စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၂)

07/02/2018 15:38 PM တွင် ဦးဘဟိန်း ဦးဘဟိန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခန်း (၂)
စပါးပျိုးခင်း စိုက်ခင်းအတွက် မြေယာပြုပြင်ခြင်း

၂.၁ မြေယာပြုပြင်မှုဟာ ဘယ်လောက်အရေးပါသလဲ။

• စပါးစိုက်ပျိုးထုတ်လုပ်ရေးမှာ အခြားလုပ်ငန်းတွေ ဘယ်လောက်ကောင်းကောင်း မြေယာပြုပြင်မှုမကောင်းရင် စပါးအထွက်မကောင်းဘူး။
• မြေယာပြုပြင်တဲ့လုပ်ငန်းဟာ စပါးစိုက်ပျိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။

၂.၂ မြေယာပြုပြင်ရတဲ့ ရည်ရွယ်ချက်။

• ကန်သင်းလုံရမယ် (ရေနေရေထိုင်ကို လိုသလိုထိန်းနိုင်တယ်။ ကိုယ့်လယ်ကွက်ထဲမှာရှိတဲ့ မြေဆီသြဇာတွေ ရေစီးနဲ့မျောပါမသွားနိုင်ဘူး။ ပေါင်းပင်ပွားများမှုသက်သာတယ်။)
• သမန်းပုပ်ရမယ်၊ သမန်းညက်ရမယ် (မြေသားဖွဲ့စည်းမှုကောင်းတယ်၊ မြေသြဇာတိုးပွားတယ်၊ ပေါင်းသက်သာတယ်၊ စပါးပင်ကို သမန်းပူမလောင်ဘူူး၊ အမြစ်စွဲမှုကောင်းတယ်။)
• သမန်းပြင်ညီညာရမယ် (စိုက်ပျိုးရေကို အပိုအလိုမရှိအသုံးပြုနိုင်တယ်၊ အပင်ပေါက်ကောင်းတယ်၊ သန်စွမ်းတယ်၊ အရွယ်ညီညာတယ်၊ ရင့်မှည့်ချိန်ညီညာတယ်၊ ပေါင်းမြက်ထက်ဝက်ခန့် သက်သာတယ်၊ လုပ်အားသက်သာတယ်၊ လယ်ကွက်ပြည့်အသုံးပြုနိုင်တယ်၊ အထွက်တိုးတယ်။)
• မျိုးစေ့ချချိန်/ကောက်စိုက်ချိန်မှာ သမန်းအိပ်ရမယ် (တိုက်ရိုက်မျိုးစေ့ချစပါးအတွက် ပေါက်နှုန်းကောင်းတယ်၊ အပင်သန်စွမ်းတယ်၊ အဖြစ်ဖွံ့ဖြိုးတယ်၊ ကောက်စိုက်စပါးအတွက် ကောက်ချက်အနက် လက်တစ်သစ်ခန့်ထားပြီး စိုက်ပျိုးနိုင်တယ်၊ အမြစ်စွဲမြန်တယ်၊ ကောက်ပင်လှန်တာမြန်တယ်။)

၂.၃ လယ်ကွက်မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ပါ။

ဘာကြောင့်လဲ။
• စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ လယ်ကွက်ရဲ့မြေမျက်နှာပြင်ကို ညီညာအောင်လုပ်ဆောင်မှုက အဓိကအကျဆုံးဖြစ်တယ်။

ဘယ်လိုကောင်းကျိုးတွေရသလဲ
• စိုက်ပျိုးရေကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်။ ဒါကြောင့် ...
သွင်းရေပမာဏကို လျော့ချနိုင်တယ်။ အပင်ပေါက်ကောင်းတယ်။ အပင်ကြီးထွား သန်စွမ်းတယ်။ အပင်အရွယ်အစား ညီညာတယ်။ ရင့်မှည့်ချိန်ညီညာတယ်။
• သီးနှံ ပိုမိုထွက်ရှိတယ်။
ဥပမာ ၅၀ ထွက်လယ်ကွက်ဟာ ၅၈ တင်းခန့်မှ ၆၂ တင်းထိ (၁၅ မှ ၂၄ ရာခိုင်နှုန်း) ပိုပြီးထွက်တယ်။
• ပေါင်းမြက်လျော့နည်းတယ်။
မြေယာကို စနစ်တကျပြုပြင်မယ်ဆိုရင် ပေါင်းမြက်ထက်ဝက်ခန့် (၄၀ ရာခိုင်နှုန်းခန့်) လျော့နည်းသွားတယ်။
• လုပ်အားလျော့ချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာတဲ့ ၁ ဧကအကျယ်လယ်ကွက်မှာ ပေါင်းရှင်းရင် တစ်ရက်လျှင် လူ ၈ ယောက်ခန့်လိုတယ်။ မြေမျက်နှာပြင်ညီညာရင် လူ ၂ ယောက်သာလိုတယ်။
• လယ်ကွက်မြေနေရာကို စွမ်းအားပြည့်အသုံးချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာရင် အကွက်လိုက်ကျင်းပျောက် ပင်ပျောက်တွေ့ရမယ်။ ညီညာရင်လယ်ကွက်ပြည့် စပါးပင်တွေရှိနေမယ်။

