အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့ ဒူးရင်းသီး စိုက်ပျိုးနည်း

Photo - ဒူးရင်းပင်

၁။ မူရင်းဒေသ - အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော။ အင်္ဂလိပ်အမည် - DURAIN၊ ရုက္ခဗေဒအမည် - Durio Zibethenus၊ မျိုးရင်းအမည် - BOMBACEAE ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ

မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။

၃။ လတ္တီတွဒ်

အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။

၄။ ရေမျက်နှာပြင်အမြင့်

ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။

၅။ ရာသီဉတု

ပူအိုက်စိုစွတ်သောရာသီဉတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် - ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။

၆။ မြေအမျိုးအစား

မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။
PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။

၇။ စိုက်ပျိုးချိန်

မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

၈။ ဒူးရင်းမျိုးများ

မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။
အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒဂါင်္း မိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။

၉။ စိုက်ပျိုးနည်း

ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ

၃၀’ x ၃၀’ ၄၈ ပင်

၂၅’ x ၂၅’ ၇၀ ပင်

၂၀’ x ၂၀’ ၁၀၈ ပင်

ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။
ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။

စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။

၁၀။ ရေပေးသွင်းခြင်း

မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။
နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။

၁၁။ အပင်ကြီးပြုစုခြင်း

ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။

အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။

၁၂။ မြေသြဇာကျွေးခြင်း

မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။

မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။

၁၃။ ကျရောက်သောပိုးမွှားနှင့် ရောဂါ

(က) ပိုးမႊား-Stem Borer(ပင္စည္ထိုးပိုး)

အလွန်ဆိုးရွားပါသည်။ ဘဝစက်ဝန်း (၂)နှစ်ခန့်ရှိပြီး ဖျက်ဆီးကာလ ၇-၈ လခန့်ရှိသည်။ အသီးသီးအရွယ်ရောက်ပင်မှ ကျသည်။ အစာရေကြောစည်း အခေါက်ကို ကြောင်အိမ်လှေကားကဲ့သို့ စားသွားသဖြင့် မနှိမ်နင်းနိုင်ပါက အပင်သေပါသည်။

- ပိုးကျစ်စာတွေ့ပါက သံချွန်ဖြင့်အခေါက်ခွာ၍ ပိုးကောင်ရေ ဖယ်ရှားခြင်း။

- ပိုးရှိသော အပေါက်ထဲသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး ၅ စီစီထည့်ပြီး ရွှံ့ဖြင့်ပိတ်ခြင်း။

- ဆိုင်ကလုန်း (ပိုလိုကလိုဒီဖော့+ဆိုက်ဖာ) ပိုးသတ်ဆေးကို ၁ လ တစ်ကြိမ်ဖျန်းခြင်းတို့ လုပ်ပေးရမည်။

အခြားပိုးများဖြစ်သော Local fruit borer (သီးလုံးဖောက်ပိုး), Beetles (ကျိုင်းကောင်းများ), Leaf cutter အနည်းအကျဉ်း ကျနိုင်သော်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။

(ခ) ရောဂါ - Phytophthera palmivora (ပင်စည်ပုပ် အမြစ်ပုပ်ရောဂါ)

ဒူးရင်းသီးနှံအတွက် ကပ်ဆိုးရောဂါဖြစ်သည်။ ပိုးလောက်ကောင် larva သည် ရုပ်ဖုံးမဖြစ်မီ ခုနှစ်လခန့် ဖျက်ဆီးသဖြင့် အလွန် အန္တရာယ်များသည်။ Metalaxy မှိုဆေးကို (၃) ပတ်တစ်ကြိမ် တစ်ပင်လုံးဖျန်းခြင်း၊ Redomil ကို ဒူးရင်းပင်ခြေဖြူး၍ ကျွေးခြင်းလုပ်နိုင်ပါသည်။

ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။

ကြိုတင်ကာကွယ်ခြင်း

မိုးရာသီ ပင်ခြေ ရေလုံးဝမဝင်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ်လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက်သင့်သည်။ ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။

၁၄။ အသီးဆွတ်ခူးခြင်း

ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆ လ (မျိုးအလိုက်) ထိ ကြာသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။

အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကိုးခေါက်ကြည့်ပြီး ဂလိုင်သံ ထွက်လာလျှင် အညှာအရစ်အထက်ဖြတ်ပြီး ခူး၍ ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရမည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။

ဆွတ်ခူးပြီးအသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀)ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ ၂-၃ ရက်သာ ခံပါသည်။

၁၅။ အထွက်နှုန်း

၇-၁၀ နှစ်သား တစ်ပင်ချင်း ပျမ်းမျှအသီးထွက် ၂၀-၂၅ လုံးသာ ထားသင့်သည်။ စိုက်ပျိုးပြီး ၇နှစ်အတွင်း အရင်းကျေ၍ အမြက်ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပုံမှန်(အောက်ပိုင်း) သီးနှံ ထွက်ကာလမှာ မေ၊ ဇွန်၊ ဇူလိုင် ဖြစ်သည်။

ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲပွင့်ချိန် ခင်းကထိန်"