နာနတ်သီးစိုက်ပျိုးနည်း

Photo - နာနတ်သီးစိုက်ခင်း

၁။ မျိုးများ

နာနတ်သီးတွင်မျိုးအုပ်စု (၃)ခုရှိသည်။

Cayenne အုပ်စုသည် အဓိက အရေးပါသော အုပ်စုဖြစ်ပြီး ၎င်းအုပ်စုတွင် Kew မျိုးများ ပါဝင်သည်။ Kew မျိုးများမှာ အသီးအရွယ်အစား (၂.၃-၃.၆) ကီလိုဂရမ်(၁ပိဿာခွဲ မှ နှစ်ပိဿာ)ထိ ကြီးမားသည်။ စည်သွတ်ရန် သင့်တော်သောမျိုး ဖြစ်သည်။ အသားအဝါရောင်ရှိ၍ အရည်ရွှမ်းသည်။ အရွက်၏ အဖျားပိုင်းရွက်နားတွင်သာ ဆူးအနည်းငယ်ပါ ရှိပါသည်။
Queenအုပ်စုတွင်ပါဝင်သောမျိုးများမှာလတ်လတ်ဆတ်ဆတ်စားသုံးရန်အတွက်ဖြစ်သည်။အသီးအရွယ်အစားငယ်လေ့ရှိသည်။ Queen အုပ်စုတွင်ပါဝင်သောမျိုးပြားအလိုက်အသီးအရွယ်အစား (၀.၄၅မှ၂.၇) ကီလိုဂရမ်(၃၀ ကျပ်သားမှ တစ်ပိဿာခွဲ) အထိရှိပါသည်။အရွက်နားတစ်လျှောက်တွင်ဆူးများရှိပါသည်။

Spanish အုပ်စုတွင် ပါဝင်သော မျိုးများမှာ အသားအဖြူရောင် ရှိပါသည်။ အခြားမျိုးများထက် ပို၍ အပင်သန်စွမ်းပြီးရောဂါဒဏ် ခံနိုင်ရည် ရှိပါသည်။ သက်တမ်း ရှည်သောမျိုး ဖြစ်သည်။ အသီးအလေးချိန် (၀.၉မှ၁.၄) ကီလိုဂရမ်(၆၀ကျပ်သားမှ ၉၀ ကျပ်သား) ထိ ရှိပါသည်။ အရည်အသွေးအနေဖြင့် စည်သွပ်ရန်အတွက် မသင့်တော်ပါ။

၂။ မြေအမျိုးအစား

မြေသြဇာ ထက်သန်ပြီးရေစီးစိမ့်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေ၊ ဂဝံမြေနီများသည် နာနတ် စိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးမြေများ ဖြစ်သည်။ အသင့်တော်ဆုံးမြေ အချဉ်အငံဓာတ် pHမှာ (၅.၅-၆) ဖြစ်သည်။

၃။ ရာသီဥတု

အသင့်တော်ဆုံး အပူချိန်မှာ (၁၅.၅-၃၂.၅) ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့် (၁၅၂၅) မီတာအထိ စိုက်ပျိုးနိုင်ပါသည်။ အသင့်တော်ဆုံး မိုးရေချိန်မှာ (၁၅၀) စင်တီမီတာ ဖြစ်ပါသည်။

၄။ မျိုးပွားခြင်း

အပင် ဖြစ်ထွန်းမှုမှာ စိုက်ပျိုးသည့် နာနတ် အမျိုးအစား၊ အပင် အမျိုးအစား အပေါ် မူတည်ပါသည်။ နာနတ် မျိုးပွားရာတွင် သားတက်များကို ပျိုးပင် အဖြစ် ဖြတ်ယူ မျိုးပွားကြရသည်။ မျိုးပွားနိုင်သော သားတက် (၃) မျိုး ရှိသည်။

