ငှက်ပျော စနစ်တကျ စိုက်ပျိုးနည်း

Photo - ငှက်ပေျာ

၁။ မြေအမျိုးအစား

မြေသားနက်ရှိုင်း၍ ရေစိမ့်စီးမှု ကောင်းသော နှုန်းမြေဖြစ်ပြီးမြေဆီဩဇာ ပြည့်စုံသောမြေသည် အကောင်းဆုံး ဖြစ်သည်။ မြေအချဉ်အငံဓာတ် အနည်းငယ်မြင့်သောမြေတွင် ဆားဓာတ်ပါဝင်မှု(၀.၀၅%) ထက် များသော ဆားပေါက်မြေတွင် မစိုက်ပျိုးသင့်ပါ။

၂။ ရာသီဥတု

အပူချိန် (၁၀ ံ-၄၀ ံ) စင်တီဂရိတ်အတွင်းကောင်းစွာပေါက်ရောက်သည်။ ပျှမ်းမျှအပူချိန် (၂၆.၇) စင်တီဂရိတ်နှင့် လစဉ် မိုးရေချိန် (၁၀) စင်တီမီတာခန့်သည် အကောင်းဆုံးဖြစ်သည်။ ဆီးနှင်းကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ လေပူများပြင်းထန်စွာ တိုက်ခတ်ပါက ငှက်ပျောပင်များအား အနာတရဖြစ်စေသည်။ ထို့ကြောင့် လေကာပင်များ စိုက်ပျိုးရန်လိုအပ်သည်။

၃။ ငှက်ပျောစိုက်ပျိုးသင့်သော မြေ

ငှက်ပျောသည် မြေ အမျိုးမျိုးအပေါ်တွင်စိုက်ပျိုးဖြစ်ထွန်းသည်။ ငှက်ပျောစိုက်ပျိုးသောမြေသည် သဲနုန်းဆန်သောမြေသား၊ နုံးဆန်သော ရွံ့မြေသား၊ မြေချဉ်ငံဓာတ် ၆ မှ ၇.၅ အတွင်း စိုက်ပျိုးသင့်သည်။ ရွံ့စေးမြေ၊ သဲမြေ၊ ဆားပေါက်မြေ၊ ထုံးပေါက်မြေ မဖြစ်သင့်ပါ။ အစိုဓာတ်ရှိပြီး မြေဆီ မြေနှစ်ကောင်းရမည့်အပြင် ရေသွင်းရေထုတ် ကောင်းမွန်တဲ့မြေနေရာ တစ်ခု ဖြစ်ရပါမယ်။

ငှက်ပျောအမျိုးအစားကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

၄။ မျိုးပွားခြင်း

သားတက်ဖြင့် မျိုးပွားကြသည်။ ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်း ဖြင့်လည်း မျိုးပွားလာကြပြီးဖြစ်သည်။ သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက် ဟူ၍ ရှိပါသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာ ရွက်ပြားကြီးသည်။ လှံစို့သားတက်သည် (၁၁)လနှင့် အခိုင်ကျပြီး၊ ရေစို့သားတက်မှာ (၁၅)လကြာမှသာအခိုင်ကျသည်။ ရွေးချယ်ထားသောသားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုန်းပြီး သားတက်ခေါင်းကို ရွှံ့ရည်တွင်နှစ်စိမ်ပါ။ ထို့နောက် သားတက်တစ်ခုကိုfuradanဆေးအစေ့ခဲ (၂၀-၄၀) ဂရမ်နှုန်းပက်ဖြူးပေးခြင်းဖြင့် မြေတွင်းအောင်းပိုးနှင့် နီမတုတ်ကိုကာကွယ်ပါ။
မစိုက်ပျိုးမီ သားတက်ကို ၃-၄ ရက် အထိ အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ ၂ ပေချန်ပြီး အပင်ကို ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင် စိမ်ပြီးမှ စိုက်ပျိုးကြပါ။ မိုးဦးမကျခင် မေလဆန်းပိုင်းမှာ စိုက်ရင် မိုးရွာချိန် အမြစ်သစ်ထွက်ပြီး ဖြစ်တဲ့အတွက်သားတက်မပုပ်တော့ပါ။ ဒါကြောင့် မစိုက်မီ ၂ လ ကြိုတင်ပြီး စိုက်ကျင်းပေါ် မြေဆွေးထည့်ရပါမည်။

