ငရုတ်ပွ စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

ငရုတ်ပွကို sweet pepper, bell peppper, peprika ဟူ၍ အမျိူးမျိခေါ်ဆိုကြသော်လည်း မြန်မာနိုင်ငံ တွင်မူ ငရုတ်ချိူ၊ ငရုတ်ပွ ဟူ၍သာ ခေါ်ဆိုကြသည်။ သူ၏ ချိုသောအရသာကြောင့် လူသိများပြီး စျေးကောင်းရသော သီးနှံတစ်မျိုးးဖြစ်၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးကြသူတိုင်းက အနည်းနှင့်အများအစိုက်သော သီးနှံလည်းဖြစ်သည်။ ငရုတ်အစပ်တောင့်နှင့် မတူသော နည်းစနစ်ဖြင့် စိုက်ပျိုးကြသကဲ့သို့ ငရုတ်အစပ်တောင့်လောက် ငယ်လက်မများသော သီးနှံလည်း ဖြစ်သည်။ ငရုတ်ပွကို လတ်လတ်ဆတ်ဆတ် စားကြသောသီးနှံ၊ ပုပ်သိုးပျက်စီးလွယ်သောသီးနှှံဖြစ်၍ ဂရုစိုက်အချိန်ပေးရသောကြောင့် စီးပွားဖြစ် စိုက်ပျိုးသူများက သီးညှပ်စိုက်ခင်းများ၌ ညှပ်၍စိုက်ခြင်းကိုလည်း ပြုလုပ်ကြသည်။

ငရုတ်ပင်များ၏ သဘောသဘာဝအရ ပျမ်းမျှအပူချိန် သုံးဆယ် ဆဲလ်ဆီးယပ် ထက်နည်းသော ရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း ယခုအခါထွက်ပေါ်လာသော လူတို့ဖန်တီးထားသော စပ်မျိုးများသည် အစ္စရေးနိုင်ငံကဲ့သို့ ပူပြင်းသော ရာသီဥတု တွင်ပင် စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ မတူခြားနားချက်မှာ အပူချိန်ပေါ် မူတည်၍ အပွင့်မြန်မြန်ပွင့်၍ အသီးမြန်မြန်နှင့်များများ သီးကြသည်။ မှန်လုံအိမ် စိုက်ပျိုးနည်း၊ ပတစ်စတစ်စိမ်းအစကို အုပ်မိုး၍ စိုက်ပျိုးရေးခြံဆောက်၍ စိုက်ပျိုးနည်း၊ မြေကြီးကို ပလစ်စတစ်စ အုပ်၍ စိုက်ပျိုးသော နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် သမားရိုးကျ စိုက်ပျိုးနည်းထက် အထွက်နှုန်း ဆယ်ဆပိုထွက်သည်။ ယခုဖေါ်ပြပါနည်းစနစ်သည် သမားရိုးကျ စိုက်ပျိုးနည်းဖြစ်သည်။