၁။ Slip အသီးအောက်မှထွက်လာသောသားတက်

၂။ Sucker ပင်စည်မှထွက်လာသောသားတက်

၃။ Crown အသီးပေါ်မှထွက်လာသောအပင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အသီးအောက်မှ ထွက်လာသော သားတက်များ Slip စိုက်ပျိုးခြင်းသည် ပင်စည်မှ ထွက်လာသော သားတက် Sucker စိုက်ပျိုးခြင်းထက် ပိုကောင်းပြီး ၎င်းနှစ်မျိုးက အသီးပေါ်ရှိ အပင် Crown ကို စိုက်ပျိုးခြင်းထက် ပိုကောင်းပါသည်။ အကယ်၍ Slip ကို မရနိုင်ပါက အလေးချိန် ၅၀၀ဂရမ်(၃၀ ကျပ်သား) ရှိ Sucker များကို စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်သည်။ အကယ်၍ Slip အထွက်များသော မျိုးဖြစ်ပါက အလေးချိန် ၃၅၀ဂရမ် (၂၀ ကျပ်သား) ရှှိ Slipမှာ အကောင်းဆုံး ဖြစ်သည်။

Slip များမှာ ညီညာပြီး အရွယ်အစားကြီးသော အသီးများ သီး၍ Sucker များမှာ Slip ထက် သီးပွင့်မှု အနည်းငယ် ပိုစောပါသည်။ Crown အပင်များမှာ အသီးထွက်ရက် (၇၀) ခန့်နောက်ကျ ပါသည်။ အချို့ မျိုးများတွင် Slip မထွက်ပါ။

စိုက်ပျိုးသည့် သားတက် အမျိုးအစား ကွဲပြားသည်နှင့်အမျှ အပင်ကြီးထွားမှု မညီမညာဖြစ်ကာ အသီးအထွက်လည်း မညီညာကြချေ။ ဤအချက်သည် တစ်နှစ်ပတ်လုံး နာနတ်သီး မပြတ်ထွက်ရှိရေးတွင် ဆောင်ရွက်ရန် လိုအပ်ချက်တစ်ခု ဖြစ်သည်။

၅။ စိုက်ပျိုးခြင်း

စိုက်ပျိုးစနစ်မှာ မြေမျက်နှာပြင် အနေအထားနှင့် မိုးရေချိန်ပေါ် မူတည်၍ ကွဲပြားပါသည်။

(က) စိုက်ကျင်းပြုလုပ်စိုက်ပျိုးခြင်း

မြေဆီလွှာ တိုက်စားမှု မရှိသောနေရာများတွင် ဤနည်းဖြင့် စိုက်ပျိုးပါသည်။ (၁၅-၂၀) စင်တီမီတာ(၆ပေ-၈ပေ) အနက်ရှိ စိုက်ကျင်းများတူး၍ စိုက်ပါ။ မိုးများသောဒေသများတွင် ရေနုတ်မြောင်း ပြုလုပ်ပေးပါ။

(ခ) ထယ်ရေးမြောင်း ပြုလုပ် စိုက်ပျိုးခြင်း

ကမ်းရိုးတမ်းဒေသ မိုးရေချိန် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးသော နည်းစနစ် ဖြစ်ပါသည်။ ဤစိုက်ပျိုးစနစ်တွင် ရေသွင်းပေးခြင်းမရှိပါ။ စိုက်ပျိုးရာတွင် (၃၀-၄၀) စင်တီမီတာ(၁၂ပေ-၁၆ပေ)အနက်ရှိ ထယ်ရေးမြောင်းအတွင်း အပင်များ စိုက်ပျိုးခြင်းနှင့် (၁.၂-၁.၅) မီတာ (၄၇ပေ-၅၉ပေ) အကျယ်ရှိဘောင်ပေါ် စိုက်ပျိုးခြင်းကို တစ်လှည့်စီ စိုက်ပျိုးသွားခြင်း ဖြစ်ပါသည်။

(ဂ) တူးမြောင်းရှည်များပြုလုပ်စိုက်ပျိုးခြင်း

စိုက်တန်း (၂) တန်းဝင် စိုက်မြောင်းနှင့်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ စိုက်ကွင်းတွင် စိုက်မြောင်းနှင့် စိုက်ဘောင်တို့ တစ်လှည့်စီ ဖြစ်နေပါမည်။ ဆင်ခြေလျှောကုန်းစောင်းတွင် ကုန်းစောင်းကို ကန့်လန့်ဖြတ်၍ စိုက်မြောင်းများ တူးရပါမည်။ စိုက်မြောင်း အနက်သည် (၂၂.၅- ၃၀) စင်တီမီတာ(၉ပေ-၁၂ပေ)ရှိရပါမည်။

