ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များ အပိုင်း(၃)

01/03/2024 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရေစီမံခန့်ခွဲခြင်း

သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းသည် ရေလိုအပ်ချက်အများဆုံးဖြစ်ပြီး ရရှိနိုင်သော ရေအရင်းအမြစ် (၇၅%) ထက်ပိုပြီး အသုံးပြုသည်။ ရာသီဥတုပြောင်းလဲလာပြီး နှစ်စဉ်စိုက်ပျိုးရေ အသုံးချမှုများကြောင့် ရေအရင်းအမြစ်လျော့နည်းလာသည်။ ရေရှည်စိုက်ပျိုးထုတ်လုပ်ရန်အတွက် ရေအသုံးချမှုနည်းပြီး ရေကိုချွေတာနိုင်သော အပင်လိုအပ်ချက်လိုက်ပြီး အစက်ချစိုက်ပျိုးနည်း စနစ် သို့မဟုတ် ရေဖျန်းစိုက်ပျိုးနည်းစနစ်ကို အသုံးပြုခြင်းသည် တစ်ယူနစ်ရေအသုံးချမှုအပေါ်မှာ အထွက်ကို တိုးမြင့်စေပါသည်။ ထိရောက်ကောင်းမွန်သောရေသွင်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် သီးနှံစိုက်ခင်း ဧရိယာ (land and crop area) မှ အငွေ့ပျံဆုံးရှုံး (evapo-transpiration losses) မှုကို လျော့နည်းစေပါ သည်။ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်သော နည်းလမ်းအနေဖြင့် စွမ်းအင်ပါဝါကို အသုံးပြု၍ ရေစုပ်စက်ဖြင့် အပင်လိုအပ်သလို ရေပေးဝေခြင်းပါဝင်သည်။ ရေကို အပင်လိုအပ်ချက်ပေါ်မူတည်ပြီး လိုအပ်သလောက်ထည့်သွင်းပေးခြင်းသည် မိုးရေသောက်ဧရိယာများတွင် စိုက်ပျိုးရေများစွာအသုံးပြုခြင်းထက် ပို၍အထွက်နှုန်းကောင်းမွန်သည်ကို လေ့လာသိရှိရသည်။ သင့်တော်သော မျိုးများကိုအသုံးပြု၍ သီးလှည့်စိုက်ပျိုးပေးခြင်းအားဖြင့် ရေကိုထိရောက်စွာ အသုံးချနိုင်သည်။ 

သီးနှံအစီအစဉ် (Cropping sequence)

ကာလရှည် ရာသီဥတုမခန့်မှန်းနိုင်မှု (ဥပမာ- ကာဗွန်ဒိုင်အောက်ဆိုဒ်မြင့်မားခြင်း၊ အပူချိန်မြင့်တက်လာခြင်း၊ အချိန်အခါမဟုတ် ရေကြီးခြင်းနှင့် ခြောက်သွေ့မှု) များသည် သီးနှံများ၏ အထွက်နှုန်းကို လွှမ်းမိုးလျက်ရှိသည်။ အပူလှိုင်းကြောင့် အဖျင်းများခြင်းကို ရှောင်ရှားနိုင်ရန် အပူချိန်မြင့်ချိန်နှင့် ပန်းပွင့်ချိန်မကိုက်ညီနိုင်အောင် မှန်ကန်သော စိုက်ချိန်တွင် စိုက်ပျိုးပေးခြင်းအားဖြင့် သီးနှံအထွက်နှုန်းလျော့နည်းခြင်းကို သက်သာစေပါသည်။ မှန်ကန်သောစိုက်ချိန် စိုက်ပျိုးခြင်းအတွက် မျိုးအလိုက် သုတေသနများစွာပြုလုပ်ရန်လိုအပ် ပါသည်။ ဒေသတစ်ခု၏ ရာသီဥတု အနေအထားကိုလိုက်ပြီး သင့်လျော်သော သီးနှံအမျိုးအစားကို ရွေးချယ်၍ သီးနှံအစီအစဉ်ချမှတ် ဆောင်ရွက်ခြင်းသည် ရာသီဥတုကျ‌ရောက်မှုအပေါ် ကောင်းစွာ စီမံခန့်ခွဲနိုင်မှုကို ပေးစွမ်းပါသည်။ ၎င်းအတွက် ခေတ်မီသော မြေယာစီမံခန့်ခွဲမှုစနစ်နှင့် ကာလရှည် မိုးလေဝသခန့်မှန်းမှုတို့ လိုအပ်ပါသည်။ 

