ခရမ်းချဉ်သည် ခြောက်သွေ့သောရာသီ၊ နေ့အပူချိန် ၂၁-၂၅ဒီဂရီ စင်တီဂရတ်နှင့် ညအပူချိန်၁၅-၂၀ ဒီဂရီစင်တီဂရိတ် အတွင်းကောင်းစွာ ဖြစ်ထွန်းသည်။ အပူချိန်၃၀ ဒီဂရီစင်တီဂရိတ် ထက်ကျော်လျှင် အပင်သည် အသီးတည်ရန် ခက်ခဲသည်။ စိုထိုင်းဆသည် အသီးရင့်မှည့်ချိန်တွင် ၆၀ % ထက်မြင့်မားနေလျှင် ရောဂါကျရောက်မှုကို တိုးစေပြီး မျိုးစေ့အထွက်နှုန်းကို လျော့ကျစေသည်။ မိုးရာသီအတွင်း မျိုးစေ့ထုတ်ခြင်းသည် အရည်အသွေး ညံ့သောမျိုးစေ့များကိုသာ ရစေသည်။ ပြီးခဲ့သောရာသီတွင် ခရမ်းချဉ်စိုက်ခဲ့သော အခင်းများအား အသစ်ခရမ်းချဉ်မျိုးနှင့် ကျန်ရှိရာမှ ပေါက်လာသော ခရမ်းချဉ်မျိုးတို့ ရောနှောခြင်းမှ ကင်းဝေးရန် ရှောင်ရှားပါ။ စပါးပြီးနောက် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် နီမတုတ်နှင့်ရောဂါ ကျရောက်မှုကို လျော့ချစေသည်။ ယေဘုယျအားဖြင့် အပင်များအား လိုအပ်သလို ပြုမူဆောင်ရွက်ခြင်းသည် စောစောရင့်မှည့်ခြင်း၊ ရောဂါကျရောက်မှုနည်းခြင်း အထွက်နှုန်း မြင့်မားခြင်းနှင့် မျိုးစေ့အရည်အသွေး ပိုမိုကောင်းခြင်းတို့ ရရှိစေပါသည်။ ကမ္ဘာပေါ်တွင် ခရမ်းချဉ်စိုက်ပျိုးသော ဦးဆောင်နိုင်ငံများမှာ အမေရိကန်၊ ဥရောပနိုင်ငံများ ဂျပန်နှင့်တရုတ်တို့ဖြစ်သည်။ ကမ္ဘာခရမ်းချဉ် စိုက်ဧကပေါင်မှာ ဟက်တာသုံးသန်း ကျော်ရှိသည်။
ခရမ်းချဉ်မျိုးများမှာ-
Arka Saur, Hisar Arun, Hisar Lalit, Pant T-3, Pusa Ruby, Roma, KS-2, Punjab Chhuhara, Selecion 120နှင့် မြန်မာဒေသမျိုးကောင်းများ။
မျိုးမရောစေရန် ထားရှိရမည့် အကွာအဝေး
အခြေခံမျိုး အဆင့်(၂)မျိုးစေ့အတွက် -၅၀မီတာ
မျိုးသန့် အဆင့်(၂)မျိုးစေ့အတွက် -၂၅မီတာ
ရာသီဥတုနှင့် မြေအမျိုးအစား
ခရမ်းချဉ်သည် နွေးသောရာသီကို နှစ်သက်သော သီးနှံဖြစ်သည်။ သင့်တော်သော အပူချိန်မှာ ၂၀-၂၄ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ပျမ်းမျှအပူချိန်သည် ၁၆ဒီဂရီ စင်တီဂရိတ်အောက် နည်းလျှင်(သို့)၂၇ဒီဂရီထက်များလျှင် မကောင်ပေ။
