ငရုတ်သီး အစပ်တောင့် အရှည် စိုက်ပျိုးနည်း

Photo - ငရုတ်သီး

ရာသီဥတုအပြင်ဖက်၌ အေးမြတတ်သော်လည်း ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ လသည် ငရုပ် စတင်စိုက်ပျိုးရန် အကောင်းဆုံးလ ဖြစ်သည်။ ဆိုလာနေးစီး အပင်မျိုးရင်း၏ ကပ်စီးကမ်မျိုးကွဲ အပင်မျိုးဖြစ်သည်။ အမှူန့်ပြု၍သော်လည်းကောင်း၊ အစိမ်းရောင်မှ အနီရောင် အထိထား၍သော်လည်းကောင်း ဟင်းခတ် အမွေးအကြိုင်အဖြစ် လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြသော သီးနှံဖြစ်သည်။ ကယ်လိုရီလုံးဝ မပါသော သီးနှံလည်း ဖြစ်သည်။ အနံ့ပြင်း၍ စပ်သော အရသာကိုပေးသည့်အတွက် ကယ်လိုရီများကိုလည်း လောက်ကျွမ်းနိုင်သော သတ္တိရှိသည်။ အာရှနိုင်ငံများတွင် ထုတ်လုပ်မှု့မြင့်သလို စားသုံးမှု့မြင့်သော သီးနှံလည်းဖြစ်သည်။

၁။ စိုက်ပျိုးနည်းစနစ်

မြေချဉ်ငန်ဓာတ် ၅.၅ မှ ၆.၈ ကြား မြေအမျိုးအစားတို့တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ချဉ်လွန်းသောမြေသည် ငရုတ်စိုက်ရန် သင့်တော်ခြင်းမရှိပါ။ သဲဆန်၍ ရေသွင်းရေထုတ် ကောင်းမွန်ပြီး လေဝင်လေထွက်ကောင်းစွာ ပြုလုပ်နိုင်ပြီး သဘာဝမြေဆွေး များကြွယ်ဝသော မြေအမျိုးအစားသည် စိုက်ပျိုးရန် အသင့်တော်ဆုံးသော မြေဖြစ်သည်။

စိုက်ပျိုးရန် ထယ်ထိုးထွန်မွှေ သုံးကြိမ်မှ လေးကြိမ်ထိပြုပြင်သင့်သည်။ ပြီးလျှင် မြေကိုညှိ၍ ရေစီးရေထွက်ကောင်းမွန်သော မြောင်းများထား၍ ဘောင်ဖော်ခြင်းကို ဂရုတစိုက် ပြုလုပ်ပေးသင့် သည်။

စောစီးစွာစိုက်ခြင်းက နွေရာသီအကုန်တွင် ငရုတ်သီးကိုကောင်းစွာ ရင့်မှည့်ရန် အချိန်ပေးပြီးသား ဖြစ်ပြီး ရောင်းဝယ်ရာတွင်လည်း အရောင်လှ၍ မျက်နှာပန်းလှစေသည်။ နေရောင်ကိုကောင်းစွာရ၍ အပူကြိုက်သော သီးနှံဖြစ်သည့်အလျောက် နေရောင်ခြည်ကောင်းစွာ ရရှိရန် လိုအပ်သည်။ နေရောင်ခြည်ကောင်းစွာ ရရှိရန်နှင့်နေ့အပူချိန် မြင့်မားစွာ ရရှိနိုင်ခြင်းသည် အထွက်နှုန်း ကို ကောင်းစွာတိုးထွက်စေသည်။

