အမြစ် (Root) နဲ့ ရိုင်ဇုမ်း (Rhizomes) ဘာကွာလဲ

26/10/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အပင်တွေအကြောင်းလေ့လာပြောဆိုကြတဲ့အခါ အမြစ်(root) နဲ့ ရိုင်ဇုမ်း (rhizome) ဆိုပြီး အသုံးပြုလေ့ရှိတဲ့ စကားလုံးတွေကို သတိပြုမိကြပါလိမ့်မယ်။ အဆိုပါအသုံးအနှုန်းတွေကို တစ်ခါတစ်ရံမှာ အပြန်အလှန်အသုံးပြုကြပေမဲ့လည်း ရုက္ခဗေဒလောကမှာတော့ ၎င်းတို့ ၂ မျိုးဟာ မတူညီတဲ့ လုပ်ဆောင်ချက်များစွာနဲ့ ရှိနေကြတာဖြစ်ပါတယ်။

အမြစ် (Root) ဆိုတာဘာလဲ? 

အမြစ်ဆိုတာဟာ မြေအောက်မှာရှိတဲ့ မြစ်မွှား (fibrous) စနစ်တစ်ခုဖြစ်ပြီး ချည်မျှင်ကဲ့သို့ အမြှေးပါးများ (သို့မဟုတ်) ထူထဲသောပင်မအမြစ်များကနေ   အပင်တစ်ပင်ကို ထိန်းထားနိုင်ဖို့၊ အစိုဓာတ်နဲ့ အာဟာရဓာတ်များကိုရှာဖွေဖို့၊ အပင်ကို အာဟာရဖြည့်တင်းဖို့ရာ ပင်စည်ကနေတဆင့် ပြန်လည်ပေးပို့ခြင်းတို့ကို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

ရိုင်ဇုမ်း (Rhizome) ဆိုတာဘာလဲ?

ရိုင်ဇုမ်း (Rhizome) ဆိုတာ အလွယ်ပြောရရင် အမြစ်အုပ်စုတစ်ခုပါပဲ။ rhizome ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာမှ "အမြစ်အစုစည်း" ဆိုတဲ့ စကားလုံး rhizoma ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အတိုကောက်အားဖြင့် ပြောရရင် Rhizomes ဟာ ကစီဓာတ်နဲ့ ပရိုတင်းများ သိုလှောင်ရာနေရာလို့ ဆိုနိုင်ပါတယ်။ ၎င်းတို့ဟာ မြေဆီလွှာထဲမှာ အလျားလိုက်ပေါက်ရောက်ပြီး အမြစ်များနဲ့ အညွန့်များ ထွက်ပေါ်လာစေခြင်းဖြင့် အပင်သစ်တစ်ပင်ကို ရှင်သန်ကြီးထွားနိုင်စေတာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အလျားလိုက် ကြီးထွားမှုပုံစံကြောင့် တစ်ခါတစ်ရံ တွားသွားတဲ့အမြစ် (creeping rootstalk) ဆိုပြီးတော့လည်း ခေါ်ဆိုကြပါတယ်။ အမှန်တကယ်တော့ ရိုင်ဇုမ်းဆိုတာဟာ အခြေခံအားဖြင့် မြေအောက်မှာအလျားလိုက် ကြီးထွားနေတဲ့ "မြေအောက်မြစ်လျှောက်ပင်စည်ပွား" တစ်ခုပဲဖြစ်ပါတယ်။

အမြစ်များ (Roots) က ဘာတွေလုပ်ဆောင်ကြတာလဲ?

အမြစ်တွေရဲ့အဓိကတာဝန်က ရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူဖို့ပါ။ အမြစ်တွေဟာ အပင်ခြေကနေထွက်ရှိလာပြီး မြေအောက်မှာပေါက်ရောက်ကြတာဖြစ်ပါတယ်။ ရိုင်ဇုမ်းရဲ့ အောက်ခြေကနေလည်း အမြစ်တွေပေါက်နိုင်ပါတယ်။ အပင်တစ်ပင်ကို မျိုးစေ့ကနေစတင်စိုက်ပျိုးတယ်ဆိုရင် အောက်ခြေမှာ အမြစ်များပေါက်လာပြီး မြေဆီလွှာထဲမှာ ဆက်လက်ရှင်သန်သွားမှာ ဖြစ်ပါတယ်။ အမြစ်တွေမှာတော့ ရိုင်ဇုမ်းများကဲ့သို့ ကြီးထွားနိုင်တဲ့ အဆစ် (nodes) တွေ မပါရှိကြပါဘူး။ မျိုးစေ့ကနေစိုက်ပျိုးတဲ့အခါ မျိုးစေ့အညှောက် ပေါက်လာပြီး အပင်ထွက်လာတဲ့အထိ အမြစ်များရှိမှာမဟုတ်ပါဘူး။ဆောင်းရာသီမှာ မျိုးစေ့ငုံ့လျှိုးနေပါက ရာသီဥတုပူနွေးလာတာနဲ့အမျှ အပင်ကြီးထွားလာစေဖို့ အချက်ပြတဲ့အနေနဲ့ အမြစ်အသစ်တွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 

