၁။ ပင်ခြေပုပ်ရောဂါ ဒေါင်းမြီးကွက်ရောဂါ (PHYTOPHTHORA LEAF SPORT)
ပင်ခြေပုပ် ဒေါင်းမြီး ကွက်ပြောက်ရောဂါသည် Phytopthora palmivora ကြောင့် ဖြစ်ပွားပါသည်။ ဤရောဂါသည် မိုးရာသီတွင် ဆိုးရွားစွာ ဖြစ်ပေါ်တတ်ပြီး နွေရာသီတွင် ဖြစ်လေ့ဖြစ်ထ မရှိချေ။ ရောဂါပိုးသည်ရောဂါရ ပင်ကြွင်းပင်ကျန်များတွင်လည်းကောင်း၊ မြေထဲတွင် လည်းကောင်း၊ ခိုအောင်း၍ ကွမ်းပင်အသစ်များကို ရောဂါဖြစ်စေသည်။ အချို့သောပေါင်းပင်များသည် ဤရောဂါဖြစ်စေသော လက်ခံလွှဲပင်များ ဖြစ်တတ်သည်။
ရောဂါလက္ခဏာ
ပင်ခြေပုပ် ဒေါင်းမြီးကွက်ရောဂါကို ဒေါင်းမြီးကွက်ရောဂါဟု လူသိများသည်။ ပင်ခြေပိုင်း၊ ပင်ပေါ် အပိုင်းတွင်ရောဂါဖြစ်လေ့ရှိရာ ပင်ပေါ်ပိုင်း အရွက်များတွင်ရောဂါလက္ခဏာ အနာကွက်များကို မြင်သာသောကြောင့်ဒေါင်းမြီးကွက်ရောဂါဟု အမည်တပ်ကြခြင်း ဖြစ်သည်။ ယင်းအနာကွက်များသည် ရွက်သားများတွင် ဖြစ်ပေါ်ခြင်းထက် ပင်မရွက်ကြောများ တစ်လျှောက် လျင်မြန်စွာ တိုးချဲ့ပြန့်ပွားသွားသည်။ စိုလိုက်၊ခြောက်လိုက်ရာသီများတွင် အနာကွက် အတွင်း၌ အညိုရောင် ဗဟိုတူ စက်ဝိုင်းအရစ်သဏ္ဍာန်များ ဖြစ်ကာ တွန့်သွားပြီးဖောင်းကြွ ထင်ရှားလာသည်။ ထို့ပြင် အရောင်ရင့်များ ဖြစ်ပေါ်လာကာ အရစ်များ ထင်ရှားလာသည်။ ဒေါင်းမြီးကွက်ကဲ့သို့ သဏ္ဍာန်တူ၍ဒေါင်းမြီးကွက်ရောဂါဟု လူသိများခြင်း ဖြစ်သည်။ အရွက်အထက်ပိုင်းသို့ ပြန့်နှံ့လာသကဲ့သို့ ရွက်ရိုးတံပင်စည်တို့ကိုပါ ကူးစပ်ပြန့်နှံသွားသည်။ ဤသို့ဖြင့် အရွက်၊ ရိုးတံ၊ ပင်စည်များဆွေးပုပ်သွားသည်။ အပေါ်ပိုင်းအရွက်များတွင်ရောဂါစကျပါက တစ်ပင်လုံးရောဂါ ပျံ့နှံ့သွားနိုင်သည်။
ပင်ခြေပိုင်းတွင်လည်းရောဂါပိုး တိုက်ခိုက်လေ့ရှိသည်။ အထူးသဖြင့်မြေနှင့် တစ်ပြေးညီရှိ ပင်စည်နှင့် မြေပြင်အောက်နားပင်စည်၌ ရောဂါကျရောက် တိုက်ခိုက်လေ့ရှိသည်။ ရှေးဦးစွာရောဂါကျရောက်တတ်သော နေရာတွင် ရေစိုနာကွက်ကဲ့သို့ အညိုရောင်အကွက် စတင်ဖြစ်ပေါ်လေ့ရှိသည်။ အကွက်သည် ပင်စည် တစ်ပတ်လည် ဖြစ်ပေါ်တတ်သည်။ မကြာမီ အမည်းရောင်သို့ပြောင်းသွားပြီး အပင်ပေါ်ပိုင်းလည်း ညှိုးနွမ်းငိုက်ကျလာကာ အရွက်များတွန့်ရှုံ့၍ အပင်လည်းသေသွားသည်။
ပင်ခြေပိုင်းဆွေးပုပ်ပြီး အမြစ်များသည် ပျက်စီးကုန်သဖြင့် အလွယ်တကူ နှုတ်ယူနိုင်သည်။ အပင်သေဆုံးချိန်တွင် ညိုမည်းကွက်သည် ပင်စည်အပေါ်ပိုင်း (၃-၄) ဆစ်အထိပင် ကူစက်ပျံ့နှံ့နေသည်ကိုတွေ့ရသည်။
