မတ်ပဲ စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် ko khun ko khun မှ ရေးသား

မတ်ပဲကို များသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ နိုင်ငံခြားဈေးကွက် ရှိသောသီးနှံလည်းဖြစ်သည်။

 မတ်ပဲသည် အရေးပါသော ပဲတစ်မျိုးဖြစ်သည်။ ၎င်းကို အစိုဓါတ်နှင့် အပင်အာဟာရ အနည်းငယ်သာရှိသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မတ်ပဲတွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓာတ်စသည့်တို့ အမြောက်အများပါဝင်သောကြောင့် လူသားတို့အတွက် အရေးပါသည်။ မတ်ပဲကို များသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ နိုင်ငံခြားဈေးကွက် ရှိသောသီးနှံလည်းဖြစ်သည်။

(၁) ရာသီဥတုလိုအပ်ချက်

အပူပိုင်းနှင့် သမပိုင်း ရာသီဥတုများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ အပူချိန် ၂၅-၃၅ ဒီဂရီစင်တီရိတ်သည် အသင့်တော်ဆုံး အပူချိန်ဖြစ်သည်။ မတ်ပဲသည် မိုးခေါင်သည့်ဒဏ်ကို အတော်အတန်ခံနိုင်ပြီး (၁)နှစ်မိုးရေချိန် ၃၆လက်မအောက်ရှိသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ မတ်ပဲမျိုး အများစုသည် နေ့တာရှည်ခြင်းကို မလိုအပ်သောကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ ပင်ထီးဝတ်မှုန်ကူးသည့် အပင်မျိုး ဖြစ်သည်။ ပန်းပွင့်ခြင်းသည် နေ့တနေ့၏ လင်းတာနှင့် အပူချိန်ပေါ် မူတည်သည်။ ရေဆင်း(၄) ကဲ့သို့သော မျိုးများသည် လင်းတာ တုန့်ပြန်မှု မရှိသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

(၂) မြေအမျိုးအစား

မြေချဉ်ငံကိန်း (၅.၅-၇)ကြားတွင် စိုက်ပျိုးနိုင်သည်။ ဖွယ်သောမြေ၊ ရေဆင်းကောင်းသောမြေများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြန်မာတွင် မြေစေးများနှင့် နုံးမြေများတွင် စိုက်ပျိုးမှုများသည်။ အချဉ်ကဲသော၊ အငံကဲသောမြေများတွင် မစိုက်ပျိုးသင့်ပါ။

(၃) မြေပြင်ခြင်း

မြေညီညာရန်နှင့် စိုက်ထယ်ရေးကောင်းရန် ထယ်ထိုး၊ ထွန်မွှေ ပြုလုပ်ပါ။ (၁)ဧကလျှင် မြေဆွေး (သို့) နွားချေးကိုလှည်း ၁၅ စီး-အစီး ၂၀ ခန့် ထည့်ပါ။

(၄) မျိုးစေ့နှုန်း

မျိုးကောင်း မျိုးသန့်များ၊ ဒေသနှင့်ကိုက်ညီသော မျိုးများကို ရွေးချယ် စိုက်ပျိုးပါ။ ကြဲခင်းများတွင် (၁)ဧက မျိုးစေ့ (၁၀-၁၂) ပြည်နှုန်း အသုံးပြုနိုင်ပြီး စိုက်ခင်းများတွင် (၆-၈) ပြည်နှုန်း အသုံးပြုနိုင်သည်။ ရေဆင်း-၂၊ ရေဆင်း ၄၊ ပုလဲထွန်း၊ ရေဆင်း ၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး၊မင်းလှထွန်း မျိုးများသည် အသုံးများသည်။ မျိုးစေ့ နှုန်းထားသည် သန့်စင်ခြင်း၊ အပင်ပေါက်ကောင်းခြင်း၊ အစေ့ အရွယ်အစား အလိုက် အနည်း၊အများ အပြောင်းအလဲ ရှိနိုင်ပါသည်။