သင့်တော်တဲ့ ပတ်ဝန်းအခြေအနေမှာဆိုရင် အပင်ပေါက်ခါစ မျိုးစေ့ရဲ့အောက်ခြေ၊ ရိုင်ဇုမ်း (သို့မဟုတ်) ဥရဲ့အောက်ခြေတို့မှာ အမြစ်များထွက်ရှိလာမှာ ဖြစ်ပါတယ်။  အချို့သော အမြစ်တွေကိုတော့ ခွဲခြားပြီးစိုက်ပျိုးနိုင်သော်လည်း အလယ်ဗဟိုမှာ ရေသောက်မြစ်တစ်ခုသာပါတဲ့ အပင်အများစုကိုတော့ မျိုးပွားဖို့အတွက် ခွဲခြားပြီး စိုက်ပျိုးနိုင်မှာ မဟုတ်ပါဘူး။ အမြစ်မှာဆိုရင် ရေသောက်မြစ် (Taproots)၊ မြစ်မွှား (fibrous roots)၊ မူခြားမြစ် (adventitious)နဲ့ ဖောင်းပွနေတဲ့ ဥ အမြစ် (tuberous root) ဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။

၁။ ရေသောက်မြစ် (Tap roots)

ရေသောက်မြစ်မှာဆိုရင် သေးငယ်ပြီး မြစ်မွေး (root hair) လို့ခေါ်တဲ့ ဘေးထွက်မြစ် (lateral roots) တွေကနေ ကုပ်တွယ်ထားတဲ့ အဓိကဗဟိုအမြစ်တစ်ခု ပါရှိပါတယ်။ မုန်ညင်း၊ မုန်လာဥနီ၊ သကြားမုန်လာ၊ နံနံပင်၊ တရုတ်နှင်းဆီနဲ့ စေ့ရွက်စုံပင် (dicotyledons) အားလုံးဟာ ရေသောက်မြစ်စနစ်ရှိတဲ့ အပင်တွေဖြစ်ကြပါတယ်။ 

ရေသောက်မြစ်နှင့် မြစ်မွှားပုံ

၂။ မြစ်မွှား (fibrous roots) 

မြစ်မွှားတွေဟာဆိုရင် ပါးလွှာပြီး ပင်စည်ကနေ အတန်အသင့် ကိုင်းဖြာခွဲထွက်နိုင်တဲ့ ချုံနွယ်ကဲ့သို့ အမြစ်များဖြစ်ကြပါတယ်။ ဆန်၊ ဂျုံ၊ ပြောင်း၊ ထပ်တစ်ရာပန်း၊ ငှက်ပျောနဲ့ စေ့ရွက်ထီးပင် (monocotyledons) အားလုံးဟာ မြစ်မွှားစနစ်ရှိတဲ့ အပင်အချို့ပဲဖြစ်ပါတယ်။

မူခြားမြစ်ပုံ

၃။ မူခြားမြစ် (adventitious)

မူခြားမြစ်ဟာဆိုရင် အမြစ်လောင်း (radicle) မှလွဲပြီး အခြားအရင်းအမြစ်ကနေ ပေါက်ဖွားလာတဲ့ ထူးခြားတဲ့အမြစ်အမျိုးအစား ဖြစ်ပါတယ်။ ပင်စည်နဲ့ အရွက်တို့ကို ဖြတ်တောက်ပြီး (stem and leaf cutting) လိင်မဲ့နည်းလမ်းနဲ့ ကိုင်းထိုးမျိုးပွားရာမှာ ထွက်ရှိလာတဲ့ အမြစ်တွေဖြစ်ကြပါတယ်။ မူခြားမြစ်စနစ်ရှိတဲ့ အပင်များမှာ မူလအမြစ် (primary root) များလည်း ရှိနေမှာဖြစ်ပါတယ်။ မူခြားမြစ်စနစ်ဟာ မျိုးစေ့ဝှက်အပင်များ (angiosperms) ရဲ့ ဝိသေသလက္ခဏာရပ်တစ်ခုဖြစ်ပြီး ၎င်းတို့ဟာ အပင်များဓာတ်ငွေ့ဖလှယ်ခြင်း (respiration)၊ အထောက်ပံ့ပေးခြင်း (support) နဲ့ အစာသိုလှောင်ခြင်း (food storage) စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ရေသောက်မြစ်နဲ့ မူခြားမြစ်များကြား အဓိကကွာခြားချက်မှာ ရေသောက်မြစ်ဟာ မြေဆီလွှာထဲသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်နိုင်တာဖြစ်ပြီး မူခြားမြစ်များကတော့ ထိုကဲ့သို့မပြုလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သစ်ခွ၊ ရွှေလာငွေလာ၊ ကြွေပန်း၊ ပူဒီနာ၊ ညောင်မုတ်ဆိတ်ပင်၊ အိုင်ဗီပန်း စတာတွေဖြစ်ကြပါတယ်။