အမြစ်များကိုရောဂါစတင် ကူးစက်ကျရောက်ပါကရောဂါပိုးသည် ပင်စည်ရှိ အစာရေကြောစီးအတိုင်း အပေါ်သို့ တက်လိုက်လာသည်။ အမည်းရောင်အကွက် ကျယ်ပြန့်လာသည်နှင့်အမျှ အစာရေကြောစီး အများအပြားသေဆုံးကုန်ပြီဖြစ်၍ အပင်လည်းသေဆုံးရခြင်း ဖြစ်သည်။
ဤရောဂါ ဖြစ်စေသောမှိုသည် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံးကြီးထွားပြီး (၄၈) ဒီဂရီ စင်တီဂရိတ်တွင်သေဆုံးကြသည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ရောဂါကျရောက်၍ ပျက်စီးသွားသော ကွမ်းခြံမှ ပင်ကြွင်းပင်ကျန်များ အမြစ်များကို စုပုံ၍ မီးရှို့ဖျက်စီးပစ်ပါ။ ပာကျသည်အထိ မီးရှို့ရမည်။
၂။ ရောဂါကျ ကွမ်းခြံစိုက်ကွင်းမြေပြင်တစ်ခုလုံးကိုကောက်ရိုး၊ မြက်ခြောက်များ ဖုံးအုပ်၍ မီးရှို့ဖျက်စီးပစ်ပါ။
၃။ ရောဂါကျ ဖျက်စီးခံရသောမြေကွက်တွင် နောက်ထပ်ကွမ်းမစိုက်ဘဲ မြေလှပ်ထားရမည်။ သို့မဟုတ် အခြား သီးနှံစိုက်ပျိုးရမည်။
၄။ ကွမ်းစိုက်ခြင်း အသစ်ပြုလုပ်မည်ဆိုပါကဘော်ဒိုဆေးရည် (၅း၅း၅၀) ဆေးရည်ကို (၁၀x၁၀) ပေ တစ်ကွက်လျှင်ဆေးရည်(၁၀) ဂါလန်နှုန်း ပက်ဖျန်းလောင်းပေး၍မြေကို နှပ်ထားပါ။
၅။ စိုက်ပျိုးမည့် ကွမ်းမျိုးညွန့်များကိုရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် (၂း၂း၅၀) ဘော်ဒိုဆေးရည်တွင် (၂) မိနစ်ခန့် စိမ်ပြီးမှ စိုက်ပျိုးပါ။
၆။ စျေးကွက်တွင် ရနိုင်သော မန်ကိုဇက် (Mancozeb) ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။
၇။ ဘော်ဒိုဆေးရည် (၂း၂း၅၀) ကိုကွမ်းပင်များ စိုက်ပျိုးပြီး အပင်လှန်သည့်အချိန်(၁၅) ရက်ကြာတွင် တစ်ကြိမ်၊ မိုးရာသီ မဝင်မီ တစ်ကြိမ်၊ ဇွန်လမှ စ၍ တစ်လ တစ်ကြိမ်နှုန်းဖြင့် စက်တင်ဘာလအထိ ပက်ဖျန်းပေးပါ။
၈။ ကွမ်းခြံအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။
၉။ မိုးရာသီတွင် ကွမ်းခြံအတွင်း လေဝင်လေထွက်ကောင်းရန် စီစဉ်ဆောင်ရွက်ပေးပါ။
၁၀။ ယူရီးယား ဓာတ်မြေဩဇာကျွေးခြင်းကိုလျော့ချ ကန့်သတ်ပါ။
၁၁။ ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။
၁၂။ ကွမ်းပင်မှအောက်ခြေ အရွက်များ ရှင်းလင်းခူးပစ်ပါ။
၁၃။ နေ့စဉ် စစ်ဆေးပြီးရောဂါရ အရွက်ကို ခူးယူပြီးနောက် မီးရှို့ဖျက်စီးပစ်ပါ။ ပြီးလျှင်ဆေးဖျန်းပါ။
၂။ ကွမ်းပင်ညှိုးရောဂါ/ ပင်ရင်းပုပ်ရောဂါ (COLLER RAT/ SCLEOROTIUM WILT)
