တချို့ သရက်ပင် များသည် ပန်းပွင့် အသီးတင် နိုင်သော အပင် သက်တမ်း သို့ ရောက်ရှိ နေပြီ ဖြစ်သော်လည်း အပင်ဟုန်ပြီး အသီး မတင်ရခြင်း နှင့် အပင်နုံပြီး အသီး မတင်ရခြင်း ပြဿနာ တို့ကို ကြုံတွေ့ ရတတ် ပါသည်။
ဟုန်နေသော အပင်တို့သည် စိုက်ပြီးသည်မှ စ၍ နှစ်အတော်ကြာ တိုင်အောင် အပင် သန်စွမ်း ဖြစ်ထွန်းပြီး အရွက်များ ကိုသာ ထုတ်ပေး တတ်သည်။ ယင်းသို့ ဖြစ်ရ ခြင်းမှာ အပင် ကိုင်းခက် များ၏ တစ်သျှူး များ ထဲတွင် သိုလှောင်ထားသော နိုက်ထရိုဂျင် ပမာဏ အလွန် မြင့်မားနေပြီး ကာဗိုဟိုက်ဒြိုက် ပမာဏ အလွန်လျော့ကျ နေသောကြောင့် ဖြစ်တတ်သည်။
နုံနေသော အပင်များ သည်လည်း ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု နည်းနေပြီး ပန်းမပွင့် အသီးမတင် ဖြစ်တတ်သည်။ အပင်နုံ နေရခြင်း၏ အဓိက အကြောင်းအရင်း များမှာ အပင်တွင်း နိုက်ထရိုဂျင် ပမာဏ လျော့နည်း နေသောကြောင့် ဖြစ်လေ့ ဖြစ်ထ ရှိပါသည်။
ယေဘုယျ အားဖြင့် အပင်ဟုန် အသီးမတင်ခြင်း လက္ခဏာ များကို မြေဆီဩဇာ ထက်သန်သော မြေများရှိ အပင်များ၊ အရိပ်ကျ လောင်းရိပ် မိသော အပင်များ၊ ရေပေးသွင်းမှု များသော အပင်များ နှင့် နိုက်ထရိုဂျင် ဓာတ် ပါသော မြေဩဇာများ အလွန်အကျွံ ရသည့် အပင်များတွင် တွေ့ရ တတ်သည်။ ထိုသို့ အပင်ဟုန် နေသော သရက်ပင် များအား အပင်၏ ကိုင်းအခက် အလက် အရွက် များအား နေရောင်ခြည် အပြည့်အဝ ထိတွေ့စေခြင်း၊ ပူပြင်းသော ရာသီများတွင် အပင် ရေပေးသွင်းမှု အား ထိန်းထား ပေးခြင်း နှင့် နိုက်ထရိုဂျင် ဓာတ် ပါသော မြေဩဇာ၊ မြေဆွေးတို့ ထည့်သွင်းမှု အား ရပ်ဆိုင်း ပေးခြင်း တို့ကို ဆောင်ရွက် ခြင်းဖြင့် အသီး တင်လာအောင် ဆောင်ရွက် နိုင်သည်။
ထို့အပြင် အပင်အား အိမ်သုံးဆား ကျွေးပေးခြင်း/ပုံပေးခြင်း သည်လည်း ဟုန်နေသော သရက်ပင်များအား အသီး တင်လာအောင် ကူညီ ပေးနိုင်သည်။ အပင်အား ဆားကျွေးခြင်းကို မိုးရာသီ တွင် ဆောင်ရွက် သင့်သည်။ အပင် သက်၁၀ နှစ် အောက်ရှိ သရက်ပင် များအား တစ်ပင်လျှင် ၂ ကီလိုဂရမ်နှုန်း၊ အပင်သက် ၁၀ နှစ် နှင့် ၂၀ နှစ်ကြားရှိ သရက်ပင် များအား တစ်ပင်လျှင် ၅ ကီလိုဂရမ်နှုန်း နှင့် အပင်သက် ၂၀ နှစ် အထက်ရှိ သရက်ပင် များအား တစ်ပင်လျှင် ၁၁ ကီလိုဂရမ် နှုန်း ဖြင့် ကျွေးရ ပါမည်။ ဟုန်နေသော အပင်များအား ဆားကျွေး ရခြင်း ၏ အခြေခံ ယူဆချက် မှာ ဆားသည် အပင်အား နောက်ထပ် ပင်ပိုင်းဆိုင်ရာ အရွက်များ ထွက်ခြင်းကို တားဆီးပေးခြင်း ဖြစ်ပြီး ယခင် ထွက်ခဲ့သော ပင်ပိုင်း ဆိုင်ရာ အရွက် များသည် အနား ယူကာ ပန်းပွင့် အဖူးများ ဖြစ်ပေါ်ရန် အတွက် ကာဘိုဟိုက်ဒြိုက် ပို၍ စုလာစေရန် ဖြစ်သည်။
