ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)

05/06/2026 19:00 PM တွင် AMIA AMIA မှ ရေးသား

မိုးနည်း၍ ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုရာသီဥတုက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများ၏ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ခြိမ်းခြောက်လျက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းစဉ်တွင် ရာသီဥတု၏ ခြိမ်းခြောက်မှုကြောင့် နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေသည်။ ထိုအခြေအနေကြောင့် လယ်ယာထွက်ကုန်များ ပြည်ပမှ တင်သွင်းနေရသည့် နိုင်ငံများသည် ဖြစ်ပေါ်လာနိုင်သည့် အကြပ်အတည်းကို ကျော်လွှားနိုင်ရန် စုဆောင်းမှု၊ ပြင်ဆင်မှုများဖြင့် ကြိုတင်ပြင်ဆင်နေကြသည်။

ပဲစင်းငုံ ပြည်တွင်းဈေး အားပျော့နေ

ပဲစင်းငုံစိုက်ပျိုးမည့် မိုးရာသီတွင် အယ်လ်နီညိုရာသီဥတု ခြိမ်းခြောက်မှုကို မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးတွင် ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးသော ပဲစင်းငုံသည် အိန္ဒိယနိုင်ငံသားများ အဓိကစားသုံးသည့် ပဲအမျိုးအစားတစ်ခု ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုကြောင့် မိုးနည်းပြီး ပဲအထွက်နှုန်း ထိခိုက်ပါက ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟူသော သုံးသပ်မှုများလည်း ထွက်ပေါ်လာသည်။

သို့သော် လက်ရှိ ပြည်ပဝယ်လိုအားကြောင့် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ CNF ဈေးက ကျရိပ်သန်းနေသည်။ မြန်မာ့ပဲစင်းငုံ CNF (Cost and Freight) ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်ဒေါ်လာ ၈၂၅ မှ ၈၂၀ သို့ ဈေးပြောင်းလဲလာသည်။ မြန်မာနိုင်ငံတွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေးမှာ ကျဆင်းလာသည်။

ယခုရက်သတ္တပတ် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) 2024-25 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop  တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ ဖြင့် ဈေးဖွင့်ထားသည်။

ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ (နီ) ဈေးမှာ တစ်တန်လျှင် ကျပ် ၃,၁၃၇,၀၀၀ မှ ၃,၁၂၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်ဈေးမှာ တစ်တန်လျှင် ကျပ် ၂,၉၇၀,၀၀၀ ကျော်မှ ၂,၉၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

အမျိုးအစားအလိုက် ဈေးကျသည့် ပဲတီစိမ်း

တရုတ်နိုင်ငံမှ ဝယ်ယူမှု လျော့နည်းလာခြင်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးနှုန်းထပ်မံ ကျဆင်းလာသည်။ ထို့ပြင် ပြည်ပသို့ ရောင်းချသည့် ပဲတီစိမ်း FOB ဈေးနှုန်းသည်လည်း ယခုရက်သတ္တပတ်တွင် အနည်းငယ် ကျဆင်းသွားသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြသည်။ မိုးရာသီတွင် စိုက်ပျိုးသည့် ပဲတီစိမ်းပမာဏ နည်းပါးသော်လည်း အယ်လ်နီညိုရာသီဥတု၏ ခြိမ်းခြောက်မှု ရှိနေသဖြင့် စိုက်ပျိုးသူ တောင်သူအချို့၏ စိုးရိမ်သံများလည်း ကြားနေရသည်။ ထို့ပြင် လက်ရှိ ပဲတီစိမ်းဈေးနှုန်း ကျဆင်းမှုသည် စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် စိတ်ပျက်စရာ ဖြစ်လာစေသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း FOB ဈေးနှုန်းမှာ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ဒေါ်လာ ၉၆၀ / ၉၇၀ မှ ၉၄၀ / ၉၅၀ သို့ ဈေးပြောင်းသွားပြီး ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၉၆၀ / ၉၇၀ ဖြင့် ဈေးငြိမ်နေသည်။

ပဲတီစိမ်း ပြည်တွင်းဈေးသည် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (အညာ) တစ်မျိုးသာ ဈေးကျပြီး ကျန်အမျိုးအစားများ ဈေးငြိမ်နေသည်။ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ / ၅,၂၇၀ မှ ၅,၁၆၅ / ၅,၁၈၅ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ / ၅,၂၇၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်တစ်တန်လျှင် ကျပ် ၃,၂၆၀,၀၀၀ ကျော်မှ ၃,၁၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ကုလားပဲဈေးကျ

ပြည်တွင်း၌ အဓိကစားသုံးပြီး ပြည်ပသို့လည်း တင်ပို့မှုရှိနေသည့် ကုလားပဲသည် ပြည်တွင်း၊ ပြည်ပ ဈေးနှုန်းများ ပျော့လာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကုလားပဲဖြူလုံးကြီး (V2) FAQ အမျိုးအစား၏ FOB တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ ၂၀ ခန့် ကျဆင်းသွားသည်။ ကုလားပဲဖြူလုံးကြီး တစ်တန်လျှင် ဒေါ်လာ ၆၈၀/၆၉၀ မှ ၆၆၀ / ၆၇၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေးမှာလည်း ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ကျပ် ၃,၉၅၀ မှ ၃,၈၆၀ သို့ ဈေးပြောင်းသွားသည်။ သို့သော် ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄,၁၂၀ / ၄,၂၁၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် လုပ်ငန်းသုံး ဝယ်လိုအားနှင့် ပဲခွဲစက်များ၏ ဝယ်ယူမှုအခြေအနေပေါ် မူတည်၍ ဈေးနှုန်းများ အပြောင်းအလဲ ရှိနေသည်။ မန္တလေးဈေးကွက်တွင် ကုလားပဲ (ထိုင်ဝမ်) သစ်တစ်တန်လျှင် ကျပ် ၂၃ သိန်းကျော်ဖြင့် ဈေးငြိမ်နေပြီး ကုလားပဲ (၉၂၉) သစ်မှာ တစ်တန်လျှင် ကျပ် ၂,၃၉၀,၀၀၀ ကျော်မှ ၂,၄၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ကုလားပဲဖြူ (V2) မှာ တစ်တန်လျှင် ကျပ် ၂,၃၃၀,၀၀၀ ကျော်မှ ၂,၃၄၀,၀၀၀ ကျော်၊ ကုလားပဲဖြူ (V7) တစ်တန်လျှင် ကျပ် ၂,၃၅၀,၀၀၀ ကျော်မှ ၂,၃၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

ပြည်တွင်းဈေးငြိမ်လာသည့် ပဲကြီး

ပြည်တွင်း၌ အဓိကစားသုံးပြီး ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ပဲကြီးသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေး ငြိမ်လာသည်။ သို့သော် ပဲကြီး ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ အနည်းငယ် ထပ်မံမြင့်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးနှုန်းသည် ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးမြင့်တက်လာသည်။ ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၄၅၅ / ၁,၄၆၅ မှ ၁,၄၈၅ / ၁,၁၉၅ သို့ ဈေးပြောင်းသွားသည်။

သို့သော် ပြည်တွင်းဈေးတွင် ပဲကြီး (ကုန်း) 2026 Crop တစ်ပိဿာလျှင် ကျပ် ၉,၁၃၀ / ၉,၃၀၅၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၀,၂၆၅ / ၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပဲကြီးကို ပဲကြော်၊ ပဲလှော်လုပ်ငန်းများ၌ အသုံးပြုရန် ပုံမှန်ဝယ်ယူမှုသာ ရှိခြင်းကြောင့် ဈေးငြိမ်နေသည်။ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၆,၄၈၀,၀၀၀ ကျော် ၊ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၆၂ သိန်းကျော်၊ ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၅၈ သိန်းကျော်ဖြင့် ဈေးဖွင့်ထားသည်။

ဈေးလှုပ်နေသည့် ပြောင်း

ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းသည့် တစ်နှစ်တာ အချိန်ကာလ ပြီးဆုံးရန် နီးကပ်လာချိန်တွင် ပြည်တွင်းဈေးကွက်၌ ပြောင်းဈေးနှုန်း လှုပ်ခတ်မှုများပြားလာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးနှုန်း ထပ်မံမြင့်တက်လာပြီး ပြည်တွင်းဈေးမှာ အနည်းငယ် ငြိမ်နေသည်။ သို့သော် မန္တလေးဈေးကွက်တွင် ပြောင်းဈေးနှုန်းသည် အမျိုးအစားအလိုက် အပြောင်းအလဲ ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၂၈၀ / ၂၉၀ မှ ၂၈၅ / ၂၉၅ သို့  ဈေးပြောင်းသွားသည်။ သို့သော် ပြည်တွင်းပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၈၈၀ / ၁,၉၀၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပြောင်းအမျိုးအစားအချို့ ဈေးနှုန်းမြင့်တက်လာသည်။ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၆၃,၀၀၀ ကျော်မှ ၉၇၅,၀၀၀ ကျော်သို့လည်းကောင်း၊ CP ပြောင်းသစ်မှာ တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်မှ ၉၉၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းသွားပြီး အထွက်တိုးပြောင်းနီမှာ တစ်တန်လျှင် ကျပ် ၁,၉၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်