အိန္ဒိယ၊ တရုတ် အပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်လိုအား မျှော်လင့်ချက်ရှိသော လယ်ယာပို့ကုန်အချို့ ဈေးအပြောင်းအလဲရှိသော်လည်း ကျန်ပို့ကုန်များက ဈေးကျနေသည်။နိုင်ငံခြားငွေတန်ဖိုး ငြိမ်နေချိန် ပြည်ပဝယ်လိုအားတစ်ခုပေါ် မူတည်ပြီး လယ်ယာပို့ကုန်များ၏ ဈေးနှုန်း ပြောင်းလဲခြင်းကြောင့် အဓိကပို့ကုန်အများစုက လက်ရှိအချိန်တွင် ဈေးကျနေသည်။
ဈေးနှုန်းအပြောင်းအလဲများနှင့် ပဲစင်းငုံ၊ မတ်ပဲ
ရာသီဥတု ထိုးနှက်ချက်ကြောင့် အိန္ဒိယတွင် စိုက်ပျိုးထားသော ပဲစင်းငုံ စိုက်ခင်းများ ပျက်ဆီးခဲ့သည်။ ထိုကြောင့် အိန္ဒိယနိုင်ငံပြည်နယ်အများစုတွင် ပဲစင်းငုံဈေး မြင့်တက်နေသည်။
အိန္ဒိယပြည်တွင်း စားသုံးရန်အတွက် ပဲစင်းငုံကို ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် မလုံလောက်သဖြင့် မြန်မာနိုင်ငံ၊ တန်ဇီးနီးယားနိုင်ငံနှင့် အခြားသော နိုင်ငံများမှ တင်သွင်းနေရသည်။ ကမ္ဘာ့ ပဲစင်းငုံထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံမှ ဝယ်ယူသည်။
လက်ရှိအချိန်တွင် အိန္ဒိယတွင် ပဲစင်းငုံဈေး မြင့်တက်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ပြည်တွင်း ပဲစင်းငုံဈေးက အနည်းငယ် တက်လာသည်။ မြန်မာနိုင်ငံမှ ပြည်ပရောင်းချသည့် ပဲစင်းငုံ FOB ဈေးက ယခင်ရက်သတ္တပတ်ကဲ့သို့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၇၀/၆၈၀ ဖြင့် ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးက တက်လာသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) ဈေးက တစ်တန်လျှင် ကျပ် ၂,၆၄၀,၀၀၀ မှ ၂,၆၅၀,၀၀၀ ကျော်သို့ တက်လာသည်။မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) သစ် ဈေးက တစ်တန်လျှင် ကျပ် ၂,၅၃၀,၀၀၀ ကျော်မှ ၂,၅၅၀,၀၀၀ ကျော်သို့ မြင့်တက်သွားသည်။
ပဲစင်းငုံက ဈေးအတက်ဘက်တွင် ရှိနေချိန်၊ မတ်ပဲက ယခုရက်သတ္တပတ်တွင်လည်း ပြည်တွင်းဈေးသာမက ပြည်ပ FOB ဈေးပါ ဆက်ကျနေသည်။
အိန္ဒိယတွင် လက်ရှိအချိန် မတ်ပဲဈေး ကျဆင်းနေပြီး အိန္ဒိယအစိုးရမှ မတ်ပဲအပါအဝင် ပဲ ၃ မျိုးကို ဝယ်ယူပေးရန် စီစဉ်နေသည်။
အိန္ဒိယတွင် မတ်ပဲကို မိုးရာသီတွင် စိုက်ပျိုးပြီး နှစ်စဉ် စက်တင်ဘာတွင် အသစ်ထွက်ပေါ်လေ့ရှိသည်။ ယခုနှစ်တွင် မတ်ပဲ ရိတ်သိမ်းချိန် မိုးများနေခြင်းကြောင့် ပဲများတွင် ရေငွေ့ပါဝင်မှုများပြီး ဈေးလျှော့ရောင်းရသည့်အခြေအနေမှ ပြည်တွင်းဈေးပါ ဆွဲချသလို ဖြစ်ခဲ့ကြောင်း အိန္ဒိယမီဒီယာအချို့ ဖော်ပြသော သတင်းများတွင် ပါဝင်သည်။