အရည်အသွေးကောင်းသော မျိုးများရွေးချယ်ခြင်း

ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းသော သီးနှံမျိုးများရွေးချယ်ခြင်းသည် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ် တွင် အဓိကသော့ချက်တစ်ခုဖြစ်သည်။ ၎င်းသည် နေရာဒေသအလိုက် သင့်တော်သော မျိုးများ ထုတ်လုပ်ခြင်း လိုအပ်သည်။ 

ဘက်စုံစိုက်ပျိုးမွေးမြူရေး

ရေလွှမ်းသောဒေသနှင့် ပူပြင်းခြောက်သွေ့သောဒေသများတွင် သီးနှံတစ်မျိုးတည်းကို တစ်နေရာတည်းတွင် ဆက်တိုက်စိုက်ပျိုးခြင်းသည် သီးနှံအထွက်နှုန်း ကျဆင်းနိုင်ပြီး အကျိုးအမြတ်နှင့် ဂေဟဗေဒစနစ်ပျက်ပြားမှုများလည်း ကြုံတွေ့ရနိုင်ဖွယ်ရှိသည်။ ဘက်စုံစိုက်ပျိုးမွေးမြူရေးသည် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် တောင်သူများကြုံတွေ့ ရနိုင်ဖွယ်ရှိသော သက်ရှိသက်မဲ့အကြောင်းတရားများ (biotic and abiotic factors) ကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခအမျိုးမျိုး ကို လျော့နည်းသက်သာစေသည်။

လုပ်ကွက်ငယ်တောင်သူ များအတွက် အမျိုးမျိုးသော စီမံခန့်ခွဲနည်းပညာများအသုံးပြု၍ ရာသီဥတု လိုက်လျောညီထွေဖြစ် ပြီး ထိခိုက်မှုလျော့နည်းအောင်ဆောင်ရွက်ပေးနိုင်သော်လည်း လယ်ယာပိုင်ဆိုင်မှု အနည်းငယ်မှ လက်လုပ်လက်စားလယ်သမားများသည် လယ်ကွက်ငယ်စိုက်ပျိုးခြင်း၊ သီးနှံတစ်မျိုးတည်း စိုက်ပျိုးနိုင်ခြင်း၊ ခေတ်မီသော ရာသီဥတုတုံ့ပြန်ခံနိုင်သည့် နည်းပညာမရှိခြင်း၊ သင့်တော်သော မွေးမြူ‌ရေးစီမံခန့်ခွဲမှုနည်းပညာမရှိခြင်းတို့ကို ကြုံတွေ့နေရသည်။ 

ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များတွင် -

သီးနှံစုံ စိုက်ပျိုးနည်းစနစ်ကို အသုံးပြု၍ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချခြင်း

ကာဗွန်သိုလှောင်မှုကို တိုးမြင့်သော မထွန်မယက်စိုက်ပျိုးခြင်း သို့မဟုတ် သဘာဝဝန်းကျင် မပျက်စိုက်ပျိုးခြင်း

စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ မီသိန်းဓါတ်ငွေ့ထုတ်လုပ်မှုကို လျော့ချရန် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း

သီးနှံမျိုးကွဲစုံစိုက်ပျိုးခြင်း၊ စိုက်ချိန်ပြောင်းလဲခြင်း၊ မြေဖုံးသီးနှံအသုံးပြုခြင်း၊ အနည်းဆုံး ထွန်ယက်စိုက်ပျိုးခြင်းနှင့် ရောဂါပိုးမွှားခံနိုင်ရည်ရှိသော မျိုးများဖော်ထုတ်ခြင်း

