ခရမ်းချဉ်စိုက်ပျိုးရာတွင် အဓိကအဖျက်ဆီးဆုံးသော အင်းဆက်ထဲတွင် ပါဝင်သည်။ သီးလုံးဖောက်ပိုးကြောင့် အထွက်နှုန်း (၇၀%) ခန့်အထိ ပျက်စီးနိုင်သည်။ သီးကင်းများသည် လောက်ကောင်များ စားသောက်မှုကြောင့် ကြွေကျသည်။
လောက်ကောင်ကြီးများသည် ခရမ်းချဉ်သီးအရင့်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်စားသောက်ကြသည်။ လောက်ကောင်ဝင်ရောက်သော ဒဏ်ရာမှတဆင့် အခြားသက်မဲ့စားမှိုများဝင်ရောက်ခြင်းကြောင့် အသီးများ ပုပ်သွားသည်။ ထို့ကြောင့် လောက်ကောင်ဝင်ရောက်သော အသီးများသည် လျင်မြန်စွာ ပုပ်သိုးပျက်စီးသွားတတ်သည်။ လောက်ကောင်ဝင်ရောက်သော အသီးများ၏ အညှာရင်းတွင် အနက်ရောင် အပေါက်ငယ်များကို တွေ့ရတတ်သည်။
ထိုသီးလုံးများကို ခွဲကြည့်ပါက လှိုင်ခေါင်းပုံသဏ္ဍာန် ထိုးထွင်းစားသောက်ပုံများနှင့် လောက်ကောင်ငယ်များကို တွေ့ရပါသည်။ လောက်ကောင်သည် သီးလုံးမျာကိုသာမက အရွက်များ၊ ပင်စည်များကိုပါ ဂလိုင်ပုံစံ ထိုးထွင်းစားသောက်တတ်သည်။ လောက်ကောင်ဝင်ရောက်စားသောက်ထားသော အရွက်များသည် ဂလိုင်ကြောင်းများနှင့် အရည်များ၊ လောက်ကောင်အညစ်အကြေးများနှင့် ပုပ်နေသော လက္ခဏာများကို မြင်တွေ့ရသည်။
အကောင်ကြီးအဆင့်
ဖလံကောင်သည် အညိုရောင်ရှိပြီး အတောင်တစ်ခုစီပေါ်တွင် အညိုရောင်အစက်အပြောက်များ ပါရှိသည်၊။ ဖလံအမသည် နွေဦးတွင်ထွက်လာပြီး အရွက်များအပေါ်သို့ ဥအုချတတ်သည်။
ဥအဆင့်
ဥအရောင်သည် နို့နှစ်ရောင်ရှိပြီး အနည်းငယ်ပြားသည်။ အရွယ်အစားမှာ ပင်အပ်ထိပ် အရွယ်အစားလောက်သာ ရှိသည်။ လောက်ကောင်များ ဖောက်ထွက်ခါနီးချိန်တွင် ဥမျက်နှာပြင်သည် နီညိုရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။ အပူချိန်ပေါ်မူတည်၍ ၂ ရက်မှ ၁၀ အထိ ကြာရှိတတ်သည်။
လောက်ကောင်အဆင့်
လောက်ကောင်ငယ်ဘဝတွင် အညိုရောင်ဦးခေါင်းနှင့် အညိုရောင်အမွေးအမျှင်များ ပါရှိသည်။ လောင်ကောင်ငယ်သည် အစိမ်းရောင်မှ အဝါရောင်၊ အဝါရောင်မှ အညိုရောင် (သို့) အနက်ရောင်သို့ အဆင့်ဆင့် အရောင်ပြောင်းလဲ၍ လောက်ကောင်ကြီးဘဝသို့ ရောက်ရှိသည်။ ကျောဘက်တွင် အညိုရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။ လောက်ကောင်သည် အရွက်များ၊ အသီးများကို လှိုင်ခေါင်းပုံသဏ္ဍာန် ထွင်းဖောက်ကာ အသက်ရှင်နေထိုင်သည်။ လောက်ကောင်အဆင့်သည် ၁၄ – ၂၁ ရက်အတွင်း ကြာရှိသည်။
ရုပ်ဖုံးအဆင့်
အညိုရောင်ရှိ၍ ၂ – ၃ လက်မ ရှိသည်။
ကာကွယ်နှိမ်နင်းနည်းများ
- အပင်များအပေါ် ဥများကို တွေပါက လျင်မြန်စွာ ဖယ်ရှားပါ။ ဥမျာကို အရွက်၏ မျက်နှာပြင် နှစ်ဖက်စလုံးအပေါ်တွင် မြင်တွေ့နိုင်သည်။
- ပိုးကျနေသောအပင်၊ ပျက်စီးနေသော အပင်မျာကို စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။
- စမုံစပါးပင်၊ တရုတ်နံနံပင်၊ မေမြို့ပန်းများကို စိုက်ပျိုးပါ။ ထိုအပင်များသည် ထရိုင်ကိုဒါးမားမှိုကို ဆွဲဆောင်နိုင်သောကြောင့်ဖြစ်သည်။ သို့မဟုတ် ထရိုင်ကိုဒါးမားမှိုကို စျေးကွက်အတွင်းမှ ဝယ်ယူ၍ ပိုးကျနေသော စိုက်ခင်းအတွင်းသို့ ထည့်သွင်းပါ။ ဂျပိုးအုပ်စုဝင်များသည် သီးလုံးဖောက်ပိုးစားသောက်သော သားရဲကောင်များဖြစ်သည်။
- လောက်ကောင်ငယ်ဘဝတွင် ကာကွယ်နှိမ်နင်းနိုင်ရန် လိုအပ်သည်။
- ရုပ်ဖုံးအား မြေကြီးထဲတွင် ပြုလုပ်သဖြင့် စိုက်ဘောင်များအား ပလတ်စတစ်များ ဖုံးအုပ်ထားခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။
- ပေါင်းရှင်းခြင်း၊ အပင်မြေဆွခြင်းများ ပြုလုပ်၍ နှိမ်နင်းပါ။
- ခရမ်းချဉ်အား သီးလုံးဖောက်ပိုး၏ လက်ခံလွှဲပင်ဖြစ်သော ဝါနှင့် ပြောင်းခင်းအနီးတွင် မစိုက်ပျိုးသင့်ပေ။
- ဖျက်ဆီးမှုလက္ခဏာတွေ့ရှိပါက (ကလိုပိုင်ရီဖော့စ် - Chlorpyrifos)၊ (အဆီဖိတ် - Acephate)၊ (ဆိုက်ပါမီသရင် - Cypermethrin)၊ (ဒယ်တာ မီသရင် - Deltamethrin) ဆေးတို့ဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်သည်။
Ref; ခရမ်းချဉ် စိုက်ပျိုးရေးနည်းစနစ် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ ၊ ဝင်းသန်း (B. Agr. Sc, M.Sc)
http://www.tomatodirt.com/tomato-fruitworms.html
http://www.missouribotanicalgarden.org/gardens-gardening/your-garden/help-for-the-home-gardener/advice-tips-resources/pests-and-problems/insects/caterpillars/tomato-fruitworm-corn-earworm.aspx