မွေးမြူရေးအတွက် ပဲပုပ်ဖတ် နှင့် ဇီဝဒီဇယ်ထုတ်လုပ်ရေး

29/02/2024 14:36 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ပဲပုပ်ဖတ်ကို နိုင်ငံခြားကတင်သွင်းပြီး တိရစ္ဆာန်အစာထဲမှာ ရောစပ်ကျွေးမွေးကြပါတယ်။ ပဲပုပ်တွေ စိုက်ပျိုးထုတ်လုပ်ပြီးနောက် ဆီကြိတ်လိုက်ပြီး၊ ကျန်နေတဲ့အဖတ်တွေကို ပဲပုပ်ဖတ် (soy-bean meal – SBM) လို့ ခေါ်ကြတာပါ။ 

ခေတ်သစ်မွေးမြူရေးမှာ ပဲပုပ်ဖတ်ဟာ မပါမဖြစ် အရေးပါတဲ့ အသားဓာတ်အရင်းအမြစ် (Protein source) ဖြစ်လို့နေပါပြီ။ အကြောင်းကတော့ ပဲပုပ်ဖတ်ဟာ အခြားသော ဆီကြိတ်ဖတ်တွေနဲ့ နှိုင်းယှဉ်ရင် အသားဓာတ်ပါဝင်မှု ပိုများသလို၊ အသားဓာတ်ကို တည်ဆောက်ထားတဲ့ အမိုင်နိုအက်ဆစ် (Amino acids) တွေလည်း အမျိုးအစား စုံစုံနဲ့ ပမာဏအများအပြား ပါဝင်နေလို့ ဖြစ်ပါတယ်။ ပဲပုပ်ဖတ်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေရဲ့ အချိုးအစား (Amino acids profile) ဟာ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ လိုအပ်ချက်နဲ့ အတော်လေး ကိုက်ညီနေပါတယ်။ 

မွေးမြူရေးအစာတွေ ထုတ်လုပ်ရာမှာ ပဲပုပ်ဖတ်ကို မှီခိုလွန်းရခြင်း အကြောင်းအရင်းတစ်ခုကတော့ ပဲပုပ်ဖတ်တွေကို ဈေးသက်သက်သာသာနဲ့ ပေါပေါများများ ရနိုင်လို့ ဖြစ်ပါတယ်။ ဈေးသက်သာတယ်ဆိုတာက သူ့ဆီက ရရှိတဲ့ အာဟာရဓာတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသက်သာတယ်လို့ဆိုလိုတာပါ။ ဘာကြောင့်များ ဈေးသက်သာရတာပါလဲ။ 

အဓိကအကြောင်းအရင်းကတော့ ပဲပုပ်ဖတ်ဟာ အဓိကထုတ်ကုန်မဟုတ်ဘဲ၊ ပဲပုပ်ဆီထုတ်လုပ်ရာကနေ ဘေးထွက်ပစ္စည်း (by-product) အဖြစ် ရရှိလာတဲ့ ထုတ်ကုန်ဖြစ်နေလို့ပါ။ ပဲပုပ်ဆီဟာ လူတွေစားသုံးဖို့အတွက် အသုံးဝင်သလို၊ ဇီဝလောင်စာ (Biofuel) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပဲပုပ်ဆီကို ဇီဝဒီဇယ် (biodiesel) အဖြစ် ပြုပြင်ထုတ်လုပ်ပြီး ရေနံထွင်လောင်စာဖြစ်တဲ့ ဒီဇယ် (petroleum based diesel fuel - petrodiesel) နေရာမှာ အ စားထိုးသုံးစွဲလာကြပါတယ်။ ပဲပုပ်ဆီနဲ့ ထုတ်လုပ်တဲ့ ဇီဝဒီဇယ်ဟာ ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ဒီဇယ်နဲ့ နှိုင်းယှဉ်ရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းသလို၊ ရေရှည်တည်တံ့မှု(sustainability) အတွက်လည်း အထောက်အကူပြုပါတယ်။ 

ပဲပုပ်ဆီကို ဇီဝဒီဇယ်ဖြစ်လာအောင် ဘယ်လို ပြုပြင်ထုတ်လုပ်သလဲ?

