ပိုက်ဆံလျှော်စိုက်ပျိုးထုတ်လုပ်ခြင်း

13/05/2020 12:30 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     လျှော်အဖြစ် ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေဩဇာ (green manure) အဖြစ်လည်း အသုံးဝင်လှသောပိုက်ဆံလျှော်သည် စိုက်ပျိုးရေးအခန်းကဏ္ဍတွင် အရေးပါလာပြီဖြစ်ပါသည်။ စိုက်ပျိုးရေးပညာရှင်များက ပိုက်ဆံလျှော်၏ အသုံးဝင်မှုများအပြင် စိုက်ပျိုးရာတွင်လည်း အခြားသီးနှံများ မဖြစ်ထွန်းနိုင်သောအခြေအနေတွင် အောင်မြင်စွာစိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးရေးအတွက် အရေးပါသော သီးနှံဖြစ်လာကြောင်းဆိုပါသည်။ 

     ပိုက်ဆံလျှော်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။ ပိုက်ဆံလျှော်ကို ၁၉၅၈ ခုနှစ်တွင် The National Resources Conservation Service (NRCS) နှင့် Universtiy of Hawaii တို့က မြေကာပင်အဖြစ် စိုက်ပျိုးလျက်ရှိသော တောင်သူတစ်ဦးထံမှ ဝယ်ယူခဲ့သည်။ ထို့နောက် germplasm အားအသုံး ပြု၍  ‘Tropic Sun’ ဟုခေါ်သောမျိုးကို ၁၉၈၂ ခုနှစ်တွင်ထုတ်ဝေနိုင်ခဲ့သည်။ The Agriculture Research Services poisonous Plant Laboratory နှင့် University of Hawaii မှ ပိုက်ဆံလျှော် မျိုးစေ့သည် ကျွဲနွှားတိရိစ္ဆာန်တို့ စားသုံးရန်  အတွက် အဆိပ်မရှိကြောင်းနှင့် မြစ်ပုတ်ရောဂါကိုဖြစ်စေသော နီမတုတ်ကို ခံနိုင်ရည်ရှိကြောင်း ထောက်ခံထားပါသည်။ သို့သော် အချို့စာစောင်များတွင် ကျွဲနွားများသည် ပိုက်ဆံလျှော်စေ့များအား အစိမ်းစားသုံးပါက အဆိပ်သင့်နိုင်ကြောင်းနှင့် ပြုတ်ပြီးမှသာ စားသင့်ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။ ယခုအခါပိုက်ဆံလျှော်ကို အပူပိုင်း၊ သမပိုင်းနှင့် အချို့အအေးပိုင်းဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှုရှိလာသည်ကို တွေ့ရပါသည်။ ပိုက်ဆံလျှော်မှရရှိသော လျှော်ဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည့်အပြင် မြေဩဇာအဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် ကျွဲနွားစာအဖြစ်လည်းအသုံးပြုနိုင်သည်။ မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက သီးနှံပင်များနှစ်သက်သော အဟာရတန်ဖိုး များစွာပါဝင်သည့်အပြင် ကျွဲနွားများအတွက်လည်း ပရိုတိန်းဓါတ်များစွာပါဝင်ပါသည်။ အဟာရပါဝင်မှုမှာ အပင်၏အစိတ်အပိုင်းအလိုက် ကွဲပြားမှုရှိသည်ကို တွေ့ရပါသည်။ အရွက်တွင် အဟာရတန်ဖိုးအများဆုံးဖြစ်ပြီး နိုက်ထရိုဂျင် ၄.၅၂ ရာခိုင်နှုန်း အထိ ပါဝင်ပါသည်။ 