အနီရောင်ကို ဖြစ်စေသော လိုင်ကိုပင်းဓါတ်သည် ၂၁-၂၄ဒီဂရီစင်တီဂရိတ် တွင်အမြင့်ဆုံးဖြစ်သည်။ ထိုရောင်ချယ်ဆဲလ်များ ထုတ်ပေးမှုသည် အပူချိန်၂၇ ဒီဂရီ စင်တီဂရိတ်ကျော်လျှင် လျင်မြန်စွာ လျော့ချသွားနိုင်သည်။ ရေစီးရေလာကောင်းပြီး ရေထိန်းထားနိုင်မှု ကောင်းသည့်သဘာဝ မြေသြဇာထက်သန် သောမြေများသည် ခရမ်းချဉ်အတွက် စံပြဖြစ်သည်။ သက်လျင်မျိုးများအတွက် မြေသြဇာထက်သန်သော မြေများမှာ ပို၍ကောင်းသည်။ ခရမ်းချဉ်သည် မြေချဉ်ငံဓါတ် ၆မှရရှိသော မြေတွင်ကောင်းစွာ ဖြစ်ထွန်းသည်။ မြေချဉ်ငံဓါတ်၅.၅ခန့်ရှိသော အက်ဆစ်ဆန်သည့် မြေချဉ်များကို အတော်အသင့် ခံနိုင်ရည်ရှိသည်။
ပျိုးခင်းပြုလုပ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း
တစ်ဟက်တာစိုက်ပျိုးရန် အတွက်ပျိုးပင်ရရှိရန် ၂၀၀မီတာ ပတ်လည် အကျယ်မြေဧရိယာ လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ပျိုးဘောင်အား အရှည်ရ.၅မီတာ၊ အကျယ်၁မီတာနှင့် အမြင့်၁၀-၁၅ စင်တီမီတာ အရွယ်အစားခန့် ပြင်ဆင်ရပါမည်။ ထို့ပြင်၁၅း၁၅း၁၅ သုံးမျိုးစပ် မြေသြဇာဝ.၅ ကီလိုဂရမ် ကိုလည်းမျိုးစေ့မချမီ (၁၀)ရက်ခန့် တွင်ရောမွှေထည့် ထားပေးရပါမည်။ မျိုးစေ့(၁)ကီလိုဂရမ်အတွက် ကက်တန်(သို့) စီရီစန် (Cereson) (သို့) သီရန်(၃)ဂရမ်နှုန်းဖြင့် မျိုးစေ့ကိုလူးနယ်စိုက်ပျိုးရန် အလွန်အရေးကြီးသည်။ ထိုနည်းတူစွာ ပျိုးဘောင်အားဖော်မလင် (၀.၅၁/၄၀ ရာခိုင်နှုန်း/m2) ဖြင့်ဆေးစီရင်ပေးရသည်။ ထိုသို့ လုပ်ပြီးနောက် ပျိုးဘောင်အား ပလက်စတစ်အစဖြင့် ၂၄နာရီကြာအောင် ဖုံးအုပ်ပေးထားရမည်။ ပျိုးဘောင်အား ထိုသို့ ဖော်မလင်ဖြင့် ပိုးမသန့်ပေးလိုလျှင် ပိုးမွှားရောဂါ ကျရောက်မှု အားလျော့နည်းစေရန် ဆိုလာအင်နာဂျီ ဖြင့်အပူပေးခြင်းကို ဆောင်ရွက်သင့်သည်။ ထိုသို့ အပူပေးရန် နေ့ခင်းတွင် (၁၀)ရက်ကြာအောင် ပလက်စတစ် အကြည်စဖြင့် ဖုံးအုပ်ပေးပါ။ ထိုသို့ ပိုးမသန့်လိုလျှင် ၀.၂%ဘရက်စီကော (Brassicol) (သို့) ကတ်တန် တစ်မျိုးမျိုးဖြင့် ပျိုးဘောင်အား လောင်းထည့်ပါ။ မျိုးစေ့အား ကြဲပက်၍ ဖြစ်စေတန်းကြား အကွာအဝေး ၇.၅စင်တီမီတာ ထား၍ဖြစ်စေ ပျိုးထောင်ပါ။ မျိုးစေ့အား ပျိုးထောင်ပြီးနောက် မြေဆွေးခပ်ပါးပါးနှင့် သက်ကယ်တို့ကို ပျိုးဘောင်ပေါ်မှ အုပ်ပေးပါ။ ထို့နောက် ပျိုးဘောင်အား ရေပန်းခရားဖြင့် ရေဖျန်းပါ။ နေ့စဉ် ညနေခင်းတိုင်းတွင် ရေပါးပါးလောင်းပါ။ လိုအပ်လျှင် အပါတ်စဉ် ဒိုင်သိမ်း အမ်-၄၅ ကဲ့သို့သော မှိုသတ်ဆေး တစ်မျိုးမျိုးကို ခါးရိရောဂါအား ကာကွယ်ရန် ပက်ဖျန်းပါ။
