အုန်းစိုက်ပျိုးရေး

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

အုန်းသည် အပူပိုင်းဒေသသစ်သီးပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အပူပိုင်းဒေသ အုန်းမျိုးနွယ်ပင် အပင်များ၏ ဘုရင် (King of Tropical Palm) ဟု တင်စားကြသည်။ အုန်း၏ သိပ္ပံအမည်မှာ Cocos nucifera Linn ဖြစ်ပြီး Arecaceae/Palmaceae မျိုးရင်းဝင် အပင်ဖြစ်သည်။ မူရင်းဒေသများမှာ အရှေ့တောင်အာဖရိကနှင့် မလေးရှားနိုင်ငံဟု ယူဆကြသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ထွန်းအောင်မြင်သည်။ ကုန်းတွင်းပိုင်းဒေသတွင်မူ မန္တလေးတိုင်းအတွင်းတို့အထိ ဖြစ်ထွန်းအောင်မြင်သည်ကို တွေ့ရသည်။

ရာသီဥတု

အုန်းကို နေ့ညအပူချိန်များစွာ ကွာခြားမှုမရှိသော အပူပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် ပူနွေး စိုစွတ်သောရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသည်။ အသီးထွက်နှုန်းနှင့် ကြီးထွားမှု အကောင်းဆုံးအတွက် အသင့်တော် ဆုံးအပူချိန်မှာ ၂၇ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ မိုးရေချိန်အနေဖြင့် အနည်းဆုံး ၆၀ လက်မခန့်အထိ ရွာသွန်းမှုလိုအပ်ပြီး တစ်နှစ်ပတ်လုံးဖြန့်၍ ရွာလျှင် အကောင်းဆုံးဖြစ်သည်။ စိုက်ပျိုးမည့်မြေသည် ရေစီရေလာကောင်းလျှင် မိုးရေချိန်လက်မ ၁၀ဝ ကျော် ရွာသွန်းသောဒေသများတွင်လည်း ဖြစ်ထွန်းနိုင်ပါသည်။ အုန်းပင်သည် နေရောင်ခြည်သည်ရရှိမှုကို နှစ်သက်သောအပင်ဖြစ်သောကြောင့် နေရောင်ခြည်ရရှိမှုကို များများလိုအပ်ပါသည်။ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နှစ်လျှင် နေသာချိန်နာရီ ၂၀ဝဝ ခန့် တစ်လလျှင် ၁၂၀ ခန့်ရှိသင့်ပါသည်။

မြေအမျိုးအစား
ရေစီးရေလာကောင်းသော မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ သို့သော်လည်း မြေအောက်တွင် မြေကျစ်လွှာများ/ကျောက်ဖျားများခံနေသောမြေများတွင် စိုက်ပျိုးခြင်းကို ရှောင်ရှားရပါမည်။ နုန်းတင်မြေနုများတွင် စိုက်ပျိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မြေချဉ်ငံဓါတ်အနေဖြင့် pH-7 သည် အသင့်တော်ဆုံးဖြစ်သည်။

အုန်းမျိုးများ

အုန်းတွင် အဓိကအားဖြင့် အုန်းကြီးမျိုးနှင့် ဝတ်မလွတ်မျိုးဟူ၍ ရှိပါသည်။ ဝတ်မလွတ်မျိုးသည် အပင်ပုမျိုးဖြစ်ပြီး အသီးအရွယ်အစား သေးငယ်လေ့ရှိသည်။ စော၍ သီးပွင့်သည်။ အပင်သက်တမ်း ၃ နှစ်မှ ၅ နှစ်အတွင်း အသီးများကို စီးပွားဖြစ်ဆွတ်ခူးရရှိနိုင်သည်။ အုန်းကြီးမျိုးခေါ်အုန်းထရံမှာမူ သီးပွင့်ချိန်နောက်ကျသည်။ အပင်အရပ်မြင့်ပြီး အသီးအရွယ် အစားကြီးသည်။ နှစ်ပေါင်း ၈၀ မှ ၁၀ဝ အထိ အသီးများကို စီးပွားဖြစ်ဆွတ်ခူးနိုင်သည်။ ဝတ်မလွတ် အုန်းမျိုး၏ စီးပွားဖြစ်ဆွတ်ခူးရရှိနိုင်သော သက်တမ်းမှာ အနှစ် ၄၀ ခန့်သာရှိသည်။ ရာသီဥတု၊ ရေ၊ မြေ အကြမ်းခံမှုတွင် အုန်းကြီးမျိုးများက ပို၍ အကြမ်းခံနိုင်သည်။ ခြံများတွင် ဝတ်မလွတ်အုန်းမျိုးကို စိုက်မည်ဆိုလျှင် ရေ၊ မြေ ကောင်းမွန်၍ မြေဩဇာထက်သန်သော နေရာမျိုးတွင်စိုက်သင့်သည်။ ကမ္ဘာအုန်းစိုက်ပျိုးသည့်နိုင်ငံများတွင် စီးပွားဖြစ်အားဖြင့် အုန်းကြီးမျိုးများကို စိုက်ပျိုးလေ့ရှိသည်။