၂။ မြေပြင်ခြင်း

မြေကိုကောင်းစွာညက်နိုင်အောင် ထယ်ထိုးထွန်မွှေ ကို သုံးကြိမ်မှ လေးကြိမ်ထိ ဝင်ပါ။ မြေကျစ်စာခဲများကျန်မနေအောင် ဂရုစိုက်ပါ။ လေဝင်လေထွက်နှင့် ရေသွင်းရေထုတ် ကောင်းမွန်အောင် စိုက်ဘောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း ရေသွင်းရေထုတ် ရန် မြောင်းများကောင်းမွန်စွာ ဖော်ဆောင်ပေးခြင်းဖြင့် လည်းကောင်း ပြုပြင်နိုင်သည်။ သဘာဝမြေဆွေး နှင့် ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန် အညစ်အကြေးကို တစ်ဧက လျှင် မစိုက်ပျိုးခင် နှစ်ပတ်စော၍ ဆယ့်နှစ်တန်မှ ဆယ့်သုံးတန်ထိ ထည့်သွင်းရမည်။

မြေဆောင်ရောဂါများနှင့် ပုရွက်ဆိတ် များကို ကာကွယ်ရန်အတွက် ထွန်မွေခြင်းနောက်ဆုံးအကြိမ်တွင် ဟက်ဖ်တခ်(Hefaf) ကို တစ်ဧကလျှင် ခြောက်ပိသာမှ ဆယ်ပိသာအထိ ထည့်သွင်းနိုင်သည်။ မြောင်းဖော်ခြင်းနှင့်စိုက် ဘောင်ဖော်ခြင်းကို နှစ်ပေစီခြား၍ ပြုလုပ်နိုင်သည်။ အေဇိုစပိုရီလန် ခြောက်ပိသာနှင့်ဖော့စဖိုဘက်တီးရီးယား ဆတူရောထားသောမြေဆွေး ခြောက်ပိသာကို အသုံးပြုနိုင်သည်။ ရက်လေးဆယ်ကြာ ပျိုးသက်ရှိသောငရုတ်ပင်များကို ရွေ့ပြောင်းစိုက်ပျိုးရာတွင် အမြစ်အုံမကွဲအောင်ဂရုစိုက်ရမည်။
ရေသွင်းရေထုတ်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်လျှင် တစ်နှစ်ပတ်လုံး ဖြစ်ထွန်းသော သီးနှံဖြစ်သည်။ အာရှနိုင်ငံများတွင် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီတွင် တစ်သီး၊ ဇွန် နှင့် ဇူလိုင် တွင်တစ်သီး၊ စက်တင်ဘာ နှင့်အောက်တိုဘာတွင်တစ်သီး တစ်နှစ်လျှင် သုံးသီး စိုက်ကြသည်။

၃။ မျိုးစေ့နှုန်းထား

မြေအမျိုးအစား၊ ငရုတ်မျိုးပေါ်တွင် မူတည်သော်လည်း ယေဘုယျ အားဖြင့် မျိုးစေ့ လေးဆယ်ကျပ်သားလောက် သုံးစွဲကြသည်။ ၎င်းမျိုးစေ့လေးဆယ်ကျပ်သားကို ထရိုင်ဂိုဒါးမား ဗရီဒေ သုံးကျပ်းသားဖြင့်ရောမွှေ၍ သဲပါးပါးအုပ်ထားပါ။ ပျိုးပင်များကို ခါးရိရောဂါကို ကာကွယ်ရန်အတွက် ကော့ပါးအောက်ဆီကလိုရိုဒ် ၁ကျပ်သားကို ရေတစ်လီတာတွင်ဖျော်၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ကာဗိုဖြူရန် ၃(အခဲ) ပျိုးမည့်မြေတစ်ပေ ပတ်လည်တွင်ခြောက်ကျပ်သားကို အပင်မပျိုးခင် ထည့်ပါ။

အပင်ရွှေ့စိုက်ရသော သီးနှံဖြစ်သည့်အလျှောက် ရာသီဥတုပေါ်မူတည်၍ ပျိုးသက်လေးဆယ်မှ လေးဆယ့်ငါးရက်တွင် စိုက်ခင်းထဲသို့ပြောင်းစိုက်ပါ။ စိုက်ခင်းထဲမှ စိုက်ဘောင်များသည် နှစ်ပေအကျယ်ရှိပြီး အရှည်မှာ စိုက်ပျိုးရန် သင့်တော်သလို ထားနိုင်သည်။