သစ်စိမ်းမြေသြဇာ

    ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ကွင်းအတွင်းစိုက်ပျိုးပီး ထယ်မှောက်၍ မြေဆီလွှာနှင့် ရောနှောရမည်ဖြစ်သည်။ သို့မဟုတ် အခြားစိုက်ခင်းများတွင် စိုက်ပျိုးပြီးနောက် သီးနှံစိုက်ပျိုးမည့်ကွင်းအတွင်းသို့ သယ်ဆောင်ကာ ထည့်သွင်းပေးခြင်းဖြင့်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် စိုက်ပျိုးပြီးသော ပိုက်ဆံလျှော်ပင်များကို အခြောက်လှန်း၍ ထုထောင်းခြင်းဖြင့် ကြာမြင့်စွာသိုလှောင်နိုင်ပြီး ပိုက်ဆံလျှော်မြေဩဇာအဖြစ် အသုံးပြုနိုင်သည်။ အချို့နေရာများတွင် ဒေသရာသီဥတုနှင့် မသင့်တော်သဖြင့် စိုက်ပျိုးရန်မဖြစ်နိုင်သော နေရာများတွင် အခြောက်လှန်းထားသော ပိုက်ဆံလျှော်မြေဩဇာကို ထည့်သွင်းအသုံးပြုနိုင်သည်။

စိုက်ပျိုးခြင်း

    ပိုက်ဆံလျှော်ကို အိန္ဒိယနိုင်ငံတွင် အများဆုံးစိုက်ပျိုးပြီး သက်တမ်းအားဖြင့် ၄ လမှ ၅ လအထိ ကြာမြင့်ပါသည်။ ပျမ်းမျှအပူချိန်အားဖြင့် ၁၅ မှ ၂၇ စင်တီဂရိတ်အတွင်းနှစ်သက်သည်။ သို့သော် ၈.၄ ဒီကရီအထိအေးသော နေရာအချို့တွင်လည်း ပေါက်ရောက်နိုင်သည်ကိုတွေ့ရသည်။ အဆိုပါ နေရာများတွင် မြူနှင်းများမကျသောလ ၂ လ မှ ၃ လ အထိ ရှိရန်လိုအပ်ပါသည်။ ပိုက်ဆံလျှာ်၏ အားသာချက်မှာ အထူးတလည်မြေယာပြုပြင်စရာမလိုပဲ စိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။ နေရာဒေသအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့သော် နှင်းခါးရိုက်ခြင်းကို ခံနိုင်ရည်မရှိပါ။ မြေချဉ်ငံကိန်းအနေဖြင့် ၅ မှ ၈.၅ အတွင်းတွင်စိုက်ပျိုးနိုင်သည်။ ဆားငံပေါက်ခြင်းနှင့် ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ ခြောက်သွေ့ခြင်းကို ခံနိုင်သည်။ မြေစေးများတွင် စိုက်ပျိုးနိုင်သကဲ့သို့ မြေဩဇာမကောင်းသော မြေများတွင်လည်း စိုက်ပျိုး နိုင်သည်။ စိုထိုင်းဆမြင့်မားသောနေရာများတွင် ထုတ်လုပ်မှုပိုမိုကောင်းမွန်ပါသည်။

    မြန်မာနိုင်ငံတွင် ရှမ်းပြည်ကဲ့သို့ အေးသောနေရာများတွင် ပိုက်ဆံလျှော်ပင်များစိုက်ပျိုးထုတ်လုပ်အောင်မြင်သည်ကို တွေ့ရပါသည်။ မကွေး၊ ပွင့်ဖြူကဲ့သို့သော အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုးအောင်မြင်သည်ကို အထောက်အထားများအရ တွေ့ရှိရပါသည်။ နေရာဒေသကွဲပြားပါက စတင်စိုက်ပျိုးချိန်များ ကွဲပြားနိုင်ပါသည်။ အအေးများသောဒေသများတွင် နှင်းအလွန်ကျသောအချိန်များကို ရှောင်၍စိုက်ပျိုးရမည်ဖြစ်ပါသည်။ 

    ပိုက်ဆံလျှော်ကို ကြဲပက်၍သော်လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်ပျိုးနိုင်သည်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက အများအားဖြင့် မိုးရာသီတွင် စိုက်ပျိုးလေ့ရှိကြပါသည်။ နှစ်သက်သောရာသီဉတုနှင့် အခြေအနေပေးပါက ၂ ရက်မှ ၃ ရက်အတွင်းတွင် အပင်များပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အပင်ပေါက်မြန်သော အမျိုးအစားဖြစ်ပြီး ပေါင်းမြက်များကိုလည်း နှိမ်နင်းနိုင်သည်ဟု ဆိုပါသည်။ 