ပဲပုပ်ဆီကို ဇီဝဒီဇယ်ဖြစ်အောင် ဘယ်လိုပြုပြင်ထုတ်လုပ်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ မေးခွန်း တစ်ခုပါ။

ယေဘုယျအားဖြင့်တော့ ပဲပုပ်ဆီကို မက်သနောလ်လို့သိကြတဲ့ မီသိုင်းအယ်လ်ကိုဟော (methyl alco-hol)၊ ဒါမှမဟုတ် အီသနောလ် လို့ သိကြတဲ့ အီသိုင်းအယ်လ်ကိုဟော (ethyl alcohol) တို့နဲ့ ရောစပ်ပေးတာဖြစ်ပါ တယ်။ အဲဒီလိုရောစပ်ရာမှာ ဓာတ်ကူပစ္စည်း (catalyst) အနေနဲ့ ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် (Sodium hydroxide) ဒါမှ မဟုတ် ပိုတက်ဆီယမ်ဟိုက်ဒြောဆိုဒ် (Potassium hydroxide) တို့ကိုပါ ထည့်သွင်းပေးရပါတယ်။ အဲဒီလုပ်ငန်းစဉ် ကို ထရန့်အီစတာရီဖီကေးရှင်း (transesterification) လို့ ခေါ်ပါတယ်။ 

ပုံမှန်အားဖြင့် ပဲပုပ်ဆီအပါအဝင် ဆီတွေအားလုံးနီးပါးမှာ ဖက်တီးအက်ဆစ် (fatty acids) လို့ခေါ်တဲ့ အဆီ ဓာတ်မော်လီကျူတွေဟာ ဂလစ်ဆီရင်း (Glycerin) နဲ့ ပေါင်းစပ်ပျော်ဝင်နေကြပါတယ်။ ထရန့်အီတာရီဖီကေးရှင်း လုပ်လိုက်တဲ့အခါ ပဲပုပ်ဆီထဲမှာပါဝင်တဲ့ ဂလစ်ဆီရင်း (Glycerin) နဲ့ ဖက်တီးအက်ဆစ် (fatty acids) မော်လီကျူ တွေဟာ သီးခြားစီ ကွဲထွက်သွားပါတယ်။ အဲဒီ ဖက်တီးအက်ဆစ်မော်လီကျူ တွေဟာ အီသနောလ်၊ မက်သနောလ် မော်လီကျူ တွေနဲ့ ပေါင်းစပ်သွားပါတယ်။ အဲဒီလို ပေါင်းစပ်သွားပြီး ရလာတာကိုတော့ အီစတာ (ester) လို့ ခေါ်ပါ တယ်။ အီသနောလ်နဲ့ ပဲပုပ်ဆီ ပေါင်းထားရင် ဆွိုင်းအီသိုင်းလ် အီစတာ (soy ethyl ester) ရရှိပြီး၊ မက်သနောလ်နဲ့ ပဲပုပ်ဆီ ပေါင်းထားရင်တော့ ဆွိုင်းမီသိုင်းလ် အီစတာ (soy methyl ester) ရရှိလာပါတယ်။

ထရန့်အီတာရီဖီကေးရှင်း လုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့အခါ အီစတာတွေဟာ အပေါ်ကိုတက်လာပြီး၊ ဂလစ်ဆီရင်းကတော့ အောက်ခြေမှာ ကျန်နေခဲ့ပါတယ်။ အီစတာ တွေကို ဇီဝဒီဇယ် (biodiesel) အဖြစ် အသုံးပြုနိုင်သလို၊ ဂလစ်ဆီရင်း ကိုလည်း အခြားအသုံးတည့်မယ့်နေရာတွေ (ဥပမာ အလှကုန်ထုတ်လုပ်ရေး) မှာ ပြန်လည်အသုံးပြု နိုင်ပါတယ်။ 

ပဲပုပ်က ထုတ်လုပ်တဲ့ ဇီဝဒီဇယ်နဲ့ ရိုးရိုးဒီဇယ် ဘာကွာသလဲ?

ပဲပုပ်ဆီကထုတ်လုပ်တဲ့ ဇီဝဒီဇယ်တွေဟာ ရေနံထွက်ပစ္စည်းဖြစ်တဲ့ ရိုးရိုးဒီဇယ်တွေနဲ့ နှိုင်းယှဉ်ရင် စွမ်းအင်ရရှိနိုင်မှု အနည်းငယ်လျော့နည်းပါတယ်။ 

ရေနံထွက်ဒီဇယ်မှာ စွမ်းအင် 136,000 BTU/gallon ပါဝင်ပါတယ်။ BTU ဆိုတာကတော့ British Thermal Unit ကို အတိုကောက်ရေးသားထားတာ ဖြစ်ပြီး အပူ(စွမ်းအင်) ကို တိုင်းတာတဲ့ ယူနစ် တစ်ခုပါ။ ရေနံထွက်ဒီဇယ် တစ်ဂါလံ ကနေ စွမ်းအင် ၁၃၆,၀၀၀ BTU ထုတ်လုပ်နိုင်ပါတယ်။ 

ပဲပုပ်ဆီကို အခြေခံထုတ်လုပ်တဲ့ ဇီဝဒီဇယ်ကတော့ စွမ်းအင် 124,000 BTU/gallon ပဲ ပါဝင်ပါတယ်။ ဇီဝဒီဇယ် တစ်ဂါလံကနေ စွမ်းအင် ၁၂၄,၀၀၀ BTU ထုတ်လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ပဲပုပ်က ထုတ်လုပ်တဲ့ ဇီဝဒီဇယ်ကို ဘယ်လိုအသုံးပြုသလဲ?