ပျိုးဘောင်ပေါ်တွင် သဘာဝမြေဆွေးကို ထည့်ပါ။ ကောက်ရိုးအနည်းငယ်ကို မီးရှို့ပြာချခြင်းသည် မြေကိုပိုးသတ်ပြီးသား ဖြစ်သကဲ့သို့ ပိုတက်စီယမ် နှင့်ဖော့စဖရပ် အနည်းငယ်ကိုကောင်းစွာ ရရှိစေသည်။ ပျိုးဘောင်ပေါ်တွင် အစေ့များစိုက်ပြီးပါက အပေါ်မှ သစ်ကိုင်းသစ်ခက် အရွက်ဖားဖားများနှင့် အုပ်ထားပေးနိုင်သည်။ အပူကြိုက်သော သီးနှံဖြစ်သည်။ အပူချိန် ၂၈ မှ ၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိသော အခြေအနေတွင် ဆယ့်ငါးရက်မှ ရက်နှစ်ဆယ်ရက်ခန့် ကြာလျှင် အစေ့လေးများ အပင်ပေါက်လာပြီးဖြစ်ပြီး အုပ်ထားသည့် သစ်ကိုင်းသစ်ခက်များကို ဖယ်ပေးပါ။ အပူချိန်ပေါ်မူတည်၍ ရက်အနည်းအများရှိသည်။ မျိုးစေ့စတင် ချပြီးချိန်မှ ပျိုးပင်ကလေးများ ကောင်းကောင်းပေါက်ချိန်သည် တစ်လခွဲအထိ ကြာမြင့်တတ်သည်။
စိုက်ခင်းထဲမရွှေ့ခင် တစ်ပတ်ကြာ ရေမသွင်းရပါ။ ရွှေ့မစိုက်ခင် တစ်ရက်အလိုမှ ရေကောင်းကောင်းသွင်းပါ။ မိုးအားကိုး စိုက်သောအခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ× တစ်ပေခွဲ၊ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ×နှစ်ပေ စီခြား၍ စိုက်ပါ။

မိုးရေချိန် တစ်နှစ်လျှင် အနည်းဆုံး ၈၀ လက်မရှိသောဒေသတွင် စိုက်ပျိုးနိုင်သကဲ့သို့ ရေသွင်း၍ လည်း စိုက်ပျိုးနို်င်သည်။ အမြစ်တိမ်တိမ်သာဆင်းပြီး ရေခြောက်ခြင်းနှင့် ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ သို့တစေ အစိုဓာတ် ကိုလည်းသင့်တင့်လျောက်ပတ်စွာရရှိရန်လိုအပ်ပြီး လေဝင်လေထွက်နှင့် အစိုဓာတ်ကိုကြိုက်သောသီးနှံလည်းဖြစ်ပြန်၍ ရေသွင်းရေထုတ် နှင့်ရာသီဥတုပေါ်မူတည်၍ ဂရုစိုက်ပေးရန်လိုအပ်သည်။ ရေနည်းသောဒေသများအတွက် ရေအစက်ချပေးသော စနစ်သည် သင့်တော်သော်လည်း စပင်ကလာခေါ်သည့် ရေပန်းစနစ်သည် အဆင်မပြေပါ။ ရောဂါကူးစက်မှု့ ပိုမိုပွားစေသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ မိုးများသောဒေသတွင်မူ ရေထုတ်မြောင်းကောင်းကောင်းနှင့် ရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်ရွှေ့ပြီးစတွင် ရေပထမဆုံးအကြိမ်သွင်းရန် လိုအပ်သည်။

နွေရာသီတွင် ငါးရက်မှခြောက်ရက် တစ်ကြိမ် သွင်းရန်လိုအပ်ပြီး၊ မိုးရာသီတွင် ဆယ်ရက်မှ ဆယ့်နှစ်ရက်တစ်ကြိမ် သွင်းရန်လိုအပ်သည်။ အခင်းထဲတွင် အစိုဓာတ်နှင့် ရေရရှိမှု့ ညီမျှမှု့ မရှိပါက အသီးအပွင့်များကြွေကျခြင်းတို့ ဖြစ်တတ်သည်။

