယ်ခြင်း၊ ပိုးသတ်ဆေးများအသုံးပြုခြင်း၊ ဇီဝနည်းဖြင့် နှိမ်နင်းခြင်း၊ ရုပ်ပိုင်ဆိုင်ရာ နှိမ်နင်းခြင်း၊ ရေဖြင့် ဖျန်းခြင်းအပြင် နိုက်ထရိုဂျင်ဓာတ်မြေဩဇာ အလွန်အကျွံ မသုံးစွဲခြင်းတို့ ဖြစ်သည်။
သဘာဝနည်းလမ်းတွင် သားရဲရန်သူများ ဖြစ်သည့် ဇာတောင်ပိုး၊ လိပ်ခုံးကျိုင်းနှင့် ပျစားယင်များအား စွဲဆောင်သည့် အပင်များ စိုက်ပျိုးပေးခြင်းအပြင်အော်ဂဲနစ်နည်းလမ်းများအဖြစ် တမာဆီ၊ ဆပ်ပြာတို့ကို အရှိန်ပြင်းပြင်းဖြင့် ထိုးဖျန်းအသုံးပြုနိုင်သည်။
လက်ဖြင့် ကောက်ယူဖယ်ရှားခြင်း၊ ကြက်သွန်ဖြူပိုးသတ်ဆေးရည် ပက်ဖျန်းပေးခြင်းတို့ပြုလုပ်နိုင်သည်။
ရွေးချယ်အာနိသင်ရှိ ပိုးသတ်ဆေးများလည်း အသုံးပြုနိုင်သည်။ မျိုးစေ့လူးနယ်ခြင်းသည်အစောပိုင်း ဖျက်ပိုးကျရောက်ခြင်းနှင့် ဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုကို လျော့နည်းစေသည်။) ဓာတုဆေးဖြင့် စိုက်ခင်းပတ်လည်အား ပက်ဖျန်းခြင်းလည်းပြုလုပ်နိုင်သည်။
ကြိုတင်ကာကွယ်မည်ဆိုလျှင် စိုက်ခင်းအား ပုံမှန်စစ်ဆေးခြင်း၊ ပေါင်းမြက်များအား ဖယ်ရှားခြင်း၊ နိုက်ထရိုဂျင်အား လွန်ကဲစွာ အသုံးမပြုခြင်း၊ ပျပိုးကျရောက်သည့် အရွက်များအား ဖယ်ရှားခြင်း၊ မျိုးစေ့စီရင်စိုက်ပျိုးခြင်း၊ ရွေးချယ်အာနိသင်ရှိ ပိုးသတ်ဆေးများ အသုံးပြုခြင်းများ ပြုလုပ်ရမည်။ ရောင်ပြန်မြေဖုံးပလပ်စတစ်များ အသုံးပြုခြင်း၊ အနှံအရောင် အစိမ်း သို့မဟုတ် ခရမ်းရောင်ရှိသည့် မျိုးများ စိုက်ပျိုးခြင်း၊ ရေပေးသွင်းခြင်းလည်း ပြုလုပ်နိုင်သေးသည်။
လယ်ယာသီးနှံများ (ပြောင်း၊ ပန်းမုံလာစိမ်း၊ ဂေါ်ဖီ၊ မုံလာဥနီ၊ ပန်းမုံလာ၊ ခရမ်း၊ ငရုတ်၊ ကန်စွန်းဥပင်၊ ခရမ်းချဥ်)၊ အလှစိုက်ပင်များ (ကာနေးရှင်း၊ ဂန္ဓမာ၊ ခရစ်စမတ်ပင်၊ နှင်းဆီ)နှင့် အခြားအပင်များ (ကညွန်၊ ပဲမျိုးစုံ၊ နံနံ၊ သခွား၊ ကိုက်လန်) စသည့်အပင်များ ရောနှောစိုက်ပျိုးခြင်းဖြင့်လည်း ပျပိုးရန်မှ ကာကွယ်နိုင်သည်။
ဓာတုပိုးသတ်ဆေးများအား ညွှန်းပေးရမည်ဆိုပါက ဒိုင်မီသိုအိတ်၊ သိုင်ရာမီသောက်ဇန်၊ ဒိုင်နိုတီဖျူရမ်၊ ကလိုသိုင်ရာနီဒင်၊ ပိုင်မီထရိုဇင်း၊ နိုက်တီပိုင်ရမ်၊ လန်ဘဒါဆိုင်ဟေလိုသရင်၊ အဆီဖိတ်တို့အား သုံးစွဲနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။