ဥ အမြစ်ပုံ

၄။ ဥ အမြစ် (tuberous root)

tuberous root ဟာ ကြီးမားပြီး အသားထူတဲ့အမြစ်ဖြစ်ပြီး တစ်ဖက်မှာ အညွန့်များထွက်ရှိကာ အခြားတစ်ဖက်မှာ အမြစ်များထွက်ရှိပြီး ထူးခြားတဲ့ သိုလှောင်အင်္ဂါတစ်ခုဖြစ်ပါတယ်။ ဒေလီယာ၊ ကညွတ်၊ ပိန်းဥ၊ ကန်စွန်းဥ စတာတွေဆိုရင် ဥ အမြစ်ကနေ ထွက်ရှိလာတာဖြစ်ပါတယ်။ ရုက္ခဗေဒအရ ဥ အမြစ်တွေဟာ တကယ့် အပင် ဥ (tuber) တွေနဲ့ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ (tuber) ဟာ ထူးကဲပင်စည်တစ်ရှူး (modified stem tissue) ဖြစ်တာကြောင့် ဖြစ်ပါတယ်။ 

 

ရိုင်ဇုမ်း (Rhizome)- သူ့ရဲ့ အဓိကတာဝန်ကတော့ အာဟာရဓာတ်တွေကို သိုလှောင်ပြီး မိမိဘာသာ ပြန့်ပွားရှင်သန်စေဖို့ ဖြစ်ပါတယ်။ ရိုင်ဇုမ်းတွေဟာ ရေသောက်မြစ်ထွက်လာပြီး မြေဆီလွှာရဲ့အောက်ဘက်ဆီကို ကြီးထွားဖွံ့ဖြိုးခြင်းထက် ဘေးတိုက်ဖြန့်ကျက်တဲ့ပုံစံနဲ့ ရှင်သန်ဖြစ်ထွန်းကြတာ ဖြစ်ပါတယ်။ ရိုင်ဇုမ်းတွေဟာ ကြားအဖူးတွေ (axillary buds) ကနေထွက်ရှိလာပြီး ၎င်းတို့ ပေါက်ရောက်ရှင်သန်တဲ့ လမ်းကြောင်းတစ်လျှောက် ၎င်းတို့ရဲ့ကြီးထွားနေတဲ့ အဆစ်တွေကနေ အမြစ်များနဲ့ အညွန့်များကို ဖန်တီးနိုင်တာဖြစ်ပါတယ်။ Rhizomes တွေဟာ စိုက်ပျိုးရာသီကုန်ဆုံးတဲ့အခါ တူးယူရိတ်သိမ်းနိုင်ပြီး ၎င်းတို့ရဲ့ အဆစ်တွေဟာ နောက်တစ်ကြိမ်ထပ်မံစိုက်ပျိုးဖို့အတွက် “မျိုးစေ့” အဖြစ် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ Rhizomes တွေဟာ ၎င်းတို့အတွက် သင့်တော်မဲ့အခြေအနေမရောက်ခင်အထိ ငုပ်လျှိုးပြီးနေလေ့ရှိပါတယ်။ Rhizomes တွေဟာ မူရင်းမိဘအပင် (parent plant) နဲ့ ထပ်တူညီတဲ့ အပင်သစ်တစ်ပင်ကို လိင်မဲ့ပိုင်းဆိုင်ရာမျိုးပွားခြင်းနည်းဖြင့် ပွားများနိုင်ပါတယ်။ Rhizomes မှာတော့ မြေပေါ်ပင်စည်ပွား (above-ground) နဲ့ မြေအောက်ပင်စည်ပွား (below-ground) ဆိုပြီး အမျိုးအစား ၂ ခု ခွဲခြားထားပါတယ်။ Rhizomes ပါရှိတဲ့ အပင်တွေကတော့ ဂျင်း၊ ဝါးပင်၊ နတ်သမီးထောင်ခြောက်၊ ယောက္ခမလျှာ (နဂါးစက်)၊ တဆေးနွယ်၊ အားလူး၊ နနွင်း စတဲ့အပင်တွေ ဖြစ်ကြပါတယ်။

Ref:

https://www.epicgardening.com/

https://byjus.com/biology/root-system/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်