 

၄။ မြေဆီသြဇာ နှင့် သဘာဝမြေဆွေး
ငရုတ်ပင်သည် မြေဆီသြဇာ နှင့် သဘာဝမြေဆွေးကောင်းစွာ ထည့်ပေးလျှင် ကောင်းစွာ ကြီးထွား၍ အထွက်နှုန်းကိုကောင်းစွာပေးနိုင်သော သီးနှံဖြစ်သည်။

စီးပွားဖြစ် စိုက်ပျိုးပါက မြေကိုအရင်စမ်းသပ်ပြီး မြေချဉ်ငန်ဓာတ်ကို စစ်ဆေးရမည်။ ရရှိလာသော စစ်ဆေးချက်ကို လိုက်၍ လိုအပ်သည့် အာဟာရဓာတ်များကိုသေချာ စိစစ်ထည့်သွင်းသင့်သည်။ ယေဘုယျ အားဖြင့် သဘာဝအတိုင်းကောင်းစွာဆွေးမြည့်သော တိရစ္ဆာန် အညစ်အကြေးကို တစ်ဧကလျှင် ဆယ်တန်မှ ဆယ့်နှစ်တန်ထိ ထည့်သွင်းပါ။ မိုးအားကိုးစိုက်သောအခင်းတွင် ဖော့်စဖရပ် ခြောက်ပိသာနှင့် နိုက်ထရိုဂျင် ခြောက်ပိသာကို မြေပြင်ပြီး အပင်မရွှေ့ခင် စိုက်ခင်းထဲသို့ထည့်ပါ။ ဒုတိယတစ်ကြိမ်ခြောက်ပိသာကို အပင်ရွှေ့စိုက်ပြီး တစ်လအကြာတွင်ထည့်ပါ။

ရေသွင်းစိုက်ပျိုးရသော အခင်းတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ကို လေးကြိမ်ခွဲကျွေးပါ။ စိုက်ပြီးလျှင်ပြီးခြင်း တစ်ကြိမ် လေးပတ်ကြာလျှင် ဒုတိယကြိမ်၊ ခုနှစ်ပတ်ကြာလျှင် တတိယကြိမ် နှင့် ခြောက်ပတ်ကြာလျင် စတုတ္ထအကြိမ် ထည့်ပါ။ တစ်ကြိမ်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် အချိုးကို ခြောက်ဆယ်သား၊ သုံးဆယ်သား၊ သုံးဆယ်သား အချိုးဖြင့်ကျွေးပါ။

ကြားပေါင်းလိုက်ခြင်းကို အမြစ်တိမ်သော အပင်ဖြစ်၍ ပေါက်ပြားအသေးဖြင့်သာ လိုက်သင့်သည်။ ပေါင်းသတ်ဆေး သုံးလိုပါက သုံးပါ။ မသုံးလိုပါက ကောက်ရိုးုဖြင့်မြေကို ဖုံးအုပ်၍စိုက်ပါ။ ပန်းမပွင့်မှီ မြေဘောင်တင်ခြင်းကို ပြုလုပ်ခြင်းသည် အပင်၏ အသီးသီး နှုန်းကို ပိုစေသောကြောင့် ပေါင်းနှိမ်ခြင်း ပြုလုပ်ရင်း တစ်ပါတည်း လုပ်သင့်သည်။

၅။ ပိုးမွှားနှင့် ရောဂါများ

ပ်ပိုး

ပျသည် ပင်ရည်စုပ်သော ပိုးမွှားဖြစ်ပြီး ဆောင်းတွင်းနှင့် အပင်သက် နှစ်လနောက်ပိုင်းတွင် အကျများသည်။ ပျပိုးကျရောက်ပါက သီးတောင့်များအရည်အသွေးကျဆင်းပြီး ရောင်းပန်းမလှ ဖြစ်တတ်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုဖျန်းပါ။

