ကြက်သွန်နီ စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မူရင်းဒေသ

ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက် ဖြစ်သည်။ မျိုးရင်း AMARYLLIDACEAE တွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်မှာ Allium cepa ဖြစ်သည်။

၂။ ရေမြေနှင့်ရာသီဥတု

ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ် လုံလောက်စွာပေးနိုင်ရန် လိုအပ်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက် မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်သည်။ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။

သာမာန်အားဖြင့် အပူချိန် အသင့်အတင့် မြင့်ပြီးနေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးသည်။ အပူချိန်၅၀-၆၀ ဒီဂရီဖာရင်ဟိုက်တွင် နေ့တာတို ၁၂နာရီ ရရှိပါက ပန်းပွင့်၍ အေစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေး နှင့်နေ့တာ အတိုအရှည် ညီမျှသောဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်သည်။ ကြက်သွန်ဥ အတွက် အကောင်းဆုံး အပူချိန်မှာ ၁၃-၂၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ဥချချိန် အပူချိန် နိမ့်လွန်းပါက အနှံထွက်လာတတ်သည်။ အကောင်းဆုံး အပူချိန်မှာ၂၀-၂၅ ဒီဂရီ ဒင်တီဂရိတ်ဖြစ်ပြီး အလင်း ကာလမှာ ၁၂ -၁၃ နာရီ ရှိရမည်။

၃။ လက်ရှိ စိုက်ပျိုးလျက်ရှိသော မျိုးများ

(က)ရွှေဖလား

ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးပမာဏမှာ (၁) ထက်ကြီးသည့်အတွက် ပြားဝိုင်းပုံ သဏ္ဍာန်ရှှိသည်။ ရွှေဒင်္ဂါး၊ ရွှေဖလား ခွက်မှောက် ဟူ၍ခေါ်ဝေါ်ခြင်း ဖြစ်သည်။

(ခ) ဘောင်စောက်

ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးချ ကြည့်ပါက (၁) ထက် ငယ်သည့် အတွက်ဘောင်ဆောက်ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်း နှင့်ဘင်္ဂလား ဟူ၍ခေါ်ဝေါ် သုံးစွဲကြပါသည်။

(ဂ) သပိတ်လုံး

ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးအနေအထားအားဖြင့် ညီမျှမှုရှိသည့်အတွက် လုံးဝိုင်းသော ပုံသဏ္ဍန်ရှိပါသည်။ အချို့ဒေသများတွင် ဦးဝိုင်းမျိုး ဟုခေါ်ဆိုလေ့ ရှိကြပါသည်။

(ဃ) မင်းတုန်းဥမွှာမျိုး

ကြက်သွန်နီဥ တစ်လုံးတည်း မဟုတ်ဘဲ အမွှာတက်များ ဖြစ်ပေါ်နေသည့် အတွက် ပုံသဏ္ဍာန် ထူးခြားမှု ရှိပါသည်။ မြိတ်စား ကြက်သွန်အဖြစ် အသုံးများ၍ မြန်မာ ကြက်သွန် (သို့မဟုတ်) ကြက်သွန်နီ ကလေးဟူ၍ လည်းခေါ်ဝေါ်ကြပါသည်။

၄။ ပျိုးထောင်ခြင်း

အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ် ရှိရမည်။ သေချာစွာ ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေရန် ဖြစ်သည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။

၅။ မျိုးစေ့နှုန်း

တစ်ဧကလျှင် မျိုးစေ့၄ပြည် ခန့် လိုသည်။

၆။ မြေပြုပြင်ခြင်း

ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှ စ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်ထားရမည်။ မြက် နှင့်ပေါင်းပင်များကို နှိမ်နင်းရန် အတွက် ထယ်ဖြင့် အကြိမ်ကြိမ် ထိုးပစ်ရမည်။ ထယ်ထိုးပြီးက ထွန်ရေးညက်အောင် ထွန်ပြီး ကြမ်းတုံးရိုက်၍ မိမိ စိုက်ပျိုးသော နည်းဖြင့် အကွက်ဖော်ယူရသည်။ ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေသွင်းနိုင်သော ဒေသတွင် ဘောင်ဖော်စိုက်ပျိုးကြသည်။

၇။ စိုက်ပျိုးခြင်း

(က) ဘောင်ဖော် စိုက်ပျိုးနည်း

ကြက်သွန်ကို စိုက်ပျိုးရန်အတွက် ဘောင်ဖော်ရာ၌ စိုက်ခင်း မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီညာသော အပိုင်းများ အလိုက်ဘောင်ဖော်ပေးရမည်။ သို့မှသာ ရေသွင်းရန် လွယ်ကူပြီး ရေသည် ညီညာစွာ အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်ဖော်သည် ဆိုရာ၌ ရေသွင်းရန် အတွက်၃-၄ပေခြား မြောင်းများ ဖော်ပေးခြင်းဖြင့် အရာပေးပြီး ဂျုတ်ဆွဲ၍ ဖော်ကြသည်။ စိုက်ဘောင်ကို ညီညာအောင် ပြုပြင်ပြီး ပျိုးပင်ကလေးများကို တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင တစ်တန်း၄-၅လက်မခွာ စိုက်ရမည်။ ထို့နောက်ဘောင်နှင့် ညီအောင်ရေ သွင်းပေးရမည်။