သီးနှံမျိုးကွဲစုံနှင့် မြေဆီဩဇာစီမံခန့်ခွဲမှုကို အားပေးသော မြေယာပုံစံများကို ဖော်ထုတ် ခြင်း၊ ဥပမာ-မြေဖုံးသီးနှံ သို့မဟုတ် နှစ်ရှည်ခံသီးနှံများကို ထည့်သွင်းစိုက်ပျိုးခြင်း

သီးနှံသက်တမ်းတလျှောက် အစိုဓာတ်ပြတ်လပ်ခြင်း သို့မဟုတ် ရေလွှမ်းခြင်းများကို ရှောင်ရှားနိုင်ရန် စိုက်ချိန်ကို ညှိနိုင်းဆောင်ရွက်ပေးခြင်း

သီးနှံသက်တမ်းပေါ်လိုက်ပြီး လိုအပ်ချက်ပေါ်တုံ့ပြန်သည့်နည်းလမ်းကို အသုံးပြ၍ ရောဂါပိုးမွှား ပွားများမှုကို ကာကွယ်ပေးခြင်း 

အနည်းဆုံးထွန်ယက်စိုက်ပျိုးခြင်း သို့မဟုတ် မထွန်မယက်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုး နည်းစနစ်များပြောင်းလဲခြင်း၊ ရေထိန်းနိုင်မှုစွမ်းအားကောင်းမွန်စေရန် မြေဖုံးစိုက်ပျိုးခြင်း၊ ဥပမာ-ကောက်ပဲသီးနှံများတွင် မြေဖုံးစိုက်ပျိုးခြင်းဖြင့် အကျိုးပြုပိုးမွှားများ၏ နှိမ်နင်းမှု (bio-control of predator) ဖြင့် ပျပိုးကျရောက်မှု (infestation of aphid) ကို လျော့နည်းခြင်း

ခြောက်သွေ့မှုကို လျော့နည်းသက်သာစေရန် မြေယာစိုက်ပျိုးနည်းစနစ်၏ ဂေဟစနစ်ကို ပြောင်းလဲလုပ်ကိုင်ခြင်း၊ ဥပမာ- (၁) လယ်မြေများကို ယာမြေပြောင်းလဲစိုက်ပျိုးခြင်း၊ (၂) မိုးလေဝသ တိကျခန့်မှန်းမှုပေါ်အခြေခံသော မိုးရေသောက်စိုက်ပျိုးခြင်း၊ (၃) ကောင်းမွန် သော ရေသွင်းရေထုတ်စနစ်အသုံးပြုခြင်း

မိုးကောင်းသောက်ဒေသများတွင်  ရေထိန်းသိမ်းနိုင်မှုစွမ်းအားတိုးမြင့်ပြီး အစိုဓါတ်ဆုံးရှုံးမှု ပမာဏကို လျော့နည်းစေရန် ပုံမှန်မြေကြီးကို ထွန်ယက်ပေးခြင်းနှင့် ကာလရှည်ခြောက်သွေ့ သောဒေသများတွင် အစိုဓါတ်ဆုံးရှုံးမှုသက်သာစေရန် စိုက်ပြီးသီးနှံပင်ကြွင်းပင်ကျန်များ ဖြင့် မြေဖုံးပေးခြင်း၊ မြေဖုံးသီးနှံစိုက်ပျိုးပေးခြင်း၊ လက်ဆင့်ကမ်းသီးနှံစိုက်ပျိုးပေးခြင်း ကဲ့သို့သော နည်းလမ်းများကို အသုံးပြုခြင်းနှင့်

ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းသက်သာစေသော မြေယာစီမံခန့်ခွဲသည့် နည်းလမ်းကို အသုံးချခြင်း၊ ဥပမာ- ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း၊ သီးညှပ် သို့မဟုတ် လက်ဆင့်ကမ်းသီးနှံစိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံနှင့် စားကျက်မြက်တိုးမြင့်စိုက်ပျိုးခြင်းကဲ့သို့သော မြေကြီး၏ကာဗွန်သိုလှောင်မှုပမာဏကို တိုးမြင့်စေသောနည်းလမ်းများကို အသုံးပြုနိုင်သည်။  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်