အပင်တစ်သျှူးမျိုးပွားနည်းဖြင့် စိုက်ပျိုးရာတွင် ငွေကြေးစိုက်ထုတ်ရန် အခက်အခဲရှိနိုင်သော်လည်း တစ်သျှူးဖြင့် မျိုးပွားထားသော ငှက်ပျောသည် ပနားမားရောဂါ ရွက်ပြောက်ရောဂါမှ အစ ဗိုင်းရပ်ရောဂါ ကင်းစင်နေသည့်အတွက် အရည်အသွေးပြည့်ဝသော ငှက်ပျောခိုင်ကို ထုတ်လုပ်နိုင်ပါသည်။ ထိုကဲ့သို့ ငှက်ပျောမျိုးသည် သက်တမ်းအားဖြင့် စောစီးစွာ သီးခိုင်ထွက်ပေါ်ပြီးနောက် အချိန်တစ်နှစ်ပတ်လုံး ဝယ်ယူစိုက်ပျိုးနိုင်ပါသည်။ မိခင်ပင်မှ အခိုင်ခုတ်သိမ်းပြီးနောက် သားဆက် (၂) ဆက် အထိ အသီးအခိုင်အထွက်နှုန်း အရည်အသွေး အလျော့ကျစေဘဲ ဆက်လက်ထိန်းသိမ်းနိုင်ပါသည်။

ငှက်ပျောမျိုးအရွယ်အစား ညီညာစွာ ထုတ်လုပ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အသီးခိုင်ခုတ်ပြီး ပင်စည်ယောင်ဖြစ်သည့် ရွက်ညာပြားနွမ်းတဲ့ အချိန် ဗိုင်းရပ်အပါအဝင် ရောဂါကငိးစင်သော အပင်ကို သတိပြုပြီး ငှက်ပျောခေါင်းများကို တူးယူပါ။ ပင်ပိုင်းဖူးပါသော နေရာကို ခွဲချပါ သို့မဟုတ် ၎င်းအတိုင်း လွှစာမှုန့် မြုပ်စိုက်ပါ။
ငှက်ပျောခေါင်းမှ အတက်များထွက်လာပြီး အမြစ်သစ်စတင်ထွက်ပေါ်ချိန်မှာ ဖဲ့ထုတ်ပြီး အမြစ်သစ် စတင်ထွက်ပေါ်ချိန်မှာ ဖဲ့ထုတ်ပြီး ပျိုးအိတ်ဖြင့် နောက်ထပ်ပျိုးထောင်ပေးခြင်းဖြင့် ငှက်ပျောခိုင်ထွက်ပေါ်မှု တညီတညာတည်း ရရှိစေမှာ ဖြစ်ပါတယ်။

၅။ မြေပြုပြင်ခြင်း

ငှက်ပျောစိုက်ခင်းဟာ နှစ်ပေါင်းများစွာ ထားရှိပြီး အသီးခူးဆွတ် ရိတ်သိမ်းနိုင်ပါသည်။ သို့သော်လည်း အရည်အသွေးကောင်းအောင် ထုတ်လုပ်ဖို့ဆိုရင် (၇-၁၀) နှစ်အတွင်မှာ ငှက်ပျောပင်အုံများကို ပြန်လည်တူးဖော်ပြီး ၂ နှစ်မျှကြအောင် ပဲမျိုးစုံပင်များစိုက်ပျိုးပေးကြရမည်။ ၂ နှစ်ကျော်သောအခါ သစ်စိမ်းမြေသြဇာအဖြစ် မြေကြီးသို့ နှစ်မြုပ်ပေးကာ မြေပြုပြင်ခြင်း ပြုလုပ်သင့်သည်။