(၅) စိုက်ပျိုးနည်း

မြေအစိုဓါတ်နည်းမည် ထင်ပါက မျိုးစေ့များကို တစ်ညရေစိမ်ပါ။ (၅) ရာခိုင်နှုန်း ပြင်းအား ရှိသော ဆားရည်တွင် စိမ်၍ ကောင်းမွန် သန်စွမ်းသော မျိုးစေ့များကို ရွေးချယ်နိုင်ပါသည်။ ရွေးပြီးသော မျိုးစေ့များကို ရေဆေးပြီး အရိပ်တွင် လေသလပ်ခံပါ။ မစိုက်ပျိုးမီ မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာ (ရိုင်ဇိုဘီယမ်)နှင့် လူးနယ် စီရင်သင့်သည်။ ၎င်း ဇီဝမြေသြဇာသည် လတ်ဆတ်ရန် အရေးကြီးသည်။ တန်းကြား အကွာအဝေး ၁၂-၁၆လက်မ၊ ပင်ကြား အကွာအဝေး ၃လက်မ-၄လက်မ၊ အစေ့အနက် ၁ လက်မ၊ တကျင်းတွင် (၂)စေ့ချပြီး စိုက်ပျိုးပါ။ ၁၀-၁၂ရက် သားတွင် သားခွဲနိုင်သည်။ မြန်မာပြည်အောက်အရပ်ဒေသများတွင် သီးထပ် အနေဖြင့် စပါး ရိတ်ပြီးချိန်တွင် ကြဲပက် စိုက်ပျိုးလေ့ ရှိသည်။ သို့သော် လိုင်း (သို့) စိုက်ကြောင်းဖြင့် စိုက်ပျိုးခြင်းသည် အထွက် ပိုမိုကောင်းမွန်သည်။ မျိုးစေ့ချ ကိရိယာကိုလည်း အသုံးပြုနိုင်သည်။ တစ်ဧက ရိတ်သိမ်းပင် တစ်သိန်းသုံးသောင်းရရှိရန် လိုအပ်ပါသည်။

(၆) စိုက်ချိန်

မိုးရေချိန်၊ အပူချိန်များ အရ မြန်မာနိုင်ငံမြေပြန့် နှင့်အောက်ပိုင်းဒေသ အားလုံးတွင် မတ်ပဲကို မိုးနှောင်းနှင့် ဆောင်းဦးတွင်သာ စိုက်ပျိုးပြီး ဆောင်းနှောင်း နှင့်နွေဦးတွင် ရိတ်သိမ်းရန် အကောင်းဆုံး ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးရာသီတွင်လည်း စိုက်ပျိုးကြသည်။

(၇) မြေသြဇာ ထည့်သွင်းခြင်း

မြေခံအဖြစ် မစိုက်ပျိုးမီတွင် ယူရီးယား ၁၄ကီလို (၉ပိဿ) ၊ တီစူပါ ၄၀ ကီလို (၂၄ ပိဿ)၊ ပိုတက် ၃၀ကီလို (၁၈ ပိဿ)လျှင် တစ်ဧကနှုန်း ထည့်သွင်းပါ။ ပန်းပွင့်ချိန် (သို့) စိုက်ပြီး ရက် (၃၀) ကြာလျှင် ယူရီးယား ၁၂ ကီလို( ၇ပိဿခွဲ)/ဧကနှုန်းကို ဒုတိယ အကြိမ် အဖြစ် ထည့်ပေးပါ။

(၈) ပေါင်းနှိမ်နှင်းခြင်း

အပင်ပေါက်ပြီး ရက်ပေါင်း (၆၀) အထိပေါင်းမြက ်ကင်းစင်အောင် ဆောင်ရွက်ပါ။ ဒုတိယအကြိမ် မြေသြဇာ ထည့်သွင်းခြင်း မပြုမီပေါင်းမြက်များကို ရှင်းလင်းထားပါ။ ပေါင်းသည် ပုံမှန်ထက် များပါက နှစ်ပတ် တကြိမ်ပေါင်းနှုတ်ခြင်း၊ ပေါင်းရှင်းခြင်းဆောင်ရွက်ပါ။