ပြောင်းရွေ့စိုက်ပျိုးခြင်း
မျိုးစေ့များ ပျိုးခင်းတွင်ပျိုးထောင်ပြီး ၄-၅ပါတ်သား ပျိုးပင်များသည် ပြောင်းရွေ့စိုက်ပျိုးရန် အသင့်အနေအထား ဖြစ်သည်။ ရရှိနေသော အစိုဓါတ်အား လျော့ချရန် (၄-၅)ရက်ခန့် ရေဖြတ်ပေးပြီး ပျိုးပင်များအား ခံနိုင်ရည်ရှိလာအောင် ပြုလုပ်ပေးရမည်။ ပျိုးပင်များအား ပြင်ညီစိုက်ခင်း(သို့) ဘောင်များတင်ပြီး ပြင်ထားသော စိုက်ခင်းတွင် စိုက်ပျိုးရမည်။
ပင်ကြားတန်းကြား အကွာအဝေး -၇၅* ၆၀ စင်တီမီတာ
မျိုးစေ့နှုန်းထား -တစ်ဟက်တာလျှင် ၄၀၀-၅၀၀ ဂရန်နှုန်း
ပျိုးထောင်ချိန် -အောက်တိုဘာလ
ပြောင်းရွေ့စိုက်ပျိုးချိန် -ပျိုးထောင်ပြီးနောက် ၄-၅ပါတ်သားခန့်
သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများ ထည့်သွင်းပေးခြင်း
တစ်ဟက်တာလျှင် ယူရီးယား ၁၀၀ကီလိုဂရမ်၊ တီဆူပါ ၂၀၀ကီလိုဂရမ်၊ ဓါတ်ဆား၂၀၀ ကီလိုဂရမ် နှင့်အတူ နွားချေးတန် ၂၀ကို မြေခံအဖြစ် ထည့်သွင်းပေးပါ။ ထို့နောက် ယူရီးယား ၆၀ကီလိုဂရမ်ကို ပြောင်းရွေ့စိုက်ပြီး ၃၀ရက်သားတွင် တစ်ကြိမ်နှင့် ၄၅ရက်အတွင်း တစ်ကြိမ်နှစ်ကြိမ်ခွဲပြီး ကျွေးပါ။
ရေပေးသွင်းခြင်း
အပင်ငယ်စဉ်တွင် အမြစ်ပတ်ဝန်းကျင်အား အကြာခဏ ရေလောင်းပေးရန် လိုအပ်ပါသည်။ အပင်များအား နွေရာသီတွင် ၃-၄ရက်ခြား တစ်ကြိမ်နှင့် ဆောင်းရာသီတွင် ၁၀-၁၅ရက်ခြား တစ်ကြိမ်ရေပေးသွင်းပါ။ ဆောင်းတွင်း ကာလအတွင်း အသီးများရင့်မှည့် ချိန်တွင်ရေပေး သွင်းရန်မလိုပါ။ ကာလအတန်ကြာ ခြောက်သွေ့နေပြီး နောက်ရုတ်တရတ် ရေများများ ပေးသွင်းခြင်းသည် အသီးကွဲမှုကို ဖြစ်စေပါသည်။
ပိုးမွှားရောဂါများ ကာကွယ်နှိမ်နှင်းခြင်း
ရောဂါများ
ခါးချိရောဂါနှင့် အမြစ်ပုပ်ရောဂါ(Damping off and Root Rot)
မျိုးစေ့(၁)ကီလိုဂရမ်ကို ဆီရာစန်(Cerasan) သို့မဟုတ် ကော့ပါး အောက်ဆီကလိုရိုက် (Copper oxychloride) ၃-ဂရမ်နှုန်းဖြင့် လူးနယ်စိုက်ပျိုးပါ။ ပျိုးပင်များအား ကက်တန်ဝ.၂%ဖြင့် ပက်ဖျန်းပေးခြင်းသည် ခါးရိရောဂါ ကာကွယ်ရာတွင် ထိရောက်သည်။
