Cornucopia

15/01/2018 17:21 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

တိရိစ္ဆာန်တစ်ကောင်၏ ဦးချိုပုံသဏ္ဌာန်ကြီးတစ်ခုထဲကနေ ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကောက်ပဲသီးနှံတွေ ပြည့်လျှံကျလာတဲ့ ဦးချိုပုံသဏ္ဌာန် အလှဆင်ခြင်းတောင်းကြီးကို တခါတရံမှာ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံ ပန်းမန်ပြပွဲတွေမှှာ တွေ့ရတတ်ပါတယ်။ မြန်မာလိုတော့ ဘယ်လိုအမည်မှည့်ခေါ်ထားတယ်တော့ သတိမထား မိခဲ့ပါဘူး။ ဂမ္ဘီရဦးချို သို့မဟုတ်ရင်လည်း ဣစ္စသယဦးချိုလို့ အမည်ပေးလိုက်ရင် လိုက်ဖက်မလားလို့ စဉ်းစားကြည့်မိ ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်အမည်ကတော့ Cornucopia (korn-yoo-Ko-pee-uh ဟု အသံထြက္သည္) ပါ။

Cornucopia ဟာ လက်တင်ဘာသာစကား Cornu (ဦးချို) နဲ့ Copiae (ပေါများကြွယ်ဝခြင်း) တို့မှ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ကောက်ပဲသီးနှံများ ပေါများကြွယ်ဝကြောင်းကို ဖော်ကျူးပြသတဲ့ သင်္ကေတ (A symbol of abundance and nourishment) တစ်ခုအဖြစ် ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ လူသိများကြပါတယ်။

Cornucopia ရဲ့ မူရင်းဇစ်မြစ်ဟာ ဂရိဒဏ္ဍာရီလာ ဇာတ်လမ်းတွေက အခြေတည် အစပြုလာခဲ့ပြီး စာပေတွေမှာ သူနဲ့ပတ်သတ်လို့ ဖော်ပြချက်တွေ အမျိုးမျိုးတွေ့ရပါတယ်။ ထင်ရှားတဲ့ ဂရိဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်အရ၊ ခရိ (Crete) ကျွန်းရဲ့ အိုင်းဒါး (Ida) တောင်ပေါ် ဂူတစ်ဂူတည်းမှာ ကလေးငယ် ဇူးစ် (Zeus) ကို အသားစားကြူးတဲ့ သူ့ဖခင် ခရိုးနပ်စ် (Cronus) ရန်မှ နတ်ဒေဝါတွေက ကာကွယ်ပြုစုစောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။ နတ်ဒေဝါတွေထဲမှာ အမားလ်သီးယား (Amalthea) အမည်ရ အာဟာရဓာတ်ကိုပေးစွမ်းသော ဆိတ်နတ်သမီးက ကလေးငယ် ဇူးစ်ကို သူ့ရဲ့ နို့ချိုနဲ့ တိုက်ကျွေးပြုစု စောင့်ရှောက်ခဲ့ပါတယ်။ နောင်မှာ နတ်ဒေဝါတွေရဲ့ အကြီးအကဲဖြစ်လာမယ့် ကလေးငယ် ဇူးစ်ဟာ ထူးကဲတဲ့ စွမ်းအားတွေရှိနေပြီး၊ တစ်ရက်မှာတော့ သူ့ရဲ့နို့တိုက်မိခင်ဆိတ်နတ်သမီးနဲ့ ကစားနေရင်း အမှတ်မထင် သူ့နို့တိုက်မိခင်ဆိတ်မရဲ့ ဦးချိုတစ်ချောင်းကို ဆွဲချိုးမိသလို ဖြစ်သွားပါတယ်။ အဲဒီမှာတင်  ကလေးငယ် ဇူးစ်ဟာ နတ်ဒေဝါစွမ်းအားတွေနဲ့ သူ့ရဲ့မိခင်ဆိတ်နတ်သမီးအတွက် ကျိုးသွားသော ဦးချိုမှ သူ့မိခင် ဆိတ်နတ်သမီး အလိုရှိတောင်းတမှုမှန်သမျှ အမြဲတမ်း ဆောင်ယူပေးနိုင်ရန် ဖြည့်ဆည်းပေးခဲ့တယ်လို့ ဆိုပါတယ်။

မူလအစတုန်းကတော့ Cornucopia ကို ဆိတ်ချိုအစစ်တွေနဲ့ သစ်သီးတွေ၊ ကောက်ပဲသီးနှံတွေ ဖြည့်ပြီး ပြုလုပ်ဆောင်ရွက်ခဲ့ကြတာပါ။ ယနေ့ခေတ်မှာတော့ တကယ့်ဆိတ်ချိုအစား ကြိမ်၊ ဝါးတို့နဲ့ ရက်လုပ်ထားတဲ့ ဦးချိုပုံစံ ခြင်းတောင်းတွေနဲ့သာ ဆောင်ရွက်ကြပါတော့တယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းအပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့ ချီးကျူးတဲ့ Thanksgiving Day နေ့တွေမှာ ဒီ Cornucopia ဦးချိုကြီးကို သစ်သီးဝလံပန်းမန် ကောက်ပဲသီးနှံတွေနဲ့ လှပဝေဆာစွာ တွေ့မြင်နိုင်ပါတယ်။

အခုဆိုရင် ကျနော်တို့ မြန်မာပြည်မှာလည်း စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ အထိမ်းအမှတ်ပွဲတွေ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲတွေမှာ Cornucopia ဟာ အလှဆင်ပြသစရာတစ်ခုအဖြစ် နေရာယူလာတာ တွေ့မြင်သတိထားမိပါတယ်။

Cornucopia ကို ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကောက်ပဲသီးနှံတွေနဲ့ ပတ်သက်လို့ အလှဆင်ပြသတာပဲဖြစ်ဖြစ်၊ တိုင်းပြည်မြို့ရွာနယ်ပယ်ဒေသတစ်ခုရဲ့ စိုက်ပျိုးရေးသီးနှံတွေနဲ့ ပတ်သက်လို့ ပေါများကြွယ်ဝကြောင်း ဖော်ကျူးတင်ဆက်တာပဲဖြစ်ဖြစ် အရေးပါလာတာကြောင့် သူ့ရဲ့အမည်နဲ့ နောက်ခံ ဒဏ္ဍာရီဇာတ်လမ်းလေးဟာ စိတ်ဝင်စားစရာကောင်းပြီး စိုက်ပျိုးရေးသမားတွေအတွက် ဗဟုသုတအဖြစ် သိထားသင့်လို့ မျှဝေ ရေးသားဖော်ပြ လိုက်ပါတယ်။     ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

4-8-2014

 ကုိးကား

၁။ Cornucopia – Meaning, History, Tips and Suggestions (Laura M. Scott)

၂။ Cornucopia (Wikipedia)

၃။ Cornucopia: Horn of Plenty (Selena Fox)

၄။ Webster’s Third New International Dictionary


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်