    မျိုးစေ့နှုန်းထားမှာ ရရှိလိုသောရည်ရွယ်ချက်ပေါ်တွင် မူတည်ပါသည်။ သစ်စိမ်းမြေဩဇာရရှိရန်အတွက် မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် ၄၀ ပေါင်မှ ၆၀ ပေါင်ခန့် အသုံးပြုရမည် ဖြစ်ပြီး အတန်းလိုက်စိုက်ပျိုမည်ဆိုပါက ၃၀ မှ ၅၀ ပေါင်ခန့် လိုအပ်မည်ဖြစ်ပါသည်။ လျှော်ရရှိရန် စိုက်ပျိုးလိုပါက မျိုးစေ့နှုန်းထား များများသုံးရန်လိုအပ်ပါသည်။ သို့မှသာပင်စည်ရှည်လျားလာကာ အရည်အသွေးကောင်းသောလျှော်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မျိုးစေ့နှုန်းထားမှာ ကြဲပက်စိုက်ပျိုးခြင်း အတွက် ၁၀၀ မှ ၂၄၀ ကီလို/ဟက်တာ (၈၈ မှ ၂၁၃ ပေါင်/ဧက) အထိ ကွာခြားမှုရှိပါသည်။ အတန်းလိုက်စိုက်မည်ဆိုပါက တစ်ဟက်တာလျှင် ၆၆ ကီလို (၅၉ ပေါင်/ဧက) ခန့်သာ လိုအပ်ပါသည်။ ရေသွင်းနိုင်ပါက အကွက်ငယ်လိုက်စိုက်ပျိုးကာ ပါတ်လည်မြောင်းအတွင်း ရေကို ၁၀ ရက်မှ ၁၅ ရက် ခြား သွင်းပေးခြင်းဖြင့် အောင်မြင်နိုင်ပါသည်။ မျိုးစေ့ထုတ်ရန် စိုက်ပျိုးမည်ဆိုပါက စိုက်ကျင်းများတွင် မျိုးစေ့ ၃-၄ စေ့ထည့်ပေးကာ ၁ ပေ*၃.၅ပေ ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးနိုင်သည်။မျိုးစေ့နှုန်းထား ၄ပေါင်/ဧကသာ လိုအပ်မည်ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း

    ရိတ်သိမ်းရာတွင် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး နောက် ၆၀ ရက် မှ ၇၅ ရက်တွင်း ထယ်မှောက်ကာ အသုံးပြုရမည်ဖြစ်သည်။ ထိုအချိန်သည် အဟာရများဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်နှင့် ကယ်လဆီယမ်တို့၏ ပါဝင်မှုသည် အကောင်းဆုံးဖြစ်သည်။ ကာဗွန်ဟိုက်ဒြိတ်နှင့် ဆူးခရို့စ်ပါဝင်မှုလည်း အမြင့်ဆုံးဖြစ်သည်။ နှောင်းပိုင်းရက်များတွင် ဆဲလူးလို့စ်ဓါတ်များ ပါဝင်မှုများကာ ဆွေးမြေ့မှုကို ကြန့်ကြာစေမည်ဖြစ်သည်။ 

    သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရာတွင် ပုံမှန်အားဖြင့် စိုက်ပျိုးထယ်မှောက်ခြင်းအပြင် စိုက်ပျိုးပြီးနောက် မြေပြင်အထက် ၁ ပေခန့်အကွာတွင် ရိတ်သိမ်းပြီးနောက် နောက်ထပ် ရက် ၇၀ ဆက်လက်ရှင်သန်စေခြင်းဖြင့် ထပ်မံကြီးထွားလာသောအကိုင်းအရွက်များမှ ပို၍ကောင်းမွန်သော သစ်စိမ်းမြေဩဇာကို ရရှိစေသည်ဟုဆိုပါသည်။ အရွက်များကိုပိုများလာစေခြင်းကြောင့်ဖြစ်သည်။ အရွက်နှင့်အပွင့်များတွင် အများလိုအဟာရဓါတ်များများပြားစွာပါဝင်ပါသည်။ သို့ပါ၍ ပန်းမပွင့်ခင် အစောပိုင်း သို့မဟုတ် ပန်းမဖြိုင်ခင် ကာလအတွင်းအသုံးပြုပါကအကောင်းဆုံးဖြစ်သည်။