ဟုန်နေသော သရက်ပင်များအား ပန်းပွင့်အသီးတင်လာအောင် ဆောင်ရွက်နိုင်သော နောက်နည်းစနစ်တစ်ခုမှာ ၁၅-၂၃ စင်တီမီတာ အတုတ်ရှိ ကိုင်းများအား အခေါက်ရစ်၊ အခေါက်ခွာပေးခြင်း ဖြစ်သည်။ အခေါက်ရစ်၊ အခေါက်ခွာ ပေးခြင်း ကို၂ စင်တီမီတာ အကျယ်ရစ်၍ ကိုင်းပတ်ပတ်လည် ခွာပေးခြင်းဖြစ်သည်။ အပင်အား ဤကဲ့သို့ အခေါက်ခွာပေးခြင်းဖြင့် ၎င်းအခေါက်ခွာ၊ အခေါက်ရစ်ထားသောနေရာ၏ အထက်ပိုင်း ကိုင်းခက်များတွင် ကာဗိုဟိုက်ဒြိုက်ဓာတ်ပမာဏ များများစုစည်းလာစေပြီး ကာဗိုဟိုက်ဒြိုက်ဓာတ်နှင့် နိုက်ထရိုဂျင်ဓာတ်တို့ အချိုး ညီမျှစေကာ ပန်းပွင့်များ လှုံ့ဆော် ဖြစ်ပေါ်ရန် ပို၍ အခြေအနေ ပေးလာပါသည်။
အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်းကို အပင်၏ တစ်သျှူး များထဲတွင် ပန်းပွင့် အဖူးများ အဖြစ် မပြောင်းလဲခင် အချိန် အတွင်း ပြုလုပ် ပေးသင့်သည်။ သို့သော် အခေါက်ခွာ၊ အခေါက်ရစ်ခြင်းကို ၂ စင်တီမီတာထက် ပို၍ ကျယ်ကျယ် မခွာသင့်ပေ။ သာမန်အားဖြင့် ၎င်းအခေါက်ခွာ ထားသော နေရာသည် ပန်းပွင့်များ အားလုံး ပွင့်ပြီးနောက် အနာဖေး ပြန်တက် သွားလေ့ ရှိပါသည်။
အပင်အား ဆားကျွေး ပေးခြင်း နှင့် အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်း တို့ကို မိုးအလွန် များသော ဒေသရှိ အပင်ဟုန် များတွင်သာ ပြုလုပ် ကျင့်သုံးသင့် ပါသည်။ မိုးရေချိန် နည်းသော အပူပိုင်း ဒေသများ တွင်မူ အပင်ဟုန်ခြင်း ဖြစ်မှု တွေ့ရခဲ သောကြောင့် အပင်အား ဆားကျွေးပေးခြင်း နှင့် အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်းတို့ ဆောင်ရွက်ရန် မလိုအပ်ပေ။
အပင်ပိုင်း ဆိုင်ရာ အားနည်း၍ ပန်းမပွင့် အသီးမတင် နိုင်သော အပင်နုံများ တွင်မူ ဆားကျွေး ပေးခြင်း နှင့် အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်း တို့ကို လုံးဝမဆောင်ရွက်သင့်ပေ။ အရွက်များဝါ၍ ကြီးထွားမှု နည်းနေသော အပင်နုံများအား မိုးဦးကာလတွင် အပင်ကြီးထွားမှုကောင်းစေရန် နိုက်ထရိုဂျင်ဓာတ်ပါသော မြေဩဇာ များကို ကျွေးပေးသင့်ပါသည်။ သို့မှသာ အပင်တွင်း နိုက်ထရိုဂျင်ဓာတ်ပမာဏ မြင့်တက်လာပြီး နောက်ပိုင်းတွင် ပန်းပွင့်နိုင်သော အညွန့်အခက်များ ဝေဆာလာနိုင်မည်ဖြစ်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
6-12-2014
မှီငြမ်း - Fruit culture in India
photo reference : http://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=0CA...