နှောင်းပင်နာကျရောဂါ (Late Blight)
ဤရောဂါသည် အပင်၏ မည်သည့်ကြီးထွားနေသော အဆင့်တွင်မဆို ကျရောက်သည်။ အညိုရောင်မှ ခရမ်းရောင် အမည်းကွက်များသည် အရွက်များ၊ ရိုးတံများ၊ အသီးများနှင့် ပင်စည်များပေါ်တွင် ကျရောက်သည်။ ဇီးနက်(Zineb) သို့ ဒိုင်သိမ်းဇက်-၇၈ ၀.၂%တစ်မျိုးမျိုးအား အသုံးပြုခြင်းသည် ထိရောက်သော ကာကွယ်နှိမ်နှင်းမှု ဖြစ်သည်။
ရွက်လိပ် ရွက်တွန့် ဗိုင်းရပ်စ်ရောဂါ (Leaf curl virus)
ဤရောဂါလက္ခဏာများမှာ အရွက်များတွန့် လိမ်လာခြင်း၊ အရွက်အရွယ်အစား သေးသွားခြင်း၊ ကိုင်းဖျာမှု အလွန်အကျွံများ လာခြင်းနှင့်အပင် ကြီးထွားမှု တန့်သွားခြင်းတို့ဖြစ်သည်။ ထိုရောဂါ ဗိုင်းရပ်(စ်)ကို သယ်ဆောင်သော ယင်ဖြူ(whitefly) ကြောင့်ပျံ့နှံ့ဖြစ်ပွားသည်။ ထိုရောဂါကို ကျရောက်စေသော ယင်ဖြူအား ရိုဂေါ(Roger)၊ မီတာစန်းတော့ (Metasystos) စသည့် ပိုးသတ်ဆေးများကို ၁၀ရကြ်ခား တစ်ကြိမ်ပက်ဖြန်း ပေးခြင်းဖြင့် ကာကွယ်တားဆီးနိုင်သည်။
သီးလုံးဖောက်ပိုး (Fruit Borer)
ဤသီးလုံးဖောက်ပိုးသည် အရွက်ပေါ်တွင် လူးလိမ့်သွားပြီး အသီးများအား အပေါက်ဖောက်ကာ ဝင်ရောက်သွားသည်။ ၎င်းကိုပိုးကျနေသော အသီးများအား ခူးယူဖယ်ရှား ပစ်ခြင်းနှင့် Matasysox (၀.၂%) (သို့မဟုတ်) စီဗင်(Seving) ၀.၂%(သို့မဟုတ်) ကာဘရိုင်း(Carbaryl) ၀.၂%စသည့်ပိုးသတ်ဆေး တစ်မျိုးမျိုးကို ပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
မလိုလားအပ်သော အပင်များအား ဖယ်ရှားပစ်ခြင်း
အထူးသဖြင့် အခြေခံမျိုးစေ့ ထုတ်လုပ်ခြင်းအတွက် မလိုလားအပ်သော အပင်များကို အပင်၏ အခြေအနေပေါ် မူတည်ပြီး ဂရုတစိုက်ဖယ်ရှားရန် အရေးကြီးပါသည်။ မျိုးကွဲပုံသဏ္ဌန်ရှိသော အပင်များကို ၎င်းတို့နှင့် အသီးများ၏ အခြေအနေပေါ်မူတည်ပြီး ဂရုတစိုက် ဖယ်ရှားရန် အရေးကြီးပါသည်။ မျိုးကွဲပုံသဏ္ဌန် ရှိသောအပင်များကို ၎င်းတို့နှင့် ပင်ခြားဝတ်မှုန်ကူးခြင်းမှ လျော့နည်းစေရန် ပန်းမပွင့်မီ ကတည်းးက ဖယ်ရှားပစ်သင့်သည်။ အသီးများ စတင်ရည့်မှည့် လာသောအခါ အပင်နှင့်အသီးများ၏ ယေဘုယျလက္ခဏာ များကိုကြည့်ရှုလေ့လာ သင့်သည်။ အပင်တစ်ပင်တွင် အသီးဖွဲ့စည်းမှုသည် အလွန်တရာကြီး နေလျှင်၎င်းတို့ ပုံသဏ္ဌန်၊ အရောင်ပျှမ်းမျှ အရွယ်အစားနှင့် အသီးအတွင်းရှိ လက္ခဏာများ လိုအပ်ချက် ပျက်ကွက်နေနိုင် သောကြောင့်တစ်ပင်လုံးကို ဖယ်ရှားပစ်သင့်သည်။ ထိုအပင်များအတွက် အသီးများ ခူးပြီးမှ ဖယ်ရှားလျှင်အလွန် နောက်ကျနေပြီးဖြစ်သည်။