လှေးပိုး

အရွက်များကို တွန့်လိမ်ကောက်ကွေးစေပြီး အပွင့်များကို ကြွေစေသော အဖျက်ပိုးဖြစ်သည်။ ပန်းပွင့်ချိန်တွင် အများဆုံးကျရောက် ဖျက်ဆီးတတ်သည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်း ပြုလုပ်သင့်သည်။

စိုက်ထားသော မျိုးစေ့ ခြောက်ဆယ်သားကို ဧမီဒါ ကလိုပရစ် ၇0 ရာခိုင်နှုန်း ၈ကျပ်သား ရေဖျော်၍ ဖျန်းပါ။ ကာဘိုဖြူရန် ရှစ် ပိသာ သို့မဟုတ် ပိုရိတ် ဆယ်ရာခိုင်နှုန်း အခဲကို နှစ်ပိသာခွဲ သုံးနိုင်သည်။

သီးလုံးဖောက်ပိုး

ပိုးလောက်ကောင်များသည် အရွက်များကိုစားပြီး ဖျက်ဆီးပြီးနောက် သီးတောင့်များကို ဖောက်စားသည်။ သီးတောင့်များ၏ အရည်အသွေး ကျဆင်းသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။ ဘက်ဆလပ်သူရီဂျင်နမ်းစစ် ကို ရေတစ်လီတာတွင် ထမင်းစားဇွန်း ငါးပုံပုံ တစ်ပုံထည့်ဖျော်၍ ဖျန်းပါ။

မႊားပိုး

အရွက်အောက်ဖက်ရှိ ရွက်ကြောများတွင် နေထိုင်ကာ ပင်ရည်များ စုပ်ယူစားသုံးကြ၍ အရွက်များကော့၍ တွန့်လိမ်လာသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်း ပြုလုပ်သင့်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုလည်း ဖျန်းပါ။

ရွက်လိပ်ပိုး

အရွက်နှင့်အညွန့်များဆီက ပင်ရည်များကိုစုပ်စားသည်။ အရွက်များတွန့်ကုတ်စေသည်။ ထို့အပြင် အသီးများကိုလည်း ပြုတ်ကျစေသည်။ ဒိုင်ကလိုဗော့ (၀.၀၂ ) ရာခိုင်နှုန်း သို့မဟုတ် ကွီနာဖော့ (၀.၀၂၅) ရာခိုင်နှုန်း ကို ငါးအဆီ သို့မဟုတ် ဆပ်ပြာရည်နှင့် ရော၍ဖျန်းပါ။

မြစ်ထုံးနီမတုတ်

အမြင်တွင်းမှ ဝင်၍ ပင်ရည်စုပ်စားသော သန်ကောင်ကဲ့သို့ ကပ်ပါးတစ်မျိုးဖြစ်သည်။ အမြစ်များကို ဖုထစ်ဖြစ်စေပြီး အပင်ကိုသာ၍ ညိုးသေစေသည်။ ပူနွေးသောရာသီဥတုနှင့် သဲဆန်သောမြေတွင် အဖြစ်များသည်။

ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။ တစ်ခါတစ်ရံတွင် ရေလွမ်း၍ ထားခြင်းသည် နီမတုတ်ကိုလျော့ပါးစေသည်။

ခါးရိပင်ညိူးရောဂါ

မျိုးစေ့လေးဆယ်ကျပ်သားကို ထရိုင်ဂိုဒါးမား ဗရီဒေ သုံးကျပ်းသားဖြင့်ရောမွှေ၍ မစိုက်မီ လူးနယ်ထားပါ။ ပျိုးပင်များကို ခါးရိရောဂါကို ကာကွယ်ရန်အတွက် ကော့ပါးအောက်ဆီကလိုရိုဒ် ၁ ကျပ်သားကို ရေတစ်လီတာတွင်ဖျော်၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ကာဗိုဖြူရန် ၃ (အခဲ) ပျိုးမည့်မြေ တစ်ပေပတ်လည်တွင်ခြောက်ကျပ်သားကို အပင်မပျိုးခင် ထည့်ပါ။ ပျိုးပင်ဘဝတွင် အဖြစ်များသောရောဂါဖြစ်၍ ပိုမိုဂရုစိုက်ပါ။ ရေမဝပ်အောင်ဂရုစိုက်ပါ။ မှိုသတ်ဆေးသုံးစွဲပါ။