စိုက်မြောင်းတိုင်းတွင် (၁၀-၁၅) စင်တီမီတာ(၄ပေ-၆ပေ) အနက်ရှိ ထယ်ရေးမြောင်း ခပ်တိမ်တိမ်နှစ်ကြောင်းပြုလုပ်ပြီး စိုက်မြောင်းနှုတ်ခမ်းမှ (၁၅) စင်တီမီတာ(၆ပေ) ချန်ထားကာ Sucker နှင့်Slip များကို ထယ်ရေးမြောင်းများတွင် စိုက်ပျိုးပါသည်။ စိုက်မြောင်းတစ်ခုတွင်း စိုက်ကြောင်း (၂) ကြောင်း ပြုလုပ်ပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးသည့် အပင်များ တစ်ပင်နှင့်တစ်ပင် မျက်နှာချင်းဆိုင် မဖြစ်စေရပါ။ အပင်လွှဲ၍ စိုက်ပျိုးရမည်။ စိုက်စနစ်အားလုံးအတွက် ပင်ကြား (၂၅) စင်တီမီတာ(၁၀ပေ)၊ တန်းကြား (၆၀) စင်တီမီတာ(၂၄ပေ)၊ စိုက်မြောင်းအကွာအဝေး (၉၀) စင်တီမီတာ(၃၅ပေ)ဖြင့် စိုက်လျှင် တစ်ဧကအပင်ဦးရေ (၃၄၀၅၀) ဝင်ဆန့်ပါသည်။

၆။ ဓာတ်မြေသြဇာကျွေးခြင်း

သီးထွက် တစ်ရာသီအတွက် တစ်ပင်လျှင် ယူရီးယား (၂၆)ဂရမ်(၂ ကျပ်သား)၊ ပိုတက်ရှ်(၁၉)ဂရမ် (၁ ကျပ်သား) ထည့်သွင်းပေးပါ။ အကယ်၍ မြေသြဇာ ညံ့ဖျင်းသည့်မြေဖြစ်လျှင် တီစူပါ (၈)ဂရမ်နှုန်း ထည့်ပေးပါ။ ယူရီးယားကို (၂) လခြား တစ်ကြိမ်နှင့် တစ်နှစ်တွင် (၆)ကြိမ်၊ ပိုတက်ရှ်ကို (၂) ကြိမ်ခွဲကျွေး နိုင်ပါသည်။

ထည့်ရမည့် တီစူပါ အားလုံးနှင့် ထည့်ရမည့် ပိုတက်ရှ်တစ်ဝက်ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းပေးပြီး ကျန်သည့် ပိုတက်ရှ်ကို အပင်စိုက်ပြီး (၆)လအကြာတွင် ထည့်သွင်းရန် ဖြစ်ပါသည်။ မိုးရေသောက်နေရာတွင် မြေကြီးအစိုဓာတ်ရှိသည့် အချိန်၌ ဓာတ်မြေသြဇာကို ထည့်သွင်းရန်ဖြစ်ပါသည်။

၇။ မြေဖို့ပေးခြင်း

အပင်များ အမြစ်ကောင်းစွာ စွဲရန်အတွက် အပင်ခြေရင်းကို မြေဖို့ပေးပါ။ အသီးသီးပြီးသောအခါတွင် အပင်ခြေမှာ မြင့်သွားသဖြင့် အပင်ခြေမြေဖို့ခြင်းမှာ လမိုင်းခင်းများတွင် ပိုမို အရေးကြီးပါသည်။ အပင်သိပ်သည်း စွာ စိုက်ပျိုးခြင်းစနစ်တွင် အပင်များလဲမကျစေရန် တစ်ပင်နှင့်တစ်ပင်ထောက်ကန်ထားသဖြင့် အပင်ခြေမြေဖို့ရန် မလိုအပ်ပါ။