(ခ) ကန်သင်းဖော် စိုက်ပျိုးနည်း

ဤစိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်း ရှင်းရာ၌ အကွက်ထဲ ဝင်၍ မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန် အတွက်၄-၅ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ ပျိုးပင်ကလေးများကို ၄ပတ်-၆ပတ်သား အရွယ်တွင် ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ စိုက်ပျိုးနိုင်သည်။

ကြက်သွန်မျိုးပေါ် မူတည်၍ ပျိုးသက် ၅၅-၆၀ရက်သား အထိ ထား၍ စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတံ ထွက်မှုများစေပြီး ပျိုးပင် အရွယ်ငယ် လွန်းပါက ဥ အရွယ်သေးငယ်ကာ အထွက် နည်းစေပါသည်။ တစ်တန်းနှင့် တစ်တန်း ၅ - ၆ လက်မ ခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃- ၄လက်မ ခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာနှင့် ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ခင်း သို့ပြောင်းရွှေ့ စိုက်ပျိုးကြသည်။

တစ်ဧကလျှင် အပင် ၅-၇သိန်းကျော အထိဒေသ အလိုက် စိုက်ပျိုးစနစ်ပေါ် မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုး ကြက်သွန်နီကို သုံးပါက ၂သိန်းကျော် ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ ၌ ဤနည်းကို အသုံးများသည်။

အရေးကြီးသော အချက်မှာ သဲချောင်း၏ အစိုဓါတ်ကို အပင်က မိမိရရ စားသုံးနိုင်ရန် ဖြစ်သည်။ အစိုဓာတ် များလွန်းခြင်း၊ နည်းလွန်းခြင်းသည် သီးနှံ စိုက်ပျိုးရေးတွင် မလိုလားအပ်သောကြောင့် ဤအခက်အခဲများကို ပြုပြင်ပေးရန် လိုအပ်သည်။ ရေမျက်နှာပြင်သည် မြေအောက်ရ-၈လက်မခန့်တွင် ရှိနေအောင မြေကို ပြုပြင်ပေးရမည်။ ထို့ကြောင့် အစိုဓာတ် များလွန်းသော နေရာတွင် သဲဘောင်များ ထွန်နှင့် လိုက်ဖို့ပေးခြင်း၊ အစိုဓာတ် များလွန်းသော နေရာ၌ အပေါ်ယံ သဲဘောင်များကို တစ်နေရာသို့ တိုက်ရိုက် ပို့ပေးပြီး၊ မြေကို ထွန်ယက် ညှိပေးရမည်။ သဲမြေညှိခြင်းကြောင့် လုပ်ငန်းမှာ မခက်ခဲလှပေ။ သို့ရာတွင် ဤကဲ့သို့မြေမျိုးတွင် စိုက်ပျိုးက နွားချေး၊ မြေဆွေး၊ ဓာတ်မြေသြဇာ စသည်တို့ကို ကြိုတင် အလုံအလောက် စုဆောင်း ထားရှိရမည်။

၈။ မြေသြဇာနှုန်းထား

ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး ပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ--
ယူရီးယား - ၂အိတ်
တီစူပါ - ၂အိတ်
ပိုတက်ရှ် - ၁အိတ်
ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။

၉။ အပင်ပြုစုခြင်း

ကြက်သွန်ကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ပေါင်းကို နိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည် ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏ အမြစ်သည် မြေ၏ အပေါ်ယံ အပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ် မထိခိုက်စေရန် သတိပြုရမည်။ အရွက်များ စတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေ အလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံ ထည့်ပေးပါ။

၁၀။ ရေသွင်းခြင်း

မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျတတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေ လိုအပ်မှုများပါက ဥခွခြင်း၊ မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။
သာမာန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပေးရသည်။ ရာသီဥတု ပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန် လိုသည်။ အရွက်များ စတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။ မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။

၁၁။ ရိတ်သိမ်းခြင်းနှင့်အထွက်

အမြိတ်စား အတွက် ရိတ်သိမ်းပါက ကြက်သွန်ဥ ငယ်စဉ် အရွက်သည် ခဲတံလုံးခန့်ရှိလျှင် လက်ဖြင့် ဆွဲနုတ်ယူနိုင်သည်။ ဥကြီး အတွက် ရိတ်သိမ်းက အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်လှချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း မလှပေ။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည် ဆိုကြသည်။ အရွက်ကို ၀.၅-၁လက်မချန်ပြီး ဖြတ်ရမည်။ ပျှမ်းမျှ တဧကလျှင် ပိဿာချိန် ၆၀၀၀-၈၀၀၀ ထိထွက်သည်။

ကြက်သွန်ဥများကို နေရောင်ဖြင့် အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံရမည်။ ကြက်သွန် အပေါ်ယံခွံ အခြောက် ဖြစ်ရန် အစိုဖြစ်စမှှ ၁လ ကြာသည်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Mobile App)

ကိုးကား- DOA

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်