ကွမ်းပင်ညိုး/ ပင်ရင်းပုပ်ရောဂါသည် Sdeorotium rolfsil ကြောင့် ဖြစ်ပါသည်။ ဤရောဂါသည် ပူနွေးခြောက်သွေ့သော ရာသီတွင် ဖြစ်ပေါ်လေ့ရှိသည်။ မေလမှ စက်တင်ဘာလအထိ ဖြစ်တတ်သည်။ အပူချိန် (၅၅) ဒီဂရီ စင်တီဂရိတ်ရောက်မှသာ သေဆုံးကြသည်။ မြင်သာသော ပင်ပြလက္ခဏာအနေဖြင့် ကွမ်းပင်ညှိုးသွားသောကြောင့် ပင်ညှိုးရောဂါဟု အသိများသည်။
ရောဂါလက္ခဏာ
ရောဂါဖြစ်စေသောမှိုသည်မြေပြင်နှင့် တစ်ပြေးညီရှိသော ကွမ်းပင်စည်တွင် ကျရောက်တိုက်ခိုက်လေ့ ရှိသည်။ ရောဂါကျရောက်သော ပင်စည်သည်ဆွေးရိနေပြီး ကွမ်းပင်စည် အူတိုင်ကိုခေါင်းပွ ဖြစ်စေသည်။ ပင်ခြေရင်းပုပ်စေသော လက္ခဏာ ဖြစ်သော်လည်း Phytophthora ကြောင့် ဖြစ်သော လက္ခဏာနှင့် ကွာခြားချက်မှာ ကွမ်းပင်စည်အရင်း ပုပ်ဆွေးနေသောနေရာတွင် ဂွမ်းဆုပ်နှင့် တူသော မှိုမျှင်များ ဖုံးအုပ်ထားခြင်းပင်ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ကွမ်းပင်တစ်ပင်လုံး ညှိုးနွမ်းနေပြီး ဖြစ်သည်။
ရောဂါကူးစက်ပုံ
မြေပေါ်မြေအောက် ခိုအောင်းတည်ရှိပြီး ခြံဝင်ခြံထွက် လုပ်သားများမှတဆင့် ကူးစက်ပျံ့နှံ့သည်။ မြေတွင်း တစ်လက်မအနက်အထိ ပေါက်ပွားနိုင်သည်။ (၆) လက်မ အနက်တွင် အသက်မရှင်နိုင်ချေ။ ပင်ခြေရင်းမြေဘောင်တင်ပေးခြင်းဖြင့် ၎င်းရောဂါပိုးကို သုတ်သင်နိုင်သည်။ အပူချိန် (၃၀-၃၅) ဒီဂရီ စင်တီဂရိတ်တွင်ရောဂါဖြစ်ပေါ်မှု အမြင့်ဆုံး ဖြစ်သည်။
ကာကွယ်နှိမ်နင်းပုံ
Phytophtora ပင်ခြေပုပ်ရောဂါဒေါင်းမြီးကွက်ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နင်းပါ။
၃။ အမြစ်ဆွေးရောဂါ Root Rot
အမြစ်ဆွေးရောဂါသည် Rhizotonia solani ကြောင့် ဖြစ်ပွားပါသည်။ ဤအမြစ်ဆွေးရောဂါသည် မိုးအကုန်ဆောင်းအကူးအောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဤရာသီတွင် ပြင်းထန်စွာ ကျရောက်တတ်ပါက ကွမ်းပင် (၅၀) ရာခိုင်နှုန်းအထိ ပျက်စီး ဆုံးရှုံးနိုင်သည်။ ကွမ်းပင်၏ အမြစ်များကိုသာ အဓိကထား၍ ကျရောက်ဖျက်စီးသည်။
ရောဂါလက္ခဏာ
ကွမ်းပင်အခြေနှင့်မြေအောက် အမြစ်အစိတ်အပိုင်းများကို တိုက်ခိုက်သည့်အတွက် ပင်ခြေရှိ ပင်စည်၌ရောဂါများ ရစ်ပတ်၍ ဖြစ်ပေါ်ပြီး တစ်သျှူးသားများ အရောင်မည်းသွားသည်။ အမြစ်များ နီကျင်ကျင်အရောင်သို့ ကူးပြောင်း၍ ပျက်စီးသွားသည်။ ပင်ခြေနှင့် အမြစ်များကို အဓိကထား တိုက်ခိုက်သောကြောင့်ကွမ်းရွက်များ အရောင်ဖျော့ပြီး ငိုက်ကျလာသည်။
ရောဂါကူးစက်ပုံ