သဲဆန်၍ ရေသွင်းရေထုတ် ကောင်းမွန်ပြီး လေဝင်လေထွက်ကောင်းစွာ ပြုလုပ်နိုင်ပြီး သဘာဝမြေဆွေး များကြွယ်ဝသော မြေအမျိုးအစားသည် စိုက်ပျိုးရန် အသင့်တော်ဆုံးသော မြေဖြစ်သည်။ စိုက်ပျိုးရန် ထယ်ထိုးထွန်မွှေ သုံးကြိမ်မှ လေးကြိမ်ထိ ပြုပြင်သင့်သည်။ ပြီးလျှင် မြေကိုညှိ၍ ရေစီးရေထွက်ကောင်းမွန်သော မြောင်းများထား၍ ဘောင်ဖော်ခြင်းကို ဂရုတစိုက်ပြုလုပ်ပေးသင့်သည်။ မြေကိုကောင်းစွာညက်နိုင်အောင် ထယ်ထိုးထွန်မွှေကို သုံးကြိမ်မှ လေးကြိမ်ထိ ဝင်ပါ။ မြေကျစ်စာခဲများကျန်မနေအောင် ဂရုစိုက်ပါ။ လေဝင်လေထွက်နှင့် ရေသွင်းရေထုတ်ကောင်းမွန်အောင် စိုက်ဘောင်ပြုလုပ်ခြင်းဖြင့်လည်းကောင်း ရေသွင်းရေထုတ် ရန် မြောင်းများကောင်းမွန်စွာ ဖော်ဆောင်ပေး ခြင်းဖြင့် လည်းကောင်း ပြုပြင်နိုင်သည်။ သဘာဝမြေဆွေး နှင့် ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန် အညစ်အကြေးကို တစ်ဧက လျှင် မစိုက်ပျိုးခင် နှစ်ပတ်စော၍ ဆယ့်နှစ်တန်မှ ဆယ့်သုံးတန်ထိ ထည့်သွင်းရမည်။ မြေဆောင်ရောဂါများနှင့် ပုရွက်ဆိတ် များကို ကာကွယ်ရန်အတွက် ထွန်မွေခြင်းနောက်ဆုံး အကြိမ်တွင် ဟက်ဖ်တခ်(Hefaf) ကို တစ်ဧကလျှင် ခြောက်ပိသာမှ ဆယ်ပိသာအထိ ထည့်သွင်းနိုင်သည်။

မြောင်းဖော်ခြင်းနှင့်စိုက် ဘောင်ဖော်ခြင်းကို နှစ်ပေစီခြား၍ ပြုလုပ်နိုင်သည်။ အေဇိုစပိုရီလန် ခြောက်ပိသာနှင့် ဖော့စဖိုဘက်တီးရီးယား ဆတူရောထားသောမြေဆွေး ခြောက်ပိသာကို အသုံးပြုနိုင်သည်။ ရက်လေးဆယ်ကြာ ပျိုးသက်ရှိသော ငရုတ်ပင်များကို ရွေ့ပြောင်းစိုက်ပျိုးရာတွင် ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။ ထို့ပြင် ဘောင်များကို အုပ်၍ စိုက်လိုပါက အနံသုံးပေ အရှည် ကို မိမိနှစ်သက်သလို ထား၍ စိုက်နိုင်သည်။ မအုပ်ခင်မြေကိုရေကောင်းကောင်းလောင်း၍ နွားချေး စိုက်ဘောင်အကျယ် သုံးပေ × ဆယ့်ငါးပေ ကို လေးပိသာနှုန်း ထည့်၍ သမအောင်မွေ္ဗထားပါ။ ပြီးမှအုပ်ပါ။ ငရုတ်ပွ သည် ငရုတ်အစပ်တွင် ကျသောပိုးမွှားများနှင့် ရောဂါများအတူတူပင် ဖြစ်သည်။ မြေဆီသြဇာ ထည့်နည်းသည်လည်း အတူတူပင်ဖြစ်သည်။ ကောက်ရိုး အနည်းငယ်ကို မီးရှို့ပြာချခြင်းသည် မြေကိုပိုးသတ်ပြီးသား ဖြစ်သကဲ့သို့ ပိုတက်စီယမ် နှင့်ဖော့စဖရပ် အနည်းငယ်ကိုကောင်းစွာ ရရှိစေသည်။ ပျိုးဘောင်ပေါ်တွင် အစေ့များ စိုက်ပြီးပါက အပေါ်မှ သစ်ကိုင်းသစ်ခက် အရွက်ဖားဖားများနှင့် အုပ်ထားပေးနိုင်သည်။ အပူကြိုက်သော သီးနှံဖြစ်သည်။ အပူချိန် ၂၈ မှ ၃၀ ဒီဂရီ ဆဲလ်ဆီးရပ် အတွင်းရှိသော အခြေအနေတွင် ဆယ့်ငါးရက်မှ ရက်နှစ်ဆယ်ရက်ခန့် ကြာလျှင် အစေ့လေးများ အပင်ပေါက်လာပြီး ဖြစ်ပြီး အုပ်ထားသည့် သစ်ကိုင်းသစ်ခက်များကို ဖယ်ပေးပါ။ အပူချိန်ပေါ် မူတည်၍ ရက်အနည်းအများ ရှိသည်။ မျိူးစေ့စချပြီးချိန်မှ ပျိုးပင်ကလေးများကောင်းကောင်းပေါက်ချိန်သည် တစ်လခွဲအထိ ကြာမြင့်တတ်သည်။ စိုက်ခင်းထဲမရွှေ့ခင် တစ်ပတ်ကြာ ရေမသွင်းရပါ။ရွှေ့မစိုက်ခင် တစ်ရက်အလိုမှ ရေကောင်းကောင်းသွင်းပါ။