လယ်ကွက် ၁ ဧကကို မြေညှိရန် အချိန်ဘယ်လောက်ကြာသလဲ။
• ကျွဲ/နွားကို သုံးရင် ၁၂ ရက်ခန့်
• လက်တွန်းထွန်စက်ကိုသုံးရင် ၈ ရက်ခန့်
• ထွန်စက်ကိုသုံးရင် နောက်တွဲကိရိယာပေါ်မူတည်ပြီး အနည်းဆုံး ၄ နာရီမှ အများဆုံး ၈ နာရီခန့်
• လေဆာကိရိယာ တပ်ဆင်ထားတဲ့ထွန်စက်ဆိုရင် အနည်းဆုံး ၂ နာရီမှ အများဆုံး ၄ နာရီခန့် ကြာနိုင်ပါတယ်
မြေညှိအပြီးမှာ ဘာလုပ်ဆောင်သင့်သလဲ။
• မြေသားပါးလွှာတဲ့နေရာများမှာ တီစူပါဓာတ်မြေသြဇာနဲ့ မြေဆွေးထည့်ပေးပါ။ ထယ်ထိုးရာမှာ ခရုပတ်နဲ့ ရင်ခွဲထယ်ထိုးနည်းကို အလှည့်ကျအသုံးပြုပါ။ ဒါမှလယ်ကွက်ရဲ့အလယ်သား ဟောက်သွားခြင်း (သို့) မောက်သွားခြင်း မဖြစ်နိုင်ပါ။
ရင်းနှီးကုန်ကျစရိတ် ကြေတဲ့နှစ်။
• လယ်ကွက်မြေမျက်နှာပြင် ညီညာအောင်ညှိအပြီး ဒုတိယသီးနှံရိတ်သိမ်းချိန်မှာ ရင်းနှီးကုန်ကျစရိတ်ကြေပါတယ်။ (ထရံထောင်လယ် အကော အဝှမ်းလယ်ဖြစ်နေသမျှ ကာလပတ်လုံး စပါးအထွက်မတိုးဘူး။)

၂.၄ မြေယာပြုပြင်စဉ် သတိထားရန်အချက်များ။
• လယ်ကွက်တစ်ကွက်လုံး ရေစပ်စပ်ဖုံးလွှမ်းအောင် ရေတင်သွင်းပါ။ (ရေချိန်နဲ့ မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ဖို့ဖြစ်ပါတယ်။)
• အစိုထွန်ရေး/ထယ်ရေး ဝင်ပြီးတိုင်း လယ်ကွက်မှာ ရေနေရေထိုင် ၆ လက်မခန့်ထားရှိရမယ်။ (ရိုးပြတ်နဲ့ အခြားအပင်များ ပုပ်ဆွေးပြီးထွက်ရှိလာတဲ့ အပင်အာဟာရဓာတ်များ အငွေ့အဖြစ်မပျောက်ဆုံးနိုင်ဘူး။ ထွန်ရေး/ထယ်ရေး ပက်လက်ထားမယ်ဆိုရင် ယူရီးယားဓာတ်မြေသြဇာထဲမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အနည်းဆုံး ၅ ပိဿာမှ ၁၇၂ ပိဿာအထိ ဆုံးရှုံးနိုင်တယ်။ စပါးခြောက်တင်းထွက်တိုင်း ကောက်ရိုးပိဿာ ၂၀၀ ထည့်ပေးရင် မြေဆီသြဇာ လျော့မသွားဘူး။)
• စပါးပင် နီတိုဖြစ်လေ့ရှိတဲ့ စိုက်ကွက်တွေမှာ ထွန်ရေး/ထယ်ရေး တိမ်ရမယ်။
စပါးနီတိုဖြစ်ရတဲ့ အကြောင်းရင်းဟာ သံဓာတ်အဆိပ်သင့်တဲ့အတွက် (သို့) ကြက်ဥပုပ်နံ့ရှိတဲ့ H2S ဓာတ်ငွေ့လောင်တဲ့အတွက်ဖြစ်တယ်။ နီတိုသက်သာစေတဲ့နည်းလမ်းက ထွန်ရေး/ထယ်ရေး မနက်စေရ။ သမန်းပုပ်ချိန်မရရင် ရိုးပြတ်နဲ့ မြက်ခေါင်းတွေ ကုန်စင်အောင်ကောက်ပါ။ ထုံး ၅ အိပ်ခန့်ထည့်ပါ။ သို့မဟုတ် စက်ဖွဲပြာများများထည့်ပါ။ ပျိုးထောင်ကောက်စိုက်စပါးဆိုရင် ပျိုးသက်ကြီးကြီးနဲ့ လက်ဆများများစိုက်ပါ။ ရေကိုပြောင်စင်အောင် ခါထုတ်ထားပါ။ စပါးအပြီး စပါးအစား ပဲတစ်မျိုးမျိုးကို သီးလှည့်အဖြစ်စိုက်ပါ။
• အညာဒေသမှာဆိုရင် ဆိုဒီယမ်ဓာတ်ဆားကြောင့် အလားတူ နီတိုလက္ခဏာမျိုးတွေ့ရနိုင်တယ်။ သွင်းရေမှာ ဆားဓာတ်ပျော်ဝင်နေလို့ (သို့) အဝီစိတွင်းရေမှာ အငန်ဓာတ်ပါလို့ဖြစ်နိုင်တယ်။ ဂျစ်ပဆန်မြေသြဇာနဲ့ သဘာဝဓာတ်မြေသြဇာ ထည့်ပေးရင်သက်သာနိုင်ပါတယ်။ ရေရှည်ဆိုရင် စိုက်ပျိုးမြေတွေ ဆားဓာတ်ပေါက်ပြီးပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ယာသီးနှံ ပြောင်းလဲစိုက်ပျိုးရေးကို အလေးအနက်ထား စဉ်းစားသင့်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်