    ပိုက်ဆံလျှော်သည် လေထုအတွင်းမှ နိုက်ထရိုဂျင်ကို စိုက်ပျိုးမှုရက် ၆၀ မှ ၉၀ အတွင်းတွင် ၅၀-၆၀ ကီလို/ဟက်တာ ဖမ်းယူပေးနိုင်ပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက မြေဆီလွှာအတွင်းသို့ နိုက်ထရိုဂျင် ၅၀ မှ ၆၀ ကီလို/ဟက်တာ ထည့်သွင်းပေးနိုင်ပါသည်။ ယူရီးယား မြေဩဇာတစ်အိတ်နှင့် ညီမျှပါသည်။ ထို့အပြင်မြေဆီလွှာတွင်း ဩဂဲနစ်အကြွင်းကျန် များပြားလာပြီး မြေဆီလွှာအတွင်း ကာဗွန်သိုလှောင်မှုကို မြင့်စေပါသည်။ မြေဆီလွှာအား ပြန်လည်ကောင်းမွန် ပြည့်ဖြိုးစေပြီး သဘာဝပါတ်ဝန်းကျင်ပျက်စီးမှုကိုလည်း တားဆီးရာရောက်ပါသည်။

ရောဂါကာကွယ်နှိမ်နင်းခြင်း

    ပိုက်ဆံလျှော်၏ ထူးခြားသောအရည်အသွေးမှာ မြစ်ဖုရောဂါဖြစ်စေသော နီမတုတ်များကို နှိမ်နင်းပေးနိုင်ခြင်းဖြစ်သည်။ နီမတုတ်အမျိုးအစားများစွာရှိရာတွင် အမြစ်တွင်တွယ်ကပ်ဖျက်ဆီးတတ်သော နီမတုတ်အမျိုးအစားအများစုကို နှိမ်နင်းနိုင်သည်ဟု ဆိုပါသည်။ အခြားသော ရွေ့လျားဖျက်ဆီးတတ်သော နီမတုတ်များကို Crotalaria မျိုးရင်းအုပ်စုဝင်များက နှိမ်နင်းနိုင်စွမ်းရှိသည်ဟု ဖော်ပြထားပါသည်။ 

    ပိုက်ဆံလျှော်ပင်များသည် နီမတုတ်များ၏ လက်ခံပင်မဟုတ်ကြပါ။ နီမတုတ်အား အဆိပ် အတောက်ဖြစ်စေသော ဒြပ်ပေါင်းများကို ထုတ်လွှတ်ပေးသည်။ ပိုက်ဆံလျှော်အရွက်မှ ရသော အရည်ကို ရေ ၅ ဆ နှင့် ရောထားသောအရည်သည် ၂၄ နာရီ အတွင်း နီမတုတ်များကို သေစေကြောင်း စမ်းသပ်တွေ့ရှိထားပါသည်။ ထို့အပြင် ပိုက်ဆံလျှော်သည် နီမတုတ်၏ သဘာဝရန်သူများဖြစ်သော မှို(fungi) များ ကိုအားပေးပါသည်။ fungi များသည် နီမတုတ်များကို ဖမ်းယူစားသုံးခြင်း နီမတုတ်ဥများအား စားသုံးခြင်းဖြင့် နီမတုတ်များကို ဖယ်ရှားပါသည်။ ထို့အပြင် အပင်၏ခံနိုင်ရည်ကို တိုးပွားစေခြင်းဖြင့်လည်း နီမတုတ်ကျရောက်မှုကို တားဆီးပါသည်။ ပိုက်ဆံလျှော်သည် ရောဂါကျရောက်စေသော နီမတုတ်များကို နှိမ်နင်းစေသော်လည်း မြေဆီလွှာတွင်း လွတ်လပ်စွာ သွားလာလေ့ရှိပြီး အဟာရဓါတ် လည်ပါတ်မှုဖြစ်စဉ်တွင် ပါဝင်သော နီမတုတ်များကိုမူ တိုးပွားစေသည်ကို တွေ့ရပါသည်။ ပိုက်ဆံလျှော်နှင့် သီးလှည့်စိုက်ပျိုးခြင်းသည် ရောဂါကျရောက်စေသော နီမတုတ်ကို နှိမ်နင်းရာတွင် အထောက်အကူဖြစ်စေသော နည်းလမ်းဖြစ်ပါသည်။ 