မျိုးကွဲအပင်များ အပြင်စောပင်နာ ကျရောဂါ။ ရွက်ပြောက်နှင့် မိုဇိတ်(Mosaic) ရောဂါကျနေသော အပင်များကို လိုအပ်လျှင် မကြာမကြာ စိုက်ခင်းမှ နှုတ်ယူဖယ်ရှားပစ်ရမည်။
အသီးခူးဆွတ်ခြင်းနှင့် အစေ့ထုတ်ခြင်း
အသီးများအား လုံးဝရင့်မှည့်သောအခါ (ပန်းရောင်သို့ အနီရောင်) ခူးဆွတ်ရမည်။ အသီးများအား ခပ်စိမ်းစိမ်း အနေအထားတွင် ခူးဆွတ်မည်ဆိုလျှင် ၎င်းတို့ရင့်မှည့်လာသည့် တိုင်အောင်ခြောက်သွေ့သော နေရာတွင် ထားရှိရမည်။ တစ်နိုင်တစ်ပိုင် မျိုးစေ့ထုတ်လုပ်ခြင်း အတွက်များသော အားဖြင့်လူ အားဖြင့်ပင် ထုတ်လုပ်နိုင်သည်။ ကောင်းစွာရင့်မှည့် နေသောအသီးများအား သတ္တုထည့်စရာများ မဟုတ်သည့် ပလက်စတစ်ခြင်း၊ တောင်း၊စည်ပိုင်း၊ ခွက်၊အုတ်ကန်အတွင်း သို့ထည့်ပါ။ သတ္တုဖြင့် လုပ်ထားသော ထည့်စရာများသည် ခရမ်းချဉ်သီး အရည်အတွင်းရှိ အက်ဆစ်ဓါတ် ဖြင့်ဓါတ်ပြုပြီး အစေ့ရှင်သန် နိုင်စွမ်းကိုထိခိုက်စေသည်။ ထို့ကြောင့် ၎င်းတို့ကိုအသုံးမပြုသင့်ပေ။
အသီးများကို ခြေထောက်ဖြင့်နင်းပြီး ဖိချေပါ။ အကယ်၍ မျိုးစေ့ထုတ်လုပ်ခြင်းကို မြန်မြန်ဆောင်ရွက် လိုလျှင်ခူးပြီးသား အသီးများကို ပလပ်စတစ်ဖြင့် လုပ်ထားသော ထည့်စရာ တစ်ခုအတွင်းသို့ ထည့်ပါ။ အစေ့တွင် စွဲကပ်နေသည့် ပျစ်ချွဲသည့်အရည်များ အားကွာသွားစေရန် အပုပ်ခံပြီး အချဉ်ဖောက်ပါ။ ထိုသို့အချဉ် ပေါက်မှု အချိန်ကာလသည် အခန်းပတ်ဝန်းကျင် ရှိအပူချိန်ပေါ် မူတညပါသည်။ အကယ်၍ အပူချိန်သည် ၂၅ဒီဂရီ စင်တီဂရိတ်ထက် မြင့်နေလျှင် တစ်နေ့တာ အချဉ်ဖောက်ထားမှုသည် လုံလောက်သည်။ အပူချိန်သည် ၂၅ဒီဂရီ စင်တီဂရိတ် အောက်ရောက်နေလျှင် ၂-၃ရက်ထားရမည်။ ၃ရက်ထက်ပိုလျှင် မျိုးစေ့၏ အရည်အသွေးကို ပျက်စီးစေနိုင်သည်။ အစေ့အား ဆေးကြောရန် ထိုအချဉ်ဖောက် အပုပ်ခံထားသည့် အနှစ်များအား ပလပ်စတစ်ထည့်စရာ အလွတ်တစ်ခုအတွင်းသို့ လောင်းထည့်ပါ။ ထို့နောက် အဖတ်များ မျောလာစေရန် ခပ်နာနာမွှေပေးပါ။ အောင်သောအစေ့ များသည်နှစ်မြုပ် နေလိမ့်မည်။ ရေပေါ်တွင် ပေါ်လာသော အဖတ်များအား ဖယ်ရှားပစ်ပါ။ သန့်စင်သွားသည် အထိဆေးကြောပြီး အဖတ်များအား ဖယ်ရှားပါ။ သန့်စင်ပြီး အစေ့များမှာ အောက်ခြေတွင် စုကျန်ခဲ့လိမ့်မည်။