အုန်းမျိုးရွေးချယ်ခြင်
စိုက်မည့်အုန်းမျိုးရွေးချယ်ရာတွင် မိခင်အပင်သာမက မိခင်အပင်၏ပတ်ဝန်းကျင်တွင်ရှိသော အုန်းပင်များလည်း အသီးအားကောင်းရန် လိုအပ်ပါသည်။ ရွေးချယ်မည့်မိခင်အပင်သည် သက်တမ်းအားဖြင့် အနှစ် ၂၀ မှ ၃၀ အထိ ရှိသင့်ပါသည်။ နှစ်အတော်များများကိုကြည့်လျှင် အသီးထွက်နှုန်းကောင်းရပါမည်။ တစ်ခိုင်ပါ အသီးအရေအတွက်များပြီး အသီးတင်နှုန်းလည်း ကောင်းရပါသည်။ အုန်းမှုတ် အရွယ်အစားကြီးပြီး အုန်းဆံ၊ အုန်းသားထူရပါမည်။ အုန်းသီးအရွယ်အစားကြီးလွန်းခြင်းသည် မျိုးကွဲဖြစ်တတ်၍ ပုံမမှန်တတ်ပေ။ ထို့ကြောင့် အုန်းသီးသည် အရွယ်အစား အလွန်ကြီးများရန်မလိုဘဲ ပျှမ်းမျှ ညီညာသော အရွယ်အစား ဖြစ်ရပါမည်။

ပျိုးထောင်ခြင်း
အညှောက်ဖောက်မည့် အုန်းသီးသည် ကောင်းစွာရင့်မှည့်နေ၍ (၁၁ လ သားမှ ၁၂ လသားခန့်) လိုအပ်ပါသည်။ အရင့်မှန်သော အသီးများကိုသာ ခူးဆွတ်၍ ပျိုးပင်ဖောက်ရပါမည်။ အပင်မှခူးပြီးပြီးခြင်း အညှောက်မဖောက်ဘဲ အညှောက်ပေါက်မှုစောရန်နှင့် အညှောက်မှု ရာခိုင်နှုန်းများရန် လေဝင်လေထွက်ကောင်းပြီး နေဒဏ်မိုးဒဏ်မှ ကာကွယ်မှုရှိသောအရိပ်အောက်တွင် တစ်လခန့်ထားသင့်ပါသည်။ ထို့အပြင် အညှောက်မဖောက်မီ နှစ်ပတ်ခန့်ရေစိမ် ပေးထားလျှင် အညှောက်ပေါက်မှု ပိုကောင်းပါသည်။ ပျိုးပင်ဖောက်ရာတွင် အုန်းသီး၏ အညှာဘက်အား လွှဖြင့် တခြမ်းစောင်းဖြတ်၍ ၎င်းလှီးဖြတ်ထားသောအပိုင်းကို အပေါ်မှထားကာ တုံးလုံးလဲ၍ ပျိုးထောင်ရပါမည်။ ဤသို့ဖြတ်ပေးခြင်းအားဖြင့် အပင်ပေါက်နှုန်းကို မြန်စေပါသည်။ ဘေးစောင်း၍ ထောင်ခြင်းကြောင့် အမြစ်ထွက်၊ အပင်ထွက်မြန်ပြီး ပို၍ သန်စွမ်းကြောင်းတွေ့ရပါသည်။ သတိထားရန်လိုအပ်သည်မှာ နေရောင်ခြည် အပြည့်အဝ ရသောနေရာတွင်သာ ပျိုးထောင် သင့်ပါသည်။ ပျိုးထောင်ပြီး (၇) လကြာလျှင် ပြောင်းရွှေ့ စိုက်ပျိုးရန် သင့်တော်သော အနေအထားသို့ ရောက်ရှိပါသည်။