မိုးအားကိုးစိုက်သော အခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ× တစ်ပေခွဲ၊ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ × နှစ်ပေ စီခြား၍ စိုက်ပါ။ ရေနည်းသောဒေသများအတွက် ရေအစက်ချ ပေးသောစနစ်သည် သင့်တော်သော်လည်း အပင်ကလာခေါ်သည့် ရေပန်းစနစ်သည် အဆင်မပြေပါ။ ရောဂါကူးစက်မှု့ ပိုမိုပွားစေသည့် နည်းစနစ်တစ်ခုဖြစ်သည်။ မိုးများသောဒေသတွင်မူ ရေထုတ်မြောင်း ကောင်းကောင်းနှင့် ရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်ရွှေ့ပြီးစတွင်ရေထိပ်ဆုံးအကြိမ်သွင်းရန် လိုအပ်သည်။
နွေရာသီတွင် ငါးရက်မှခြောက်ရက် တစ်ကြိမ်သွင်းရန် လိုအပ်ပြီး၊ မိုးရာသီတွင် ဆယ်ရက်မှ ဆယ့်နှစ်ရက်ခြား တစ်ကြိမ် သွင်းရန် လိုအပ်သည်။ အခင်းထဲတွင် အစိုဓာတ်နှင့် ရေရရှိမှု့ ညီမျှမှု့ မရှိပါက အသီးအပွင့်များကြွေကျခြင်းတို့ဖြစ်တတ်သည်။

မြေဆီသြဇာ နှင့် သဘာဝမြေဆွေး

ငရုတ်ပင်သည် မြေဆီသြဇာ နှင့် သဘာဝမြေဆွေးကောင်းစွာ ထည့်ပေးလျှင် ကောင်းစွာ ကြီးထွား၍ အထွက်နှုန်းကိုကောင်းစွာပေးနိုင်သော သီးနှံဖြစ်သည်။ မိုးအားကိုးစိုက်သောအခင်းတွင်
ဖော့်စဖရပ် ခြောက်ပိသာနှင့် နိုက်ထရိုဂျင် ခြောက်ပိသာကို မြေပြင်ပြီး အပင်မရွှေ့ခင် စိုက်ခင်းထဲသို့ ထည့်ပါ။ ဒုတိယတစ်ကြိမ်ခြောက်ပိသာကို အပင်ရွှေ့စိုက်ပြီး တစ်လအကြာတွင် ထည့်ပါ။
ရေသွင်းစိုက်ပျိုးရသော အခင်းတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ကို လေးကြိမ်ခွဲကျွေးပါ။ စိုက်ပီးလျှင်ပြီးခြင်းတစ်ကြိမ် လေးပတ်ကြာလျှင် ဒုတိယကြိမ်၊ ခုနှစ်ပတ်ကြာလျှင် တတိယကြိမ် နှင့် ခြောက်ပတ်ကြာလျှင် စတုတ္ထအကြိမ် ထည့်ပါ။ တစ်ကြိမ်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် အချိုးကို ခြောက်ဆယ်သား၊ သုံးဆယ်သား၊ သုံးဆယ်သား အချိုးဖြင့်ကျွေးပါ။ အချို့မျိုးများသည် ရက်ပေါင်းလေးဆယ့် ငါးရက်နှင့် ပွင့်သီးသောမျိုးများလည်းရှိသည်။ ပုံမှန်မှာ စိုက်ပြီးရက်နှစ်ဆယ်တွင် ပန်းပွင့်သည်။ သုံးလသက်တမ်းရှိသော မျိုးများဖြစ်သည်။ ထိပ်ဆုံးဂွတွင် စသီးသောအသီးကိုခြွေပေးခြင်းဖြင့် အထွက်နှုန်းပိုများသည်။ အသီးထွက်နှုန်းများသည်နှင့်အမျှ အစာအာဟာရ ထည့်ပေးရန် လိုအပ်ပြီး ရောဂါပိုးမွှားကို ပိုမိုကာကွယ်ရမည်ဖြစ်သဖြင့် စျေးကွက်တွင်ပေါက်သောစျေးနှုန်းကို ချိန်ဆ၍ စိုက်ပျိုး သင့်သည်။