အိန္ဒိယတွင် မတ်ပဲဈေးအားပျော့မှု၏ အကျိုးဆက်က မြန်မာနိုင်ငံမှ ပြည်ပရောင်းချသည့် မတ်ပဲ FOB ဈေးကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ ခန့် ဈေးကျစေခဲ့သည်။
ယခုရက်သတ္တပတ် ပြည်ပ ရောင်းချသည့် မတ်ပဲဈေးက မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၀၀/၇၁၀ မှ ၆၉၅/၇၀၅ သို့ ပြောင်းပြီး မတ်ပဲ SQ က တစ်တန်လျှင် ဒေါ်လာ ၇၇၅/၇၈၅ မှ ၇၇၀/၇၈၀ သို့ ကျသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲ ပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂,၆၃၀,၀၀၀ ၀န်းကျင်မှ ၂,၆၂၀,၀၀၀ ၀န်းကျင်သို့ ကျဆင်းပြီး မတ်ပဲ SQ က တစ်တန်လျှင် ကျပ် ၂,၉၀၈,၀၀၀ မှ ၂,၈၉၅,၀၀၀ သို့ ကျဆင်းခဲ့သည်။

ပြောင်းနှင့် ကြက်သွန်နီဈေး အကျဘက်ရှိနေ
ထိုင်းနိုင်ငံမှ သွင်းကုန်အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာပြောင်း အဝယ် ရပ်နားပြီးနောက် ပြည်တွင်းပြောင်းဈေးက ဆက်တိုက် ပြန်လည်ကျဆင်းခဲ့သည်။ ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ကျဆင်းလာသည်။
ပြောင်းအသစ်များ ဈေးကွက်ဝင်လာပြီး ပြည်တွင်း မွေးမြူရေးအစားအစာစက်ရုံများနှင့် အရက်ချက်စက်ရုံများ၏ ဝယ်လိုအားလည်း ပုံမှန်ရှိနေသော်လည်း ဈေးကကျဆင်းနေသည်။
ယခုရက်သတ္တပတ် ပြည်ပ ရောင်းချသည့် ပြောင်း FOB ဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၄၀/၂၅၀ မှ ၂၃၅/၂၄၅ သို့ ကျဆင်းသည်။
ရန်ကုန်ဈေးကွက်တွင်လည်း ပြောင်းဈေးက တစ်ပိဿာလျှင် ကျပ် ၁,၄၁၀/၁,၄၃၀ မှ ၁,၃၇၀/၁,၃၉၀ သို့ ပြောင်းလဲခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင်လည်း ပြောင်းဈေးအပြောင်းအလဲရှိနေသည်။ ရှမ်းပြောင်း တစ်တန်လျှင် အမြင့်ဆုံး ကျပ် ၉၀၀,၀၀၀ ကျော်မှ ၈၈၀,၀၀၀ ကျော်၊ CP ပြောင်း (သစ်) တစ်တန်လျှင် ကျပ် ၉၀၀,၀၀၀ ကျော်မှ ၈၈၀,၀၀၀ ကျော်သို့ ပြောင်းလဲခဲ့သည်။
ပြည်ပ ဝယ်လိုအားနည်းပြီး ဈေးကွက် ယှဉ်ပြိုင်မှုများနှင့် ကြုံနေရသည့် ကြက်သွန်နီ ပြည်တွင်းဈေးက ယခုရက်သတ္တပတ်တွင် အကျဘက်ကို ပြောင်းလဲနေသည်။ ပြည်ပသို့ ရောင်းချသည့် ကြက်သွန်နီ FOB ဈေးက တစ်တန်လျှင် အနည်းဆုံး ဒေါ်လာ ၁၇၀/၁၈၀ မှ အများဆုံး ၃၂၅/၃၃၅ ဈေးဖွင့်ခဲ့ရာမှ ၁၁၅/၁၆၅ မှ ၃၁၀/၃၂၀ သို့ ပြောင်းလဲခဲ့သည်။
ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ ပြည်တွင်းဈေးက ပျှဉ်းမျှ တစ်ပိဿာလျှင် ကျပ် ၁,၅၅၀ မှ ၁,၇၀၀ အကြား ဈေးဖွင့်သည်။
ဈေးကွက်အတွင်း ရောင်းချသည့် အမျိုးအစားအလိုက် ကြက်သွန်နီဈေးက ဆိတ်ဖြူ (သစ်) ရှယ် တစ်ပိဿာ ကျပ် ၁,၆၀၀၊ မြင်းခြံ (သစ်) ရှယ် တစ်ပိဿာ ကျပ် ၁,၃၀၀၊ မုံရွာ (သစ်) ရှယ် တစ်ပိဿာ ကျပ် ၁,၇၀၀ ဈေးဖွင့်သည်။
ဆီထွက်သီးနှံဈေး အပြောင်းအလဲ
မြေပဲအသစ်များ ဈေးကွက်ဝင်လာသော်လည်း ဆီကြိတ်လုပ်ငန်းများ၊ ပြည်တွင်း လုပ်ငန်းသုံးရန်နှင့် ပြည်ပ တင်ပို့ရန် ဝယ်လိုအားကြောင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်နေသည်။
ရန်ကုန်ဈေးကွက်တွင် မြေပဲ ပြည်ပ ရောင်းချသည့် FOB ဈေးက ယခုရက်သတ္တပတ်တွင် တစ်တန်လျှင် ဒေါ်လာ ၄၀ ဖြင့် ပြောင်းလဲခဲ့သည်။ မြေပဲလုံးဆန် တစ်တန်လျှင် ဒေါ်လာ ၁,၃၁၅/၁,၃၂၅ မှ ၁,၃၅၅/၁,၃၆၅ သို့ မြင့်သွားသည်။ပြည်ပ ရောင်းချသည့် မြေပဲ FOB ဈေး မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးလည်း အပြောင်းအလဲရှိနေသည်။
မန္တလေးဈေးကွက်တွင် မြေပဲ S1 လုံးဆန် တစ်တန်လျှင် ကျပ် ၅,၃၂၀,၀၀၀ ကျော်မှ ၅,၂၆၀,၀၀၀ ကျော်၊ မြေပဲဆီဆန် တစ်တန်လျှင် ကျပ် ၄,၈၉၀,၀၀၀ ကျော်မှ ၄,၇၄၀,၀၀၀ ကျော် ဈေးကျပြီး အနီလုံးဆန် တစ်တန်လျှင် ကျပ် ၅,၁၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ဆီထွက်သီးနှံဖြစ်သည့် နှမ်းကလည်း ယခုရက်သတ္တပတ်တွင် ပြည်ပဈေးသာမက ပြည်တွင်းဈေးလည်း တက်လာသည်။တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့နေသော နှမ်းက ယခုရက်သတ္တပတ် တွင် FOB ဈေး တစ်တန် လျှင် ဒေါ်လာ ၄၀ ဖြင့် မြင့်တက်သည်။
ရန်ကုန်ဈေးကွက်တွင် နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၅၀၅/၂,၆၁၅ မှ ၂,၆၄၅/၂,၆၅၅ သို့ ပြောင်းလဲခဲ့သည်။ ပြည်တွင်းဈေးက နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၁၀၄ သိန်းကျော်မှ ၁၀၆ သိန်းကျော်သို့ မြင့်တက်သည်။
ထို့အပြင် နှမ်းဖြူကလည်း ရန်ကုန်ဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၁,၀၈၅/၁,၀၉၅ မှ ၁,၀၉၅/၁,၁၀၅ သို့ ပြောင်းလဲသည်။ ပြည်တွင်းဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) က တစ်တန်လျှင် ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၁၅၀,၀၀၀ ကျော်သို့ ပြောင်းလဲခဲ့သည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်