မြေယာထွန်ယက်ခြင်းတွင် ထက်နက်နက်ထိုးပြီး ထွန်မွှေကာမြေညှိပါ။ ကျင်းအကျယ်(၆၀) စင်တီမီတာ (၂၃ ပေ) ပတ်လည်တူးပါ။ ဆွေးမြေပြီးသော စပါးခွံ၊ သစ်ရွက်ဆွေးမြေ၊ နွားချေး၊ မြေဆွေး (၂၀-၃၀) ကီလိုဂရမ်(၁၂ - ၁၈ ပိဿာ)၊ တမာကြိတ်ဖတ် ၂၅၀ ဂရမ် (၁၅ ကျပ်သား) နှင့် မြေအောင်းပိုး၊ နီမတုတ် နှိမ်နင်းနိုင်ရန်အတွက် carbofuran ၂၀ ဂရမ် (ဟင်းစားဇွန်း ၂ ဇွန်း) ကို အပေါ်ယံမြေနှင့်ရော၍ စိုက်ကျင်းတွင် ထည့်ကြပါတယ်။

၆။ စိုက်ပျိုးခြင်း

အပင်မြင့်မျိုးများကို အနည်းဆုံး (၂.၁×၂.၁) မီတာ (၇) ပေ ပတ်လည်အထိ ပင်ကြားတန်းကြား အကွာအဝေး ထားရမည်။ အပင်သိပ်သည်းစွာစိုက်စနစ်တွင် (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧကအပင် (၁၇၉၉)ပင် ဝင်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေပါသည်။ အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့်ကာလမှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိုးပါ။

၇။ မြေဩဇာနှုန်ထား

စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး (၂၀)ကီလိုဂရမ် (၁၂ ပိဿာ)၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (၀.၅)ကီလိုဂရမ် (၃၀ ကျပ်သား)၊ တီစူပါ (၇၅)ဂရမ် (၄ ကျပ်သားခွဲ) ကို အပေါ်ယံမြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ် (၂၆ ကျပ်သား)၊ တီစူပါ (၂၁၀) ဂရမ် (၁၂ ကျပ်သား)၊ ပိုတက်(၃၂၀) ဂရမ် (၁၉ ကျပ်သား) နှုန်းထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ် (၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ်(၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက် ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅)နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းကို ငှက်ပျောဖူး မထွက်မီ (စိုက်ပြီး ၅-၆ လအကြာ) အပြီးဆောင်ရွက်ပါ။

၈။ သားတက်များ ဖယ်ရှားခြင်း

ပန်းပွင့်ချိန်အထိ မိခင်အပင်မှ သားတက်အားလုံးကို ဖယ်ရှားပေးပါ။ ပန်းပွင့်ပြီးနောက် သားတက်တစ်ခုသာ ထားရှိပါ။ အပင်ဦးရေသိပ်သည်းစွာ စိုက်သည့်စနစ်တွင် အခင်းသစ်၌ ငှက်ပျောခိုင် (၇၅-၈၀)% ခုတ်ပြီးသည်အထိ သားတက်များကို ထားရှိနိုင်ပါသည်။

၉။ အပင်ပြုစုရာတွင် သတိပြုရမည့်အချက်များ

ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှု မရှိစေရန် ဂရုစိုက်ဆောင်ရွက်ပါ။ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါ။ သို့ရာတွင် နွေနှင့်ဆောင်းရာသီတွင် အပင်များကိုရေပေးသွင်းနိုင်ရန် ဆောင်ရွက်ပါ။ သီးခိုင်ထွက်လာလျှင် ဝါးဖြင့် ကျားကန်ထောက်ပေးပါ။ နေလောင်ခြင်း၊ ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလတ်စတစ်အိတ်ဖြင့်စွပ်ပေးပါ။

ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့် အပင်အစိတ်အပိုင်းများအားဖယ်ရှားပေးပါ။ အသီးကြီးထွားရန် ငှက်ပျောဖူး (အဖိုဖူး) အားဖြတ်ပေးပါ။ စီးပွားရေးတွက်ခြေကိုက်ရန် ငှက်ပျောခင်းအား (၃-၅) နှစ်အထိသာထားပြီးအသစ်ပြန်စိုက်ပါ။ အသီးခိုင်ခုတ်ပြီး (၃၀-၄၅) ရက်အထိပင်စည်မကို အရင်းမှ မခုတ်ဘဲ နည်းနည်းချင်း ဖြတ်ပေးပါ။ ပင်စည်မ မှ အစာအာဟာရများသည် ကြီးထွားနေသောလမိုင်းအပင် (သားတက်) ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါသည်။

၁၀။ ရောဂါများ

ပနားမားညှိုးသေရောဂါ

မြေကြီးထဲမှာ ခိုအောင်းရှိနေတဲ့ Fusarium မှိုက ငှက်ပျောပင်ရဲ့ အမြစ်များမှ တစ်ဆင့် ပင်စည်နှင့် အရွက်များသို့ ရေသယ်ပို့ရာမှ ပါသွားပြီး ဂျယ်လီနှင့် အစေးများထုတ်သဖြင့် တစ်ပင်လုံးကို ရေနှင့် အာဟာရများ စီးဆင်းခြင်းကို ဖြတ်တောက်လိုက်သည့်အတွက်ကြောင့် ထွက်ပေါ်လာသည့် အရွက်များ အရောင်ဖြော့တော့ကာ အရွက်အစာချက်စေသည့် လုပ်ငန်းစဉ်လည်း ပျက်စီသွားစေပြီး အရွက်များ အညိုရောင်ပြောင်းကာ ရွက်ရိုးတံမှ ခါးကျိုးကျကာ အရွက်၏ လုပ်ငန်း စဉ်များ ဆုံးရှုံးလာပြီး အပင်အတွင်ပိုင်း အူတိုင်မှာလည်း တစ်ဖြေးဖြေးပုပ်ဆွေးသွားသဖြင့် အပင်ညိုးသေတာ ဖြစ်ပါတယ်။

အပြင်ဘက်ဆုံး အရွက်များ စတင်ဝါလာခြင်း၊ ရွက်ညှာမှ ငိုက်ကျခြင်းများစတင်ဖြစ်ပေါ်၍ မကြာမီအရွက်များအားလုံး ငိုက်ကျပြီး အပင်သေသွားသည်။ ခံနိုင်ရည်ရှိမျိုးကိုစိုက်ပျိုးပါ။ သီးမွှေးခွံဝါမျိုးများမှာဤရောဂါခံနိုင်ရည် ရှိသည်။ ရောဂါရအပင်ကိုတူးထုတ်လိုက်ပါ။ ရောဂါရမြေတွင် (၃-၄)နှစ်အတွင်း ငှက်ပျောမစိုက်သင့်ပါ။ Carbendazim2% ဆေးရည် ကို ငှက်ပျောခါင်းတစ်ခုလျှင် (၃) စီစီ ထိုးသွင်းပေးပါ။ ငှက်ပျောခင်းအား ရေလွှမ်းပေးခြင်း၊ သီးလှည့် စိုက်ပျိုးခြင်းဖြင့် ပြုလုပ်ပါ။ မြေဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ပျိုးကတည်းက ငှက်ပျောတက်များကို မှိုဆေးစိမ်ပေးကာ စိုက်ကျင်းမှာ ထရိုက်ဂိုဒါးမားမှိုမြေဆွေးကဲ့သို့ ရောဂါတိုက်ခိုက် နိုင်စွမ်းရှိသော အရာများကို ထည့်ပေးရန် လိုအပ်သည်။

ရွက်ပျောက်ရောဂါ

အရွက်များမရင့်မီ ရွက်နားများ၊ မျက်နှာပြင်များခြောက်လာသည်။ ရောဂါပြင်းထန်ပါက အသီးများ ကြီးထွားရင့်မှည့်ခြင်း မရှိတော့ချေ။ ရောဂါမပြင်းထန်ပါက အခိုင်၊အဖီးများ ငယ်သွား၍ အသီးမရင့်ဘဲ မှည့်သွားတတ်သည်။ Dithane M45, Calixin သို့မဟုတ် Meneb ပက်ဖျန်းပေးပါ။