ကြားပေါင်းလိုက်ခြင်းကို အမြစ်တိမ်သော အပင်ဖြစ်၍ ပေါက်ပြားအသေးဖြင့်သာ လိုက်သင့်သည်။ ပေါင်းသတ်ဆေး သုံးလိုကသုံးပါ။ မသုံးလိုပါက ကောက်ရိုးုဖြင့်မြေကို ဖုံးအုပ်၍ စိုက်ပါ။ ပန်းမပွင့်မှီ မြေဘောင်တင်ခြင်းကို ပြုလုပ်ခြင်းသည် အပင်၏ အသီးသီး နှုန်းကို ပိုစေသောကြောင့် ပေါင်းနှိမ်ခြင်း ပြုလုပ်ရင်း တစ်ပါတည်း လုပ်သင့်သည်။

ပိုးမွှားနှင့် ရောဂါများ

ပျပိုး

ပျသည် ပင်ရည်စုပ်သော ပိုးမွှားဖြစ်ပြီး ဆောင်းတွင်းနှင့် အပင်သက် နှစ်လနောက်ပိုင်းတွင် အကျများသည်။ ပျကျပါက သီးတောင့်များ အရည်အသွေးကျပြီး ရောင်းပန်းမလှ ဖြစ်တတ်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုဖျန်းပါ။

လှေးပိုး

အရွက်များကို တွန့်လိမ်ကောက်ကွေးစေပြီး အပွင့်များကို ကြွေစေသော အဖျက်ပိုးဖြစ်သည်။ ပန်းပွင့်ချိန်တွင် အများဆုံး ကျရောက် ဖျက်ဆီးတတ်သည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်း ပြုလုပ်သင့်သည်။

စိုက်ထားသော မျိုးစေ့ ခြောက်ဆယ်သားကို ဧမီဒါကလိုပရစ် 70 ရာခိုင်နှုန်း ၈ကျပ်သား ရေဖျော်၍ ဖျန်းပါ။ ကာဘိုဖြူရန် ရှစ် ပိဿာ သို့မဟုတ် ပိုရိတ် ဆယ်ရာခိုင်နှုန်း အခဲကို နှစ်ပိသာခွဲ သုံးနိုင်သည်။

သီးလုံးဖောက်ပိုး

ပိုးလောက်ကောင်များသည် အရွက်များကိုစားပြီး ဖျက်ဆီးပြီးနောက် သီးတောင့်များကိုဖောက်စားသည်။ သီးတောင့်များ၏ အရည်အသွေး ကျဆင်းသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်းပြုလုပ်သင့်သည်။ ဘက်ဆလပ်သူရီဂျင်နမ်းစစ် ကို ရေတစ်လီတာတွင် ထမင်းစားဇွန်း ငါးပုံပုံ တစ်ပုံထည့်ဖျော်၍ ဖျန်းပါ။