မြေမှလည်းကောင်း၊ ပင်ကြွင်းပင်ကျန် အထူးသဖြင့် ပင်ခြေပိုင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ (၃၅-၄၀) ဒီဂရီ စင်တီဂရိတ်တွင် ပွားများမှု အကောင်းဆုံးဖြစ်သည်။ (၅၀) ဒီဂရီ စင်တီဂရိတ်တွင် ရှင်သန်နိုင်မှု မရှိတော့ချေ။ စိုသော မျက်နှာပြင်၊ ခြောက်သောမြေမျက်နှာပြင်တို့တွင် (၅-၇) လ ကြာသည်အထိ အသက်ရှင်နိုင်ကြသည်။
ကာကွယ်နှိမ်နင်းပုံ
Phytophthora leaf sport (ပင်ခြေပုပ်ဒေါင်းမြီးကွက်ရောဂါ) ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နင်းနိုင်သော်လည်း ဤရောဂါ ဖြစ်သော မှိုကိုဘော်ဒိုးဆေးရည်ဖျန်း၍ မနှိမ်နင်းနိုင်ပါ။ မန်ကိုဇက် ၈၀% (သို့မဟုတ်) မန်ကိုဇက် ၆၄% + မက်တာလဇီ ၈% ဖြင့်သာ ကာကွယ်နှိမ်နင်းရမည် ဖြစ်သည်။
၄။ ငှက်မျက်စေ့ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ LEAF SPOT
ငှက်မျက်စေ့ရောဂါ မှဲ့ပြောက်စွန်းရောဂါ သည် Collectotrichum spp ကြောင့် ဖြစ်သည်။ အရွက်တွင် ဖြစ်ပေါ်သော အကွက်အပြောက် အနေဖြင့်ရောင်းတန်းဝင် အဆင့်မမီခြင်းသာ ဖြစ်ပေါ်၍ များစွာ အရေးမကြီးလှသော်လည်း ဤရောဂါ ပင်စည်သို့ ကူးစက်ပျံ့နှံ့သွားပြီဆိုပါက အပင်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သောကြောင့် အထူးဂရုစိုက်ရမည့်ရောဂါ တစ်မျိုး ဖြစ်ပါသည်။ ဤရောဂါကြောင့် မတ္တရာနယ်တွင် ကွမ်းခြံများ အပျက်အစီးများခဲ့ဖူးသော မှတ်တမ်းများ ရှိသည်။
ရောဂါ လက္ခဏာများ
ကွမ်းရွက်များပေါ်တွင် မီးခိုးရောင် အစက်အပြောက်များ စတင် ဖြစ်ပေါ်လာသည်။ အရွက်ပေါ်တွင် (၃-၄) ကွက် ဖြစ်ပေါ်တတ်သည်။ များသောအားဖြင့် အကွက်အပြောက်သည် အဝိုင်းပုံရှိ၍ အစက်အပြောက်၏ အနားရစ် တစ်လျှောက်တွင် အညိုရောင်ဖြင့် ရစ်ပတ်ထားသည်။ သို့ဖြစ်၍ ငှက်မျက်စိနှင့် ဆင်တူသောကြောင့် ငှက်မျက်စိရောဂါဟု လူသိများသည်။ အစက်အပျောက်များ အရွက်တစ်ပြင်လုံးကို ဖုံးအုပ် ဖြစ်ပေါ်ခြင်း မရှိပေ။ တစ်သီး တစ်ခြားစီ အကွက်အပြောက်အနေဖြင့်သာ ဖြစ်ပေါ်သည်။ ရောဂါရ ကွမ်းရွက်တို့သည်နောက်ဆုံးတွင် ဝါ၍ကြွေကျ သွားသည်။ အရွက်တွင် အကွက်အပြောက်တွေ့သည်နှင့် ခူးယူ ဖယ်ရှားပစ်ခြင်းဖြင့် ရောဂါကို ဟန့်တားနိုင်သည်။
ကွမ်းရွက်ညှာ၊ ကွမ်းပင်စည် တို့ကို ပျံ့နှံ့သွားပါက ပင်စည်တွင် ညိုမည်းရောင်ကွက်များ ဖြစ်ပေါ်လာကာ ပင်စည်များခြောက်သွေ့လာသည်။ မကြာမီ တစ်ပင်လုံးခြောက်၍ သေဆုံးသည်။
ရောဂါကူစက်ပုံ