ရောဂါပိုးမွှားကျရောက်မှု

    ပိုက်ဆံလျော်ပင်များသည် ရောဂါပိုးမွှားကျရောက်မှု နည်းပါးသည်ဟုဆိုပါသည်။ အဓိကကျရောက်သောရောဂါမှာ Fusarium wilt ဟုခေါ်သော ပင်ညှိုးရောဂါဖြစ်သည်။ အဓိကကျရောက်သော ပိုးမွှားများမှာ ပိုက်ဆံလျှော်ဖလံကောင်၏ သားလောင်း၊ သီးလုံးဖောက်ပိုးနှင့် ပင်စည်ထိုးပိုးတို့ ဖြစ်ကြသည်။ သီးလုံးဖောက်ပိုးသည် မျိုးစေ့ထုတ်လုပ်ရာတွင်ထိခိုက်စေသည်။ 

စိန်ခေါ်မှုများ

    ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် စိန်ခေါ်မှုများရှိပါသည်။ ပိုက်ဆံလျှော်စိုက်ပျိုးရသည့်အတွက် ဝင်ငွေရသီးနှံစိုက်ပျိုးနိုင်မှု နည်းသွားခြင်း၊ စိုက်ပျိုးချိန်ပေါ်မူတည်၍ ရေပေးသွင်းရန်လိုအပ်ခြင်း၊ မျိုးစေ့များ အလွယ်တကူဝယ်ယူရန် ခက်ခဲခြင်း စသည့်အခက်ခဲများ ရှိပါသည်။ အချို့သောနေရာများတွင် မျိုးစေ့ဈေးနှုန်းကြီးမြင့်မှုကြောင့် အကျိုးအမြတ်ရရှိရန် ခက်ခဲသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ စီးပွားရေးတွက်ခြေကိုက်မှု အရှိဆုံးမှာ အပင်၏အပေါ်ပိုင်းအရွက်များကို သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုပြီး ကျန်ပင်စည်ပိုင်းကို လျော်အဖြစ် ထုတ်လုပ်ခြင်းပင်ဖြစ်သည်ဟု ဆိုပါသည်။

    ယခုအခါတိုးတက်လာသောလူဦးရေ၏ လိုအပ်ချက်ပြည့်မီနိုင်ရန်အတွက် စားနပ်ရိက္ခာစိုက်ပျိုး ထုတ်လုပ်မှုများကို အမြဲတိုးတက်ထုတ်လုပ်နေရန်အရေးကြီးပါသည်။ စိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ မြေဆီလွှာ၏ကျန်းမာရေးသည်လည်း အထူးဂရုပြုရန် လိုအပ်လာပီဖြစ်ပါသည်။ ပိုက်ဆံလျှော်သည် မြေဆီလွှာအတွင်းရှိ သီးနှံပင်များနှစ်သက်သောအဟာရများကို တိုးပွားလာစေသည်။ ဓါတ်မြေဩဇာ သုံးစွဲမှုကို လျော့နည်းစေသည်။ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသည်။ စသည်တို့အပြင် ရောဂါပိုးမွှားနှိမ်နင်းရန်အတွက်ပါ အသုံးဝင်သည့်အတွက် သစ်စိမ်းမြေဩဇာအဖြစ်စိုက်ပျိုးခြင်းအပြင် သီးနှံပင်များနှင့်သီးလှည့်စိုက်ပျိုးခြင်း၊ ဝင်ငွေကောင်းစေရန် အတွက်လျှော်ထုတ်လုပ်ခြင်း၊ မြေဩဇာ အဖြစ်ထုတ်လုပ်ရောင်းချခြင်းစသည်တို့ကို တိုးမြှင့်လုပ်ဆောင် သင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်။

ကိုးကားစာရင်း

၁။ SUNN HEMP plant guide, United States Department of Agriculture Natural Resources Conservation Services

၂။  How to grow Sunn Hemp, Wayne Smith, Agronomic Acumen

၃။ Management of Nematodes and Soil Fertility with Sunn Hemp Cover Crop, K.-H Wang and R.McSorley

မေဖြိုးဝေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်