အရွက်ပြောက်ရောဂါ

အရွက်ပေါ်တွင် အနက်ပြောက်လေးများဖြစ်ပြီး အသီးတောင့်ပေါ်တွင်ရေစိုကွက် ချွဲကျိကျိများ ဖြစ်ပေါ်သည့်ရောဂါ ဖြစ်သည်။ အရွက်များ အဆစ်မှ ပြုတ်ကျခြင်းများလည်းဖြစ်သည်။
အဂရီမိုင်ဆင်းနဲ့ ကော့ပါးအောက်ဆီကိလိုရိုက်ကိုဖျန်းပါ။

ရေစိုနာကွက်ရောဂါ

ရေစိုနာကွက် မည်းမည်းများ သီးတောင့်နှင့် အရွက်များပေါ်တွင် ဖြစ်စေသောရောဂါဖြစ်သည်။ အနာကွက်များ မှတစ်ဆင့် သီးတောင့်များပုပ်သွားပြီး ကြွေကျကြသည်။ အထွက်နှုန်းကျပြီး ကူးစက်မှု့မြန်သည်။ အစိုဓာတ်ပမာဏ များလွန်းပြီး လေဝင်လေထွက် မကောင်းသောနေရာများတွင် ပိုမိုဖြစ်ကြသည်။

ရောဂါကင်းစင်သော မျိုးစေ့ကိုသုံးပါ။ ကူးစက်ခံထားရသော အကိုင်းအရွက်များကို မီးရှို့ဖျက်ဆီးပါ။ မန်ကိုဇက် ကို ရေတလီတာ လျှင် ထမင်းစားဇွန်း တစ်ဝက်စီဖျော်၍ သုံးပါ။

ပေါင်ဒါမှုန်ကဲ့သို့ ဖြူဖွေးသောရောဂါ

အစိုဓာတ်များလည်း ကျရောက်တတ်သည်။ ဆာလဖာ ထမင်းစားဇွန်း တစ်ဝက်ကိုရေတစ်လီတာ သို့မဟုတ် ကာဗင်ဒါဇင် ထမင်းစားဇွန်း လေးပုံပုံ တစ်ပုံကိုရေတစ်လီတာဖြင့် ဖျန်းပါ။

၅။ ခူးဆွတ်ချိန်

ငရုတ်သီးသည် ပန်းပွင့်ပြီး ခြောက်ဆယ်မှခြောက်ဆယ့် ငါးရက်အကြာတွင် ကောင်းစွာ ရင့်မှည့်ပြီဖြစ်သည်။ အချို့နိုင်ငံတွင် စည်သွပ်ဗူးလုပ်ရန် စိမ်းနေဆဲအခြေအနေကို ခူးဆွတ်ကြပြီး အချို့က အနီရောင်ပြောင်းသည် အထိစောင့်ကြသည်။ အစပ်တောင့်များသည် အချို့ကိုငြုပ်မှုန့် ပြုလုပ်လိုကြ၍ကောင်းစွာ ရင့်မှည့်အောင် ထား၍ သိုလှောင်ကြသည်။ အစိုအထွက်နှုန်း တစ်ဧကလျှင် လေးတန်မှ လေးတန်ခွဲ အခြောက်ခံလျှင်ကျန်သော အသားတင် အထွက်နှုန်းမှာ နှစ်တန်ပိုပို ထွက်ရှိသည်။

ရွှေရည်လင်း



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဝါးပင်၊ ကျူပင်၊ ငှက်ပျောပင် သီးလျှင် မုချ သေကြရ"