မွှားပိုး

အရွက်အောက်ဖက်ရှိ ရွက်ကြောများတွင် နေထိုင်ကာ ပင်ရည်များ စုပ်ယူစားသုံးကြ၍ အရွက်များကော့၍ တွန့်လိမ်လာသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုလည်း ဖျန်းပါ။

ရွက်လိပ်ပိုး

အရွက်နှင့်အညွန့်များဆီက ပင်ရည်များကို စုပ်စားသည်။ အရွက်များ တွန့်ကုတ်စေသည်။ ထို့အပြင် အသီးများကိုလည်း ပြုတ်ကျစေသည်။ ဒိုင်ကလိုဗော့ (၀.၀၂ ) ရာခိုင်နှုန်း သို့မဟုတ် ကွီနာဖော့(၀.၀၂၅) ရာခိုင်နှုန်း ကို ငါးအဆီ သို့မဟုတ် ဆပ်ပြာရည်နှင့် ကော၍ ဖျန်းပါ။

မြစ်ထုံးနီမတုတ်

အမြင်တွင်းမှဝင်၍ ပင်ရည်စုပ်စားသော သန်ကောင်ကဲ့သို့ ကပ်ပါးတစ်မျိုးဖြစ်သည်။ အမြစ်များကို ဖုထစ်ဖြစ်စေပြီး အပင်ကိုသာ၍ ညိုးသေစေသည်။ ပူနွေးသော ရာသီဥတုနှင့် သဲဆန်သောမြေတွင် အဖြစ်များသည်။

ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်း ပြုလုပ်သင့်သည်။ တစ်ခါတစ်ရံတွင် ရေလွမ်း၍ ထားခြင်းသည် နီမတုတ်ကိုလျော့ပါးစေသည်။

ခါးရိပင်ညိူးရောဂါ

မျိုးစေ့လေးဆယ်ကျပ်သားကို ထရိုင်ဂိုဒါးမား ဗရီဒေ သုံးကျပ်းသားဖြင့်ရောမွှေ၍ မစိုက်မီ လူးနယ်ထားပါ။ ပျိုးပင်များကို ခါးရိရောဂါကိုကာကွယ်ရန်အတွက် ကော့ပါးအောက်ဆီကလိုရိုဒ် ၁ ကျပ်သားကို ရေတစ်လီတာတွင်ဖျော်၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ကာဗိုဖြူရန် ၃(အခဲ) ပျိုးမည့်မြေတစ်ပေပတ်လည်တွင်ခြောက်ကျပ်သားကို အပင်မပျိုးခင် ထည့်ပါ။ ပျိုးပင်ဘဝတွင် အဖြစ်များသောရောဂါဖြစ်၍ ပိုမိုဂရုစိုက်ပါ။ ရေမဝပ်အောင်ဂရုစိုက်ပါ။ မှိူသတ်ဆေးသုံးစွဲပါ။

အရွက်ပြောက်ရောဂါ

အရွက်ပေါ်တွင် အနက်ပြောက်လေးများဖြစ်ပြီး အသီးတောင့်ပေါ်တွင်ရေစိုကွက် ချွဲးကျိကျိဖြစ်ပေါ်သည့်ရောဂါ ဖြစ်သည်။ အရွက်များအဆစ်မှ ပြုတ်ကျခြင်းများလည်းဖြစ်သည်။ အဂရီမိုင်ဆင်းနဲ့ ကော့ပါးအောက်ဆီ ကလိုရိုက်ကိုဖျန်းပါ။

ရေစိုနာကွက်ရောဂါ

ရေစိုနာကွက်မည်းမည်းများ သီးတောင့်နှင့် အရွက်များပေါ်တွင် ဖြစ်စေသောရောဂါဖြစ်သည်။ အနာကွက်များ မှတဆင့် သီးတောင့်များပုပ်သွားပြီး ကြွေကျကြသည်။ အထွက်နှုန်းကျပြီး ကူးစက်မှု့မြန်သည်။ အစိုဓာတ်ပမာဏ များလွန်းပြီး လေဝင်လေထွက် မကောင်းသောနေရာများတွင် ပိုမိုဖြစ်ကြသည်။

ရောဂါကင်းစင်သော မျိုးစေ့ကို သုံးပါ။ ကူးစက်ခံထားရသော အကိုင်းအရွက်များကို မီးရှို့ဖျက်ဆီးပါ။ မန်ကိုဇက် ကို ရေတစ်လီတာ လျှင် ထမင်းစားဇွန်း တစ်ဝက်စီဖျော်၍ သုံးပါ။

ပေါင်ဒါမှုန်ကဲ့သို့ ဖြူဖွေးသောရောဂါ

အစိုဓာတ်များလျှင်ကျတတ်သည်။ ဆာလဖာ ထမင်းစားဇွန်း တစ်ဝက်ကိုရေတစ်လီတာ သို့မဟုတ် ကာဗင်ဒါဇင် ထမင်းစားဇွန်း လေးပုံပုံတစ်ပုံကိုရေတစ်လီတာဖြင့်ဖျန်းပါ။

ခူးဆွတ်ရိတ်သိမ်းခြင်း

ငရုတ်အစပ်နှင့်မတူစွာ ငရုတ်အပွသည် ပိုမို ရေဓာတ် ပိုများ၍ ပိုမိုပုပ်ပွလွယ်သည့်အပြင် သယ်ယူပို့ဆောင်ရာတွင်လည်း အလွန်တစ်ရာ အကိုင်အတွယ် ဂရုစိုက်ရသော သီးနှံဖြစ်သည်။ ခူးဆွတ်ရာတွင် နေအေးသောအခါတွင်သာခူးဆွတ်သင့်ပြီး အဓိကအချက်မှာ ဆေးဖျန်းပြီးနောက်ဆေးအာနိသင် ပျက်ပြယ်သော အချိန်ကိုစောင့်ပြီးမှ ခူးဆွတ်ရန် ဖြစ်သည်။ အစိမ်းရောင်မှသည် အနီကောင်သို့ပြောင်းသော အချိန်သည် ရင့်မှည့်ပြီဟူသော လက္ခဏာ ဖြစ်ပြီး စျေးကွက် လိုအပ်ချက်အရ အစိမ်းရောင်ကို ခူးဆွတ်ခြင်းလည်း ရှိကြသည်။ အချို့ အရောင်များဖြစ်သော လိမ္မော်ရောင်၊ အဝါရောင်များသည်လည်း အစိမ်းရောင်မှသည် လိမ္မော်ရောင်၊ အဝါရောင်သို့ ပြောင်းလဲသွားခြင်းသည် ပြီးပြည့်စုံသော ရင့်မှည့်ခြင်း၏ လက္ခဏာ ဖြစ်သည်။

ယေဘုယျ အားဖြင့် ငရုတ်ပွ တစ်ဧကလျှင် စုစုပေါင်းတန်ချိန် ဆယ့်ငါးတန်ထိ ထွက်နိုင်သည်။ မျိုးပေါ်တွင်မူတည်ပြီး ခူးဆွတ်သော အကြိမ်ရေ နှင့်ထည့်သွင်းသော သွင်းအားစု ပေါ်တွင်မူတည်သည်။ အချို့မျိုးများမှာ ထည့်သောသွင်းအားစုနှင့် ထည့်သွင်းသောအကြိမ်အရေအတွက်ပေါ် မူတည်၍ ငါးလကြာသည်အထိ ခူးဆွတ်နိုင်သည်။

ရွှေရည်လင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်