အပင်ခြေကိုမြေကြီး ဖုံးအုပ်ပေးခြင်းဖြင့်ပေါင်းမြက် နှိမ်နင်းရာတွင် အထောက်အကူရပြီး အစိုဓာတ် ထိန်းပေးသည်။ အနက်ရောင် ပလတ်စတစ်အစများကို မြေဖုံးပစ္စည်း အဖြစ် အသုံးပြုကြပါသည်။ ကောက်ရိုးမြက်ခြောက်၊ လွှစာဆွေး၊ စပါးခွံတို့ဖြင့် အပင်ခြေနှင့် အပင်ကြားတွင် ဖုံးအုပ်ပေးနိုင်ပါသည်။

၈။ SUCKER များ၊ SLIPများနှင့် CROWNများဖယ်ရှားခြင်း

ပန်းခိုင် ထွက်သည်နှင့် သားတက်များ စထွက်လာပါသည်။ အသီးကြီးထွားမှုနှင့်အတူ SLIPများ ပေါက်လာပါသည်။ Slipများ စိုက်ပျိုးရန် အရွယ်သို့ရောက်လျှင် ရောက်ခြင်း ဖယ်ရှားပေးပါ။ Sucker အရေအတွက်များလျှင် အသီးအလေးချိန် တိုးတိုးလာသဖြင့် ဖယ်ရှားခြင်းကို နောက်ကျနိုင်သလောက် နောက်ကျ၍ ထားရှိနိုင်သော်လည်းSlipများမှာအသီးရင့်မှည့်မှုကိုနောက်ကျစေပါသည်။

အသီးဆွတ်ခူးပြီးနောက် မိခင်အပင်တွင် သားတက်တစ်ခုသာချန်ပြီး ကျန်သားတက်အားလုံးကို ဖယ်ရှားပစ်ပါ။ သားတက်များ ဖယ်ရှားပြီးမြေသြဇာကျွေးပါ။ အပင်ခြေကိုလည်းမြေဖို့ပေးရပါမည်။

၉။ ပန်းပွင့်ရန်ဆောင်ရွက်ခြင်း

ယေဘူယျအားဖြင့် နာနတ်ပင်များသည် ပင်ပိုင်းဆိုင်ရာကြီးထွားမှု တစ်ချိန်ချိန်သို့ ရောက်သောအခါ ပန်းစပွင့်လာပါသည်။ အပင်စိုက်ပြီး (၁၁-၁၂)လ အကြာတွင် အပင်၌အရွက် အနည်းဆုံး (၄၀)ရွက် ထွက်ပြီးချိန်တွင် ပန်းပွင့်ရန် ရင့်ခြင်းအဆင့် (ripeness-to – flower Stage)ကို ရရှိပါသည်။ အပင်စိုက်ပြီး (၁၅-၁၈) လခန့် ကြီးထွားပြီး ဖြစ်သော်လည်း အပင်(၄၀-၅၀)ရာခိုင်နှုန်းခန့်သာ ပန်းစပွင့်ပါသည်။ သို့ဖြစ်၍ ပန်းပွင့်စောရန်နှင့် ပန်းပွင့်မှု ညီညာစေရန်ဆောင်ရွက်ရန်မှာ လိုအပ်လာပါသည်။

နာနတ်တွင် Ethephon (Ethel) 100ppmကို အသုံးပြု၍ ပန်းပွင့်အောင်ဆောင်ရွက်နိုင်ပါသည်။ NaCO3 0.04%ကို Ethrel နှင့်ရောသုံးပါက Ethrel ပြင်းအားကို (25)ppm အထိလျော့ချနိုင်ပါသည်။ ဆေးပျော်ရည် (၅၀)စီစီကို အပင်၏ အလယ်တည့်တည့်သို့ လောင်းချပါ။ အသီးအရွယ်အစားကောင်းကောင်းရရှိရန် အစာချက်သောအရွက်အရေအတွက် (၃၅-၄၀)ရွက် ရှိသောအခါတွင်မှ ပန်းပွင့်ရန် ဆောင်ရွက်သင့်ပါသည်။

ပန်းပွင့်ရန် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်သော အခြားဓာတုဗေဒပစ္စည်းများမှာ Naphthalene, Acetic Acid (NAA) 10-15ppm.calcium carbide 20gm ကိုရေတစ်လီတာတွင်် ဖျော်၍ ရရှိသောဖျော်ရည် လတ်လတ်ဆတ်ဆတ် တို့ဖြင့် ပန်းပွင့်အောင်ဆောင်ရွက်နိုင်သည်။

၁၀။ တစ်နှစ်ပတ်လုံး သီးထွက်ရရှိနိုင်မှု

တစ်နှစ်ပတ်လုံး အသီးထွက်ရှိရန်အတွက်- အမျိုးအစားမတူသည့်ပျိုးပင် (အပင်အစိတ်အပိုင်း သားတက်များ)ကို အသုံးပြုစိုက်ပျိုးခြင်း ။ Sucker နှင့် Slip ကို စိုက်ချိန် ပုံမှန်ခြား၍ ဇူလိုင်မှ ဒီဇင်ဘာလ ထိစိုက်ပျိုးခြင်း၊ ပန်းပွင့်ရန် အသုံးပြုသည့် ဓာတုဗေဒဆေးများ အသုံးပြုခြင်း စသောနည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။ အသင့်တော်ဆုံးသောဆောင်ရွက်နည်း ဖြစ်ပါသည်။

၁၁။ ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း

အပင်စိုက်ပြီး (၁၁-၁၂) လအကြာတွင် ပန်းပွင့်ပြီး ၊ (၁၅-၁၈) လ အကြာတွင် ရိတ်သိမ်းနိုင်သော အဆင့်ကို ရရှိနိုင်ပါသည်။ ဆောင်းရာသီတွင် ရင့်မှည့်သော အသီးများမှာ အချဉ်ဓာတ်များသည်။ စည်သွတ်ရန် အတွက်ဖြစ်လျှင် ကြီးထွားဆဲအသီး၏ အခြေတွင်် အရောင်အနည်းငယ် ပြောင်းလျှင် ရိတ်သိမ်းပါသည်။

စည်သွတ်ရန်အတွက် အသီးများကို တစ်ချိန်တည်း ဆွတ်ခူးနိုင်ရန် အသီးများ ရင့်မှည့်ချိန်တွင် Ethrel ပြင်းအား (၁၂၅-၂၅၀) ppm ရေဖျော်၍ အသီးတစ်ခုလုံးကို ပက်ဖျန်းပေးပါ။ လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက် ဖြစ်လျှင် အသီးအရောင်ရွှေဝါရောင်သို့ ဖြစ်လာသည်အထိ ထားရှိရပါမည်။ အသီးပေါ်ရှိ အပင် Crown ပါသည့် အသီးကို ဆွတ်ခူးပြီး (၁၀-၁၅)ရက်အထိအပျက်အစီးမရှိထားသိုနိုင်ပါသည်။

ပထမနှစ် လမိုင်းခင်းနှင့် ဒုတိယနှစ်လ မှ အသီးအလေးချိန်များမှာ (၈၈) ရာခိုင်နှုန်းနှင့် (၇၉) ရာခိုင်နှုန်းအသီးသီး ရှိပါသည်။ လမိုင်း သက်တမ်းကြာရှည် လာသည်နှင့် ပန်းပွင့်သည့် အပင်ဦးရေ၊ အရွယ်အစားများလျော့နည်းလာပါသည်။ လှပသော အသီးအရေအတွက် တိုးလာပါသည်။

စိုက်ပျိုးသည့်မျိုး၊ စိုက်စနစ်၊ စိုက်ပျိုးသည့်ဒေသနှင့် သက်တမ်းကို လိုက်၍ တစ်ဧကထွက်နှုှုန်း (၂၈- ၄၀)တန် အထိ ထွက်ရှိပါသည်။

ကိုးကား-စိုက်ပျိုးရေး ဦးစီဌာန



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"