ဤရောဂါကို ဖြစ်စေသော မှိုသည် တစ်နေရာမှ တစ်နေရာသို့လေဖြင့် ကူးစက် ပျံ့နှံ့လေ့ ရှိသည်။ ရောဂါကျပင်ဟောင်းများ မြေမမြှုပ်၍သော်လည်းကောင်း၊ မီးမရှို့၍သော်လည်းကောင်း၊ ယင်းတို့မှ မှိုမျိုးစေ့များလေဖြင့် စိုက်ခင်းသစ်သို့ ကူးစက်လေ့ ရှိသည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်စီးခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပါ။
၂။ ရောဂါကင်းသော မျိုးညွန့်ကိုရွေးချယ် စိုက်ပျိုးပါ။
၃။ ကွမ်းခြံကို အမြဲ စစ်ဆေးပါ။
၄။၂း၂း၅၀ ဘော်ဒိုးဆေးရည်ကို ကွမ်းရွက်ခူးပြီးတိုင်း ပက်ဖျန်းပေးပါ။
၅။ ဖားဥမှိုရောဂါ (POWDERY MILDEW)
ဖားဥမှိုရောဂါသည် Ordium piperis ကြောင့် ဖြစ်ပေါ်ပါသည်။ ဤရောဂါသည်ဆောင်းရာသီတွင် အဖြစ်များပြီး ပူနွေးချိန်တွင် ဆိုးရွားစွာ ပြင်းထန်လေ့ ရှိသည်။
ရောဂါလက္ခဏာ
ကွမ်းပင်တွင် ရွက်နုလေးများ၌ရောဂါကျရောက်လေ့ ရှိသည်။ အရွက်အောက် မျက်နှာပြင်၌ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ အဖြူမှုန့်ကလေးများ လူးကပ်နေသည်ကို စတင်တွေ့မြင်ရတတ်သည်။ မကြာမီ အဖြူမှုန့်ကလေးများ လွင့်ပျောက်သွားပြီးနောက် အရွက်ပေါ်တွင် အညိုရောင် အကွက်များ ဖြစ်ပေါ် ကျန်ရစ်သည်။
ရောဂါကူးစက်ပုံ
အရွက်များတွင် ကျရောက်သောရောဂါဖြစ်သဖြင့် လေအားဖြင့် ကူးစက်ပျံ့နှံ့မှုများသည်။ စည်းမဲ့ကမ်းမဲ့ ပစ်ထားသောရောဂါ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့်လည်း ကူးဆက်သည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ပင်ကြွင်းပင်ကျန်များ မီးရှို့ဖျက်ဆီးပါ။
၂။ ကွမ်းခြံအတွင်း လူအဝင်အထွက် လုပ်တိုင်း ခြံတံခါးကို ပိတ်ပေးပါ။
၃။ ကန့်မှုန့်နုနုကို ဒီဇင်ဘာလလောက်တွင် အပင်ပေါ်တွင် ပက်ဖြူးပေးပါ။
၄။ ဘော်ဒိုးဆေးရည် (၂း၂း၅၀) ကို ပက်ဖျန်းပေးပါက ထိရောက်စွာ ကာကွယ်နိုင်သည်။
၆။ ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT)
ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။
ရောဂါကူးစပ်ပုံ
ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။
၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။
၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။
၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။
၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။
၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန