သီးနှံဈေးကွက်သုံးသပ်ချက် (၂၈.၄-၂.၅.၂၀၂၅)

06/05/2025 13:00 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ၊ ပဲစဥ်းငုံက စျေးထပ်ကျသွားပြီး ပဲတီစိမ်းကစျေးတက်လာပါတယ်။ ကုလားပဲ၊ ကြက်သွန်နီစျေးအေးပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ မေလရဲ့ပထမအစမှာ စျေးတန်းထပ်ကျလာပါတယ်။ သင်္ကြန် မတိုင်ခင်ကာလက    တစ်တန်ကို သိန်း ၃၁ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက်မှာ ဆက်တိုက် ပြန်ပြီး စျေးတန်းကျရိပ်ပြလာနေတာဖြစ်ပါတယ်။ 

မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယမှာ ဝယ်လိုအားနည်းနေပြီးစျေးကျနေတာကြောင့် မြန်မာဘက်မှာပါစျေးပြန်အေးသွားတာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၁၅၀၀၀ ကျပ်မှ ၃၀၃၆၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ် တနင်္လာ‌နေ့ကနေ သောကြာ‌‌နေ့ အထိကို ကျပ်သိန်း ၃၀၅၀၀၀၀ မှ ၃၀၅၅၀၀၀ ကျပ်အတွင်း စျေးတန်း ဖြစ်ပေါ်ခဲ့တာကြောင့် ခုအပတ်မှာ တစ်တန်ကို ၁၉၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ဝန်းကျင်စျေးတန်းထပ်ကျလာပါတယ်။

ပဲစဉ်းငုံ

ပဲစဥ်းငုံကလည်း ခုတစ် ပတ်မှာ စျေးတန်းထပ်ကျလာပြန်ပါတယ်။ တစ်တန်ကိုမှ အမြင့်ဆုံး  ၂၉၅၀၀၀၀ ကျပ်သာရှိခဲ့ပါတယ်။ 

ပဲစဥ်းငုံ ကလည်း  အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ လက်ရှိမှာအိန္ဒိယဘက်ကစျေးအေးနေသလို ပြည်တွင်းနိုင်ငံခြားငွေစျေးကလည်း အကျဘက်မှာငြိမ်နေတာ​ကြောင့် ပို့ကုန်ပဲစျေးကွက်လည်း ကျရိပ်ပြနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ်သိန်း  ၂၉၁၂၀၀၀ မှ ၂၉၅၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

အရင်အပတ်တုန်းက ပဲစဉ်းငုံနီ တစ်တန်ကို ကျပ်သိန်း  ၂၉၅၅၀၀၀  မှ ၂၉၇၂၀၀၀ ကျပ်အတွင်း စျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၂၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျော်စျေးထပ်ကျလာပါတယ်။

ကုလားပဲ

သင်္ကြန် ကာလအပြီး ဧပြီနောက်ဆုံးပတ်အထိ  စျေးတန်းမြင့်တက်ခဲ့တဲ့ကုလားပဲကတော့ မေလအစပထမရက်မှာ စျေးတန်းကျရိပ်ပြလာတာတွေ့ရပါတယ်။ စျေးတန်းကျရိပ်ပြပေမယ့် အရောင်းအဝယ်ပုံမှန်ရှိပြီး ပဲခွဲစက်တွေကလည်း အဝယ်ရှိနေတယ်လို့ သိရပါတယ်။ 

ကုလားပဲက ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုဝယ်လိုအားနဲ့ လက်ကျန်အပေါ်လိုက်ပြီး စျေးအတက်အကျရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲခြမ်း တစ်ပိဿာကို ၅၈၀၀ မှ ၆၃၀၀ ကျပ်ရှိနေပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာတော့ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၂၄၀၀၀၀ မှ  ၂၄၂၀၀၀ ကျပ်၊  ကုလားပဲ (V7) က ၂၅၅၀၀၀ မှ ၂၆၀၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၃၄၀၀၀ မှ ၂၃၅၀၀၀ ကျပ်စျေးတန်းရှိတယ်လို့သိရပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ ခုတစ်ပတ် မေလအစမှာ စျေးတန်း တက်လာပါတယ်။   ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းလက်ကျန်နည်းလာတဲ့အတွက် စျေးတန်းထပ်မံတိုက် မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၆၃၃၀ ကျပ်ရှိ ပြီး  ပဲတီစိမ်း အညာက ၅၈၃၀ ကျပ်မှ ၅၈၅၀ ကျပ် နဲ့ တစ်ပိဿာကို ၂၅၀ ကျပ်မှ ၃၃၀ ကျပ်နူန်း အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။  ပဲတီစိမ်း ဝါးခယ်မကတော့   ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ စျေးတန်းငြိမ်နေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ယခုအချိန်ထိ စျေးတန်းအကျဘက်မှာပဲဆက်ရှိနေသေးတယ်လို့သိရပါတယ်။ ကြက်သွန်နီအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးတန်းအေးနေတာဖြစ်ပါတယ်။ စျေးတန်း အေးနေပေမယ့် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့  အခုတစ်ပတ်မှာ အရောင်းအဝယ်သွက်လာတယ်လို့သိရပါတယ်။

မေ ၂ ရက်နေ့ ဘုရင့်နောင် မှာ ဆိပ်ဖြူကြက်သွန်က တစ်ပိဿာကို ၈၅၀ မှ ၁၉၀၀ ကျပ် ၊ မြင်းခြံကြက်သွန်က တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မြစ်သားကြက်သွန်က တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၂၄၀၀ ကျပ်နဲ့ ပခုက္ကူကြက်သွန်က ၁၀၀၀ ကျပ်မှ ၁၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်