အချဉ်ဖောက် အပုပ်ခံမည့်အစား ၀.၇% ဟိုက်ဒရိုကလိုရစ် ၇မီလီမီတာကို မျိုးစေ့ထုတ်မည့် ခရမ်းချဉ်အနှစ် တစ်ကီလိုဂရမ်အတွက် မျိုးစေ့ထုတ်ယူမှုအား လွယ်ကူစေရန် အသုံးပြုနိုင်သည်။ အက်ဆစ်အား ထည့်နေစဉ် ခရမ်းချဉ်အနှစ်အား မွှေပေးပါ။ ခရမ်းချဉ်အနှစ်အတွင်း ပျော့ပြီးပျော်ဝင်သွားသည့် တိုင်အောင် မွှေပေးခြင်းကို မိနစ်၄၀ကြာအောင် ဆက်လက်ဆောင်ရွက်ပါ။
မျိုးစေ့အခြောက်ခံခြင်း
ဆေးကြောပြီးသည့် အစေ့များအား အခြောက်ခံရန် အရိပ်အောက်တွင် ခပ်ပါးပါးဖြန့်ပါ။ အခြောက်မြန်စေရန် လျှပ်စစ်ပန်ကာကို အသုံးပြုနိုင်သည်။ ထိုသို့ပြုလုပ်ပြီး နောက်ရက်တွင် အစေ့များအား နေပြပြီး အခြောက်ခံနိုင်သည်။ လုံခြုံစိတ်ချစွာ သိုလှောင်နိုင်ရန် အတွက်၆.၈% အစိုဓါတ် ကျန်သည်အထိ အစေ့များသည် ကောင်းစွာ ခြောက်ရန် လိုအပ်ပါသည်။
မျိုးစေ့အထွက်နှုန်း
မျိုးစေ့၏ အထွက်နှုန်းသည် အပင်၏ကြီးထွားမှု ပုံသဏ္ဌန်၊ တစ်ပင်ပါအသီးအရေ အတွက်နှင့်အပင်အရေ အတွက်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါသည်။ ယေဘုယျအားဖြင့် မှန်အိမ်ဖြင့် စိုက်ပျိုးမှုတွင် အသီး၁-ကီလိုဂရမ် သည်မျိုးစေ့၄ ရာခိုင်နှုန်းခန့် (၁၂၀၀ စေ့ခန့်)ထုတ်ယူ ရရှိပါသည်။ ကွင်းစိုက်ပျိုးမှုတွင် လက်သုံးဖြတ်လမ်းနည်းအရ မျိုးစေ့၏ အလေးချိန်သည် အသီးအလေးချိန်၏ ၁-ရာခိုင်နှုန်းခန့် ရှိပါသည်။ ယေဘုယျအားဖြင့် မျိုးစေ့အထွက်နှုန်းသည် တစ်ဟက်တာလျှင် ၂၅၀-၄၀၀ ကီလိုဂရမ်ဖြစ်ပြီး မျိုးစေ့၁၀၀၀၏ အလေးချိန်သည် ၂၅.၅-၃၃.၃ဂရမ်ဖြစ်သည်။
စိုက်ကွင်းစံချိန်စံညွန်းများ
မျိုးစေ့ရောရန် ထားရှိရမည့် အကွာအဝေး-FS -၅၀မီတာ (CS-၂၅မီတာ)
ကွင်းဆင်းစစ်ဆေးခြင်း အကြိမ်ရေ -၃ကြိမ်
မျိုးစေ့စံချိန်စံညွန်းများ
အညှောင့်ပေါက်မှု ရာခိုင်နှုန်း -၇၀%
သန့်စင်မှု ရာခိုင်နှုန်း -၉၈%
ရေးသားပြုစုသူ - ကောင်းမြတ် (၂၀၀၂၊ ရေဆင်း)