(၉) ရေသွင်းခြင်း

အပင်ပေါက်ကောင်းရန်နှင့် အပင်ပေါက် ညီညာစေရန် ပထမ သုံးပတ်တွင် အစိုဓာတ်ကောင်းစွာ ရှိရန် လိုအပ်ပါသည်။ အစောပိုင်း ခြောက်သွေ့သော ရာသီများတွင် လေးရက် တစ်ကြိမ်ရေသွင်းပေးပါ။ ၎င်းသုံးပတ်မှ ကျော်လွန်လာလျင် ရေကို ခုနှစ်ရက်ခြား တကြိမ်သွင်းပေးပါ။ သီးတောင့် ရင့်မှည့်သည့် အချိန်တွင် ရေဖြတ်ပေးရမည်။ အပင်ပေါက်ခြင်း၊ ပန်းပွင့်ခြင်းနှင့် အစေ့အဆံတည်သည့် အချိန်များတွင် လုံလောက်သော အစိုဓါတ်ရှိရန် အရေးကြီးသည်။

(၁၀) ပိုးမွှား နှင့်ရောဂါများ

၁။ ယင်ဖြူ၊ခူမွှေးရှည်၊ ပင်စည်ထိုးယင်၊ သီးလုံးဖောက်ပိုး၊ လှေးပိုး၊ ငမြှောင်တောင်။

၂။ အဝါရောင် ကွက်ပြောက်ဗိုင်းရပ်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ လောင်မီးရောဂါ၊ ဖားဥမှိုရောဂါ။

မြစ်ဖုနီမတုတ်ရောဂါများလည်း ကျရောက်တတ်သည်။ ၎င်းတို့ကို ကြိုတင် ကာကွယ်ရန် ထရိုင်ကိုဒါးမား နှင့်လည်းကောင်း၊ အီးအမ် အရည်ဖြင့် လည်းကောင်း မျိုးစေ့များကို ဆေးစီရင်နိုင်သည်။ အပင်ငယ်စဉ်တွင်လည်း ပင်လုံးပြန့် အာနိသင်ရှိသော မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကို သတ်မှတ်နှုန်းထား အတိုင်း ပတ်ဖျန်း၍ ကာကွယ်နိုင်ပါသည်။ ပိုးသတ်ဆေးများ ကိုင်တွယ်ရာတွင် အညွှန်းပါ အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ၎င်းတို့သည် လူနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေသည်။

(၁၁) ရိတ်သိမ်းခြင်း

မတ်ပဲ အများစုသည် ၇၅ရက် နှင့် ၁၁၀ ရက်များတွင် ရင့်မှည့်ကြသည်။ အရွက်များ အဝါရောင်ပြောင်းပြီး၊ (၉၀) ရာခိုင်နှုန်းသော သီးတောင့်များသည် အနက်ရောင်ပြောင်းလဲသွားလျှင်ရိတ်သိမ်းရမည်။ အပင်ကို လက်ဖြင့် နှုတ်(သို့) တံစဉ် နှင့်ဖြတ်ပြီး အခင်းတွင် တစ်ရက်ခံ အခြောက်လှန်း ရမည်။ ထွန်စက်(သို့)ခြွေလှေ့စက်ဖြင့် ခြွေနိုင်သည်။ ခြွေပြီးသော အစေ့များကို ရွေးချယ် သန့်စင်ခြင်းဆောင်ရွက်ပါ။ ထို့နောက် ၁နေ-၂နေခန့်အခြောက်ခံပါ။ အစိုဓါတ် ၁၁ ရာခိုင်နှုန်း (သို့) ၎င်းအောက်တွင် ထားရှိပါ။ တစ်ဧကအထွက်သည် (၁၀)တင်းမှ တင်း၂၀ ထိ ရနိုင်ပါသည်။ အချို့မျိုးများသည် (၃၅) တင်း ခန့်ထိ ထွက်ရှိသည်။

 

ကိုခွန် (စိုက်ပျိုးရေး)

မှီငြမ်း

1. စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူပညာပေးလက်ကမ်းစာစောင်။

2. Technical fact sheet No.38, production techniques of pulses, Delta livelihoods recovery working group

3. http://www.agridept.gov.lk/index.php/en/crop-recommendations/1465

4. http://www.agriacademy.info/green-gram.html

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်