ပဲတီစိမ်းစျေးကွက်ကောင်းပြီး အရောင်းအဝယ်သွက်နေ (တစ်ပတ်စာဈေးကွက် သုံးသပ်ချက်)

24/02/2025 11:11 AM တွင် AMIA AMIA မှ ရေးသား

နှမ်း

နှမ်းမျိုးစုံစျေးကွက်မှာ နှမ်းနက်ကစျေးတက်လာပြီး နှမ်းဖြူကစျေးကျကာ နှမ်းညိုကတော့ စျေးငြိမ်နေပါတယ်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာနှမ်းဖြူက ဆောင်းနှမ်းအသစ်တွေဝင်ရောက်မှုရှိပြီး  လုပ်ငန်းသမားအဝယ်သာပုံမှန်ရှိတာကြောင့် စျေးကျသွားပါတယ်။ နှမ်းညိုကတော့ အရောင်းအဝယ်အေးပေမယ့်  အသစ်အဝင်နည်းတဲ့အတွက် စျေးငြိမ်နေတာပါ။ နှမ်းနက်စမုံက ဆောင်းနှမ်း အဝင်နည်းသလို လက်ကျန်နှမ်းလည်း နည်းတာကြောင့် စျေးတက်ရိပ်ပြလာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ၄၅ ပိဿာကို  ၃၂၀၀၀၀ ကျပ်မှ ၃၃၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ နှမ်းညိုက ၃၀၀၀၀၀ ကျပ် ရှိပါတယ်။ နှမ်းနက်စမုံက အက်စစ်လွတ်နှမ်းမှာ ၇၃၀၀၀၀ မှ ၇၃၅၀၀၀ ကျပ် စျေးပေါက်ပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ပဲတီးစိမ်းဝါးခယ်မတစ်မျိုးသာ စျေးတက်လာပြီး ကျန်တဲ့ ခရမ်း ရွှေဝါပဲတီစိမ်း၊ ပဲခူးရွှေဝါပဲတီစိမ်းနဲ့ ပဲတီစိမ်း(အညာ)ကစျေးငြိမ်နေပါတယ်။

ပဲတီစိမ်းကစျေးငြိမ်နေပေမယ့် တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးကွက်ကောင်းပြီး အရောင်းအဝယ်လည်း သွက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့စျေးငြိမ်နေပြီး  ပဲတီစိမ်း အညာကလည်း အရင်အပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာ စျေးငြိမ်နေတာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့  ၅၂၅၀ မှ ၅၂၇၀ ကျပ်စျေးပေါက်ပြီး ၁၇၀ ကျပ်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

ပဲပုပ်

ပဲပုပ်(မြန်မာ)ကစျေးကျသွားပြီး ပဲပုပ်(ရှမ်း)က စျေးငြိမ်နေပါတယ်။ ပဲပုပ်(မြန်မာ)က လက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားသာ အဝယ်ပုံမှန်ရှိလို့ စျေးကျရိပ်ပြလာပါတယ်။

ပဲပုပ်(ရှမ်း)ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့် စျေးငြိမ်နေပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲပုပ် မြန်မာက ၂၈၈၀၀၀ ကျပ်ရှိပြီး ပဲပုပ်ရှမ်းက ၃၃၀၀၀၀ ကျပ် ရှိနေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတန်းအနည်းငယ် တက်ရိပ်ပြလာပြီး အမြင့်ဆုံးတစ်တန်ကို ၂၉၇၈၀၀၀ ကျပ်အထိရှိလာပါတယ်။

မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်အပေါ်သက်တမ်း ထပ်မတိုးသေးတာကြောင့် စျေးကွက်မတက်ဘဲ  ​အေးနေတာဖြစ်ပါတယ်။ စျေးအေးနေပေမယ့် ပဲအသစ်တွေ အရောင်းအဝယ်ကောင်းနေပြီး ပဲအသစ်တွေစျေးကွက်ထဲ ဝင်ရောက်မှုများနေပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က  မတ်ပဲ (FAQ )တစ်တန်ကို ၂၉၃၂၀၀၀ ကျပ်၊ အင်္ဂါ​နေ့မှာ ၂၉၃၃၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ကျပ်၊ ကြာသပတေးနေ့မှာ ၂၉၆၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၇၈၀၀၀  ကျပ်ရှိပါတယ်။ ခုတပတ်မှာ ၄၀၀၀၀ ကျော်လောက် အတက်ပြလာပါတယ်။

မန္တလေးစျေးကွက်မှာ  မတ်ပဲပိဿာ ၆၀ ကို ၂၆၅၀၀၀ မှ  ၂၇၃၀၀၀ ကျပ်ရှိပါတယ်။

ပဲစဥ်းငုံ

ပဲစဥ်းငုံကတော့ ဒီတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်လာပါတယ်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပဲမျိုးစုံဆွေးနွေးပွဲအပြီးမှာ ခုလိုပြည်တွင်း ပဲစင်းငုံဈေး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော် အထိ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ ဆောင်းပဲစဥ်းငုံအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုရှိ​ပြီး သိုလှောင်မယ့်သူတွေနဲ့ ပဲခွဲစက်တွေက အဝယ်ရှိနေတယ်လို့သိရပါတယ်။ 

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဥ်းငုံနီ တစ်တန် ကို  ၂၉၇၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၂၅၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၃၀၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊  သောကြာနေ့မှာ ၃၀၆၈၀၀၀ ကျပ် ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁ သိန်းကျပ် လောက်တက်လာပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၁၅၀၀၀၀ ကျပ် လောက်တက်လာပါတယ်။ 

မန္တလေးစျေးကွက်မှာတော့  ပဲစဥ်းငုံနီကပိဿာ ၆၀ တစ်အိတ်ကို ၂၈၇၀၀၀ မှ ၂၈၈၀၀၀ ကျပ်ရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်