အုန်းပျိုးပင်များရွေးချယ်ခြင်း
အုန်းပျိုးပင်များ ရွေးချယ်ရာတွင် စပြီးပျိုးထောင်သည်မှ နှစ်လအတွင်းပေါက်သော ပျိုးပင်များကို ရွေးချယ်သင့်ပါသည်။ နောက်မှ ပေါက်လာသော အပင်များသည် မသန်စွမ်း အသီးမကောင်းကြောင်းတွေ့ရသဖြင့် ဖြစ်နိုင်လျှင် ပယ်ရပါမည်။ ထို့အပြင် အုန်းပျိုးပင်များ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ

ပင်စည်အလုံးတုတ်ရမည်

အရွက်အရေအတွက်များရမည်

အရွက်များသည် အစိမ်းရောင်ရင့်ရမည်

အရွက်ပြားကြီးပြီး တိုသင့်သည်

အရွက်အလက်များ တုတ်ခိုင်ရမည်

အရွက်သည် အဖက်ဖက်သို့ ဝိုက်ဖြာနေရမည်

ရိုးတံတိုပြီး အမြစ်အရေအတွက်များရမည်

စိုက်ပျိုးခြင်း
အိမ်ဥယျာဉ်ခြံမြေအတွင်း တပင်ချင်း စိုက်ပျိုးမည်ဆိုပါက စိုက်ကျင်းအား မြေညံ့များတွင် ၃ပေ ပတ်လည် ၃ပေ အနက်ခန့်နှင့် မြေဆီဩဇာထက်သန်သော မြေများတွင် ၂ ပေပတ်လည် ၂ ပေ အနက်ခန့် တူး၍ ရေစုပ်ယူမှု ကောင်းစေရန် အမှိုက်ဆွေးများ၊ အုန်းခွံများ၊ မီးဖိုပြာများ၊ မြေဆွေးများစသည့်ဖြင့် ထည့်၍ အပေါ်မှ မြေသားနှင့် မြေဆွေး၊ မီးဖိုပြာနှင့် မြေဩဇာအနည်းငယ် တို့ကိုထည့်ကာ ကျင်းကို ဖြည့်ရပါမည်။ ထို့နောက် ရွေးချယ်ထားသော အုန်းပင်ကို ထည့်သွင်း၍ စိုက်ပျိုးရမည်။ မိုးမများသော ဒေသတို့တွင် စိုက်ပျိုးမည်ဆိုပါက မြေမျက်နှာပင်အောက် ၈ လက်မ အနက် ခန့်ချ၍ စိုက်ပျိုးရမည်။ မိုးများသော ဒေသများတွင် မြေပြင်ညီနှင့်အညီ အုန်းသီးကို ထည့်၍ စိုက်ရမည်။ စိုက်ချိန်တွင် မိုးရွာမှုနှင့် တိုက်ဆိုင်လျှင် ကောင်းပါသည်။ မစိုက်ပျိုးခင် အုန်းပျိုးပင်အား ခြကိုက်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေး တစ်မျိုးမျိုး စိမ်ပေးသင့်သည်။ ပူပြင်းခြောက်သွေ့သော ရာသီတွင် အုန်းပင်ငယ်အား တစ်ပင်လျှင် ရေ (၅) ဂါလံနှုန်းခန့် ပေးသွင်းသင့်ပါသည်။ စိုက်ခင်းကြီးများအဖြစ် စိုက်ပျိုးမည်ဆိုပါက အောက်ဖော်ပြပါ စိုက်နည်းစန်စပုံစံများနှင့် ပင်ကြား၊တန်းကြား အကွာအဝေးများကို အသုံးပြုနိုင်ပါသည်။

  • ·         တြိဂံပုံသဏ္ဍာန်စိုက်နည်း (၂၄ ပေ × ၂၄ ပေ × ၂၄ ပေ = တစ်ဧက ၇၅ ပင်)

    ·         စတုရန်းပုံသဏ္ဍာန်စိုက်နည်း (၂၂ ပေ × ၂၂ ပေ = တစ်ဧက ၉၀ ပင်)

    ·         ထောင့်မှန် စတုဂံဏ္ဍာန်စိုက်နည်း (၂၁ ပေ × ၂၅ ပေ = တစ်ဧက ၈၂ ပင်)

မြေဩဇာကျွေးခြင်း
အုန်းပင်အား စိုက်သည်မှစ၍ အသီးသီးသည့်ကာလတိုင် ၆ လ တစ်ကြိမ် ၃ မျိုးစပ်မြေဩဇာများ/ ကွန်ပေါင်း မြေဩဇာများကို ကျွေးပေးသင့်ပါသည်။

လိုအပ်သောမြေဩဇာများ
အုန်းပင်အား မြေဩဇာကျွေး၍ ယူရီးယား၊ တီဆူပါ၊ ပိုတက်နှင့်ဆားခါးတို့ လိုအပ်ပါသည်။ ၎င်းတို့ (၄) မျိုးအစား ကွန်ပေါင်းမြေဩဇာများ အသုံးပြုလျှင်လည်း ကောင်းမွန်ပါသည်။

ကျွေးရန်အချိန်နှင့် အကြိမ်
အုန်းပင်အား မြေဩဇာကျွေးရာတွင် နှုန်းထားနည်းနည်းဖြင့် အကြိမ်အရေအတွက်များများ ကျွေးခြင်းသည် ပို၍ သင့်တော်ကောင်းမွန်ပါသည်။ မြေဩဇာကျွေးပြီးနောက် မိုးရွာမှုနှင့် တိုက်ဆိုင်လျှင် ပို၍ကောင်းပါသည်။ သွင်းရေရရှိမည်ဆိုလျှင် တစ်နှစ်သုံးကြိမ်ခန့် ကျွေးသင့်ပါသည်။ ပထမဆုံးအကြိမ်ကို မိုးဦးကျတွင် ကျွေးပါ။ ဒုတိယအကြိမ်ကို မိုးနှောင်းတွင် ကျွေးပါ။ တတိယအကြိမ်ကို နွေရာသီလို ပူပြင်းခြောက်သွေ့သောလများတွင် ကျွေးပြီးရေသွင်းပါ။

အပင်၏ သက်တမ်းအလိုက်မြေဩဇာနှုန်းထားများ
ယူရီးယား၊ တီဆူပါနှင့် ပိုတက်တို့ကို ၁း၂း၃ အချိုးတိုင်းရောစပ်ပါ။ အောက်ဖော်ပြပါ ဇယားအတိုင်း အပင်၏ သက်တမ်းအလိုက်သုံးမျိုးရောစပ်ပြီးသား မြေဩဇာနှင့် ဆားခါး (အပင်ငယ်စဉ်တွင် ၁၀ဝ ဂရမ်/အပင်ကြီးတွင် ၂၀ဝ ဂရမ်နှုန်းဖြင့်) တို့ကို ရောစပ်၍ တစ်ပင်အတွက် ဖော်ပြပါနှုန်းထားအတိုင်းကျွေးပါ။
အပင်သက်တမ်း (တစ်ပင်အတွက်နှုန်းထား)

  • ၂ နှစ်သား (၁.၅ ပေါင်)
  • ၃ နှစ်သား (၂.ဝ ပေါင်)
  • ၄ နှစ်-၅ နှစ် (၂.၅ ပေါင်)
  •         ပင်စည်အလုံးတုတ်ရမည်

    ·         အရွက်အရေအတွက်များရမည်

    ·         အရွက်များသည် အစိမ်းရောင်ရင့်ရမည်

    ·         အရွက်ပြားကြီးပြီး တိုသင့်သည်

    ·         အရွက်အလက်များ တုတ်ခိုင်ရမည်

    ·         အရွက်သည် အဖက်ဖက်သို့ ဝိုက်ဖြာနေရမည်

    ·         ရိုးတံတိုပြီး အမြစ်အရေအတွက်များရမည်

     

အသီးသီးနေသောအပင်

  • ယူရီးယား (ဝ.၃၇ ကီလိုဂရမ်)
  • တီဆူပါ (ဝ.၁၁ ကီလိုဂရမ်)
  • ပိုတက် (ဝ.၄၅ ကီလိုဂရမ်)

အုန်းပင်အား စိုက်ပြီး တစ်နှစ်သားမှစ၍ တစ်နှစ်တစ်ကြိမ် ဒိုလိုမိုက်ထုံးအား တစ်ပင်လျှင် ၅၀ဝ ဂရမ်နှုန်း ကျွေးပေးလျှင် ပို၍ ကောင်းပါသည်။

မြေဩဇာကျွေးနည်းစနစ်များ
နည်းစနစ် (၁)။ အုန်းပင်ပတ်ပတ်လည်တွင် အချင်း ၃ ပေခန့်ရှိသော စက်ဝိုင်းပုံ သဏ္ဍာန် အဝန်းအဝိုင်းအား နေရာသတ်မှတ်ပါ။ ၎င်းသတ်မှတ်ပြီး အဝန်းအဝိုင်းအား ၃ လက်မ အကျယ် နှင့် ၆ လက်မအနက်ရှိသော မြောင်းကလေးတူးပါ။ ထို့နောက် ၎င်းမြောင်း ကလေးထဲသို့ ရောစပ်ပြီးသား မြေဩဇာများကို ညီညာစွာ ထည့်သွင်းပါ။ ပြီးလျှင် ထိုမြောင်း ကလေးအား မြေဆွေး/ နွားချေးဆွေး တို့ဖြင့် ပြန်၍ဖုံးပါ။
နည်းစနစ် (၂)။ အုန်းပင်၏ အရိပ်အဝန်းအဝိုင်းအတွင်း သံတူရွင်းဖြင့် ၁ ပေ/၁ ပေခွဲခန့် ရှိသော အပေါက်ကလေးများအဖြစ် အုန်းပင်ပတ်လည် လိုက်လံတူးပါ။ ထို့နောက် ၎င်းကျင်း ကလေးများအတွင်းသို့ ရောစပ်ပြီးသား မြေဩဇာများထည့်ပါ။ ပြီးလျှင် ၎င်းကျင်းကလေးများအား မြေဆွေး/နွားချေးဆွေးတို့ဖြင့် ပြန်၍ဖြည့်ပါ။

ဖျက်ပိုးများ
မြန်မာနိုင်ငံတွင် အလွန်ဆိုးဝါးသောပိုးနှင့် ရောဂါများကျရောက်ဖျက်ဆီးမှု နည်းနည်းပါးပါသည်။ ဖျက်ပိုးအနေဖြင့် အုန်းပိုး (Rhinoceros beetle) ၊ ခြ (Terminates) နှင့် ရွက်စားပိုး (Leaf eating caterpillar) များသာ ကျရောက်လေ့ရှိပါသည်။ အုန်းပိုးအတွက် ကာဗိုဖျူရန် (Carbofuran) သို့မဟုတ် မိုနိုကရိုတိုဖော့ (Monocrotophos) ပိုးသတ်ဆေးများကို အရွယ်ငယ်များကြား ပတ်ဝန်းကျင်သို့ ပက်ဖျန်းလောင်းထည့်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ခြကျရောက်နေသော ပင်စည်အစိတ်အပိုင်းများကို ကလိုရိုပိုင်ရီဖော့ (Chlorpyrifos) ကဲ့သို့ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပြီး အပင်ခြေကို ထုံးသုတ်၍လည်း ကာကွယ်နိုင်ပါသည်။ ရွက်စားပိုးများကို ကာကွယ်နှိမ်နင်းရန် ၎င်းကျရောက်နေသောအရွက်များကို ခုတ်ယူ၍ မီးရှို့ဖျက်ဆီးပစ်နိုင်ပြီး ပင်လုံးပြန့်အာနိသင်ရှိသော ဒိုင်မိသိုအိတ် (Dimethoate) ကဲ့သို့သော ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။

ရောဂါများ
ရောဂါအနေဖြင့် ခေါင်ပုပ်ရောဂါ (Bud rot) ကို ရံဖန်ရံခါ တွေ့ရတတ်ပါသည်။ ခေါင်ပုပ် ရောဂါသည် Phytophthora palmivora မှိုကြောင့် ဖြစ်ပွားသည်။ ၎င်းအား ကာကွယ်ရန်ဘော်ဒိုမစ်ခြာ (Bordeaux mixture) သို့မဟုတ် ကော့ပါးဓာတ်ပါသော မှိုသတ်ဆေးများ (Copper fungicide) ပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(လွန်ခဲ့သော ၉ နှစ်ခန့်က ရေးသားထားသော ဆောင်းပါးလေးဖြစ်ပါတယ်)
ကျမ်းကိုး
၁။ Coconut: Production and Protection Technology (R.C. Mandal, 1998)
၂။ Coconut Cultivation (R. Mahmdapala and J.L.J.G Pinto, 1991)
၃။ Knowledge Based Information on Coconut (agritech.tnau.ac.in)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်