ငှက်ပျောထိပ်စုရောဂါ

ငှက်ပျောရွက်များပေါ်တွင် အစိမ်းရောင်အစင်းများ ဖြစ်ပေါ်၍ ကျွတ်တတ်သည်။ အရွက်များသေးငယ်လာပြီး စုထောင်နေတတ်သည်။ ပျပိုးမှ ဆစ်ဆင့် ဗိုင်းရပ်(စ်)ရောဂါ ဖြစ်စေခြင်း ဖြစ်သည်။ ပျပိုးများကို Decis ကဲ့သို့သော ပိုးသတ်ဆေးမျိုးဖြင့် ပက်ဖျန်း ကာကွယ်နှိမ်နင်းပါ။ ရောဂါရ အပင်များအား တူးထုတ်ပေးပါ။

၁၁။ ပိုးမွှားများ

ငှက်ပျောအမြစ်ထိုးပိုး

ငှက်ပျောခေါင်းနှင့် ပင်စည်ယောင်တွင်းသို့ ထိုးဖောက်ကာ ဥများကိုဥထားကြပြီး ပိုးလောက်ကောင်ဘဝမှာ ပင်စည်ထဲမှာ စားသောက်ခြင်းဖြင့် ငှက်ပျောပင်စည် ဒဏ်ရာ ရရှိကာ ၎င်းဒဏ်ရာကြောင့် ပင်စည်ပုပ်ရိပြီး ကျိုးကျခြင်းဖြစ်သည်။ နွားချေးမြေဆွေး ကောင်းစွာမဆွေးမြေ့ဘဲ ထည့်သွင်းခြင်း တစ်ချို့သောခြံများတွင် ငှက်ပျောပင် အရင်းမှ မြေဖုံးပေးသောကြောင့် ကျရောက်မှု့ ပိုမို ဖြစ်ပွားသည်။

ပိုးကျသည့် သားတက်များ ညှိုနွမ်းနေပြီး ကြီးထွားမှုမရှိတော့ပါ။ လေပြင်းတိုက်ပါက ဖြစ်သင့်သည်ထက် အပင်များကျိုးကျကုန်သည်။ ပင်စည်ခြေရင်းတွင် ပိုးလောက်ကောင်၊ကျိုင်းကောင်ကြီးများကိုရှာဖွေနှိမ်နင်းပါ။

အပင်ခြေတွင် ပေါင်းမြက်အမှိုက် ကင်းစင်ပါစေ။ Furadamဆေးကိုစတင်စိုက်ပျိုးချိန်တွင် ထည့်ပေးပါ။

ပ်ပိုး

ပျပိုးက များသောအားဖြင့် သီးနှံပင်၏ အရွက်အောက်မျက်နှာပြင်မှာ ကျရောက်တက်ကာ ငှက်ပျောအရွက်မှာ ကျရောက်ဖျက်ဆီးမှု နည်းပါးပေမယ့်လည်း ငှက်ပျောခြံမှာ ပေါင်းမြတ်ပေါများနေရင် ပဲတိုင်ထောင်၊ ရုံးပတီ၊ ဘူးပင်၊ သခွားပင်၊ ခရမ်းပင်ကဲ့သို့ ကြားသီးနှံပင် စိုက်ပျိုးထားမယ်ဆိုရင်တော့ ရောဂါသယ်ဆောင်နိုင်သည့် ပျပိုးကြောင့် ငှက်ပျောခင်းမှာ ဗိုင်းရပ်ရောဂါ ကျရောက်နိုင်မည်ကို အထူုးသတိပြုရမည်။

ငှက်ပျောခြံကို ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။ သီးမွှေးအုပ်စုကဲ့သို့ အထွက်နုန်းမြင့်မားသော မျိုးကိုစိုက်လျှင် မည်သည့် ကြားသီးနှံမှ မစိုက်သင့်ပါ။

၁၂။ အထွက်နှုန်း

အခင်းသစ်တွင် တစ်ဧကအထွက်နှုန်း (၄၈)တန်၊ ပထမနှစ် လမိုင်းခင်းတွင် (၃၆) တန်နှင့် ဒုတိယနှစ်လမိုင်းခင်းတွင် (၂၂)တန် ထွက်ရှိပါသည်။

ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန၊ ငှက်ပျောစီးပွားဖြစ် စိုက်ပျိုးရေး



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)