သီးနှံပင်များကို ရောဂါဖြစ်စေတဲ့ အခြေခံအချက် ၃ ချက်

09/07/2024 12:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဥယျာဉ်စိုက်ခင်းတွေနဲ့ သီးနှံပင်တွေဆိုတာ အချိန်ရာသီမရွေး အဖျက်ပိုးနဲ့ ရောဂါတွေ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ သီးနှံစိုက်ခင်းတွေမှာ ရောဂါကျရောက်ဖို့အတွက် အခြေခံအားဖြင့်အချက် ၃ ချက်ရှိဖို့ လိုအပ်ပါတယ်။ အပင်ရောဂါဗေဒပညာရှင်တွေ ရည်ညွှန်းခေါ်ဆိုလေ့ရှိတဲ့ disease triangle ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရောဂါဖြစ်ပေါ်လာဖို့အတွက်

- လက်ခံပင် (host plant)

- ရောဂါဖြစ်စေသော သက်ရှိ (pathogen) နဲ့

- ပတ်ဝန်းကျင်အခြေအနေ (environmental condition) စတာတွေ ဖြစ်ပါတယ်။ 

အထက်ပါ အချက် ၃ ချက်ရှိမှသာလျှင် သီးနှံပင်တွေမှာ ရောဂါ ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါမှာ အဆိုပါ အချက် ၃ ချက်ကို လေ့လာရမှာဖြစ်ပါတယ်။ 

၁။ လက်ခံပင် (host plant)

“လက်ခံပင်” ဆိုတာဟာ ရောဂါဖြစ်စေတဲ့သက်ရှိ ကူးစက်ဝင်ရောက်ပြီး ရှင်သန်နေထိုင်တဲ့ အပင်ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ မည်သည့် အပင် (သက်ရှိ) မဆို အခြား အပင် (သက်ရှိ) တစ်ခုရဲ့ လက်ခံပင် ဖြစ်နိုင်ပါတယ်။ ဥပမာ - သင်မွေးထားတဲ့ ခွေးမှာ သန်ကောင်ရှိနေတယ်ဆိုပါက အဲ့ဒီခွေးဟာ သန်ကောင်ရဲ့ လက်ခံသက်ရှိ (အိမ်ရှင်) ဖြစ်ပါတယ်။ အကယ်လို့ သင်စိုက်ပျိုးထားတဲ့ အလှစိုက်ပန်းပင်မှာ ဖားဥမှိုရောဂါ (powdery mildew) ကျရောက်နေတယ်ဆိုရင် သင့်ရဲ့ပန်းပင်ဟာ ရောဂါရဲ့ လက်ခံပင်ဖြစ်ပါတယ်။ 

အပင်ရောဂါများစွာဟာ ၎င်းတို့ကူးစက်ဝင်ရောက်ရာမှာ အကန့်အသတ်ရှိပြီး အများအားဖြင့်တော့ အပင်မျိုးစိတ်တစ်ခုအတွင်းမှာပဲ ရောဂါကျရောက်တာ ဖြစ်ပါတယ်။ အကယ်လို့ အပင်ရောဂါတစ်မျိုး ဖြစ်ပွားဖို့အတွက် သက်ဆိုင်ရာလက်ခံပင် အပင်မျိုးစိတ်မရှိဘူးဆိုပါက အဲ့ဒီနှစ် စိုက်ပျိုးရာသီရဲ့ သီးနှံစိုက်ခင်းတွေထဲမှာ ရောဂါဖြစ်ပွားတာမျိုးကို တွေ့ရမှာမဟုတ်ပါဘူး။

ဥပမာအားဖြင့် နှစ်ရှည်လများစိုက်ပျိုးပြုစုလာခဲ့တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေက ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းမှာ တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်ခဲ့ပြီး ယခုနှစ်မှာ အဲ့ဒီအပင်တွေကို မစိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပါက တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်တာကို တွေ့ရှိရတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိုက်ခင်းထဲမှာ တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်ဖို့အတွက် brassica မျိုးရင်းဝင်အပင်မျိုးစိတ် တနည်းအားဖြင့် လက်ခံပင် မရှိတာကြောင့် ဖြစ်ပါတယ်။ 

ခံနိုင်ရည်ရှိတဲ့ အပင်မျိုးတွေဟာလည်း disease triangle ကနေ လက်ခံအပင်ကို ဖယ်ရှားနိုင်ပါတယ်။ သီးနှံတွေကို စိုက်ပျိုးပြုစုရာမှာ ရောဂါခံဒဏ် ခံနိုင်ရည်ရှိတဲ့ အပင်မျိုးတွေနဲ့ အစားထိုးစိုက်ပျိုးခြင်းဟာ တောင်သူအများစု သိရှိထားပြီးသား (သို့မဟုတ်) ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ အပင်ရောဂါပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ 

၂။ ရောဂါဖြစ်စေသော သက်ရှိ (pathogen)

ရောဂါဖြစ်စေတဲ့ သက်ရှိဆိုတာ လက်ခံပင်ကို ကူးစက်နိုင်တဲ့ ရောဂါပိုးကို ဆိုလိုတာဖြစ်ပါတယ်။ အပင်မှာကျရောက်တဲ့ ရောဂါဖြစ်စေသောသက်ရှိ (pathogen) တွေဟာ ဘက်တီးရီးယားနဲ့ မှိုကဲ့သို့ အလွန်သေးငယ်တဲ့ အနုဇီဝသက်ရှိတွေဖြစ်ကြပြီး တစ်ခါတစ်ရံ ၎င်းတို့ကနေ စပိုးတွေထုတ်လွှတ်တဲ့အခါမျိုးမှာသာ မြင်တွေ့နိုင်တာဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ဖြစ်ပေါ်တဲ့ ရောဂါလဏ္ခာတွေကို ကြည့်ပြီးတော့လည်း အမျိုးအစား ခွဲခြားသတ်မှတ်နိုင်တာ ဖြစ်ပါတယ်။ 

ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိ (ရောဂါပိုး) တွေဟာ ၎င်းတို့အနေနဲ့ ဘယ်လက်ခံပင်မှာ ကျရောက်မယ်ဆိုတာမျိုး အတိအကျရှိနေတာကြောင့် မယုံနိုင်လောက်အောင် တစိတ်တပိုင်းအားဖြင့်တော့ ကွဲပြားနေကြတာဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိအများစုဟာ ၎င်းတို့ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာမျိုးရင်းအုပ်စုထဲက အပင်တွေမှာသာလျှင် ရောဂါကျရောက်နိုင်တာဖြစ်ပါတယ်။ 

၃။ ပတ်ဝန်းကျင်အခြေအနေ (environmental condition)

ပတ်ဝန်းကျင် အခြေအနေဆိုရာမှာ ရောဂါဖြစ်စေသောသက်ရှိနဲ့ လက်ခံပင်တို့ ထိတွေ့နေရတဲ့ ရာသီဥတု၊ မြေဆီလွှာနဲ့ အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ရောဂါတစ်ခုချင်းစီတိုင်းမှာ ၎င်းတို့နှစ်သက်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ရှိနေတာဖြစ်ပါတယ်။ အချို့သောရောဂါတွေဟာ မြေဆီလွှာ ချဥ်ငန်ကိန်း (pH) မြင့်မားတာကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ အပူချိန်မြင့်မားတာ (သို့မဟုတ်) နိမ့်တာမျိုးကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ 

ရောဂါအားလုံးနီးပါးအတွက် လိုအပ်တဲ့ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတစ်ခုကတော့ အစိုဓာတ် (moisture) ပဲ ဖြစ်ပါတယ်။ နေအိမ်ခြံဝင်းနဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ မိုးရွာခြင်း၊ နှင်းကျခြင်း သို့မဟုတ် ရေလောင်းခြင်းတို့ကြောင့် အရွက်တွေ စိုစွတ်ခြင်းနေခြင်းဟာ အပင်မှာကျရောက်မဲ့ ရောဂါပိုးမွှားတွေရဲ့ ဘဝစက်ဝန်း (lifecycle) အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ အကယ်လို့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေဟာ မိုးခေါင်ရေရှားပြီး အပူချိန်မြင့်မားနေမယ်ဆိုရင် အစိုဓာတ်ကိုလျော့နည်းသွားစေမှာဖြစ်ပြီး အစိုဓာတ်ကြိုက်နှစ်သက်တဲ့ ရောဂါတွေရဲ့ဖြစ်ပွားမှုကိုလည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ 

ထို့ကြောင့် အပင်တွေမှာ ရောဂါဖြစ်ပွားဖို့ဆိုရင် အထက်မှာဖော်ပြတဲ့ အချက် ၃ ချက် ရှိနေဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတာကို သိရှိထားသင့်ပါတယ်။

ရောဂါကျရောက်မှု ပြင်းထန်တယ်ဆိုတာကလည်း အဆိုပါ အချက် ၁ တစ်ခုချင်းစီရဲ့ အခွင့်သာတဲ့ပေါ်မှာမူတည်ပြီး ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။ အကယ်လို့ အဲ့ဒီအချက် ၃ ချက်ထဲက တစ်ခု မရှိခဲ့ဘူးဆိုပါက ရောဂါဖြစ်ပွားနိုင်မှာမဟုတ်ပါဘူး။

သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးလှည့်စိုက်ပျိုးတာမျိုး၊ ခံနိုင်ရည်ရှိတဲ့ မျိုးကွဲတွေ အစားထိုးအသုံးပြုတာမျိုး၊ စိုက်ခင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တာမျိုး နဲ့ ရောဂါရှိတဲ့ အပင်တွေကို ဖယ်ရှားဖျက်ဆီးပစ်တာမျိုးတွေဟာ disease triangle မှ ရောဂါဖြစ်စေတဲ့ သက်ရှိနဲ့ လက်ခံပင်တို့ကို ဖယ်ရှားပြီး ရောဂါရဲ့ ဘဝစက်ဝန်းကို ဖြတ်တောက်ပစ်တာမျိုး လုပ်ဆောင်ရာရောက်ပါတယ်။ ဒါ့ကြောင့် သီးနှံစိုက်ပျိုးရာမှာ  ကျင့်သုံးကြလေ့ရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေဟာ disease triangle ကို ချေဖျက်နိုင်ပြီး ရောဂါတွေဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်