ယေဘုယျအားဖြင့်တော့ ပဲပုပ်က ထုတ်လုပ်တဲ့ ဇီဝဒီဇယ်ကို ဘာမှမရောနှောဘဲ တိုက်ရိုက်အသုံးပြုနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုရင် ၁၈၉၀ ပြည့်လွန်ကာလတုန်းက ဂျာမန်လူမျိုး အင်ဂျင်နီယာပညာရှင် ရုဒေါ့ဖ်ဒီဇယ် (Rudolf Diesel) က အင်ဂျင်ကို စတင်တီထွင်ခဲ့စဉ်တုန်းကလည်း အဲဒီအင်ဂျင် ကို ဒီဇယ် နဲ့ လည်ပတ်ခဲ့တာ မဟုတ် ဘဲ ပဲဆီ နဲ့ လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ထရန့်အီစတာရီဖီကေးရှင်း (transesterification) တောင် ပြု လုပ်နိုင်ခဲ့သေးခြင်း မရှိပါဘူး။ အခုနောက်ပိုင်း အင်ဂျင်တွေမှာတော့ ထရန့်အီတာရီဖီကေးရှင်း ပြုလုပ်ထားတဲ့ ဇီဝဒီ ဇယ်တွေကိုသာ အသုံးပြုနိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဇီဝဒီဇယ်တွေကို ရေနံထွက် ဒီဇယ်တွေနဲ့ ရောစပ်ပြီးပဲ အဓိကထား အသုံးပြုကြတယ်လို့ သိရပါတယ်။ ဇီဝဒီဇယ်ရောစပ်ထားတဲ့ ဒီဇယ်တွေကို ရောင်းချရာမှာ ဇီဝဒီဇယ်ပါဝင်မှု အချိုးအစားပေါ်မူတည်ပြီး ကိန်းဂဏန်းတွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဇီဝဒီဇယ် ၂၀ ရာခိုင်နှုန်း ရောစပ်ထားရင် B20 လို့ သတ်မှတ်တာမျိုးပါ။ ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာကတော့ B2 ကနေ B20 အထိ အချိုးအစား အမျိုးမျိုးနဲ့ ရောစပ်ထားတဲ့ ဒီဇယ်တွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ဇီဝဒီဇယ်ကို အသုံးပြုမယ်ဆိုရင် မိမိအသုံးပြုတဲ့အင်ဂျင်ပေါ်မူတည်ပြီး လိုအပ်တဲ့ ပြုပြင်မှုလေးတွေကိုလုပ် ဖို့ လိုအပ်နိုင်တယ်လို့ သတိပေးထားပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ ဒီဇယ်အင်ဂျင်အများစုကတော့ ဇီဝဒီဇယ် ရောစပ်ထားတဲ့ ဒီဇယ်တွေကို တိုက်ရိုက်အသုံးပြုနိုင်ပေမယ့် အစောပိုင်းကာလတွေ (၁၉၉၀ ဝန်းကျင်) မှာ ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်တွေမှာတော့ ပြုပြင်မှုအချို့ဆောင်ရွက်ဖို့ လိုအပ်နိုင်တယ်လို့ သိရပါတယ်။  

ဇီဝဒီဇယ်ထုတ်လုပ်ဖို့ ပဲပုပ်ဆီ တစ်မျိုးတည်း အသုံးပြုနိုင်တာလား?

ဇီဝဒီဇယ်ကို ပဲပုပ်ဆီကနေပဲ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ အခြားသော သီးနှံတွေကလည်း ထုတ်လုပ်နိုင်ပါတယ်။ ဥပမာ ဆီမုန်ညှင်းအနွယ်တွေဖြစ်တဲ့ ကနိုလာ (Canola)၊ ရိပ်ဆိဒ် (rapeseed) တွေကနေ အဓိကထုတ်လုပ်ကြပါတယ်။ ဒါပေမယ့် အများစုကိုတော့ ပဲပုပ်ဆီကနေပဲ ထုတ်လုပ်ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ဇီဝဒီဇယ် အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ပဲပုပ်ဆီကပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ 

ဘေးထွက်ပစ္စည်းပဲပုပ်ဖတ် 

ချုပ်ပြောရရင် ရေရှည်တည်တံ့မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဇီဝဒီဇယ်တွေက အရေးကြီးလာတာနဲ့အမျှ ပဲပုပ်စိုက်ပျိုးရေးဟာ စားသောက်ကုန်စိုက်ပျိုးရေးသတ်သတ် မဟုတ်တော့ဘဲ ဇီဝလောင်စာဆီ ထုတ်လုပ်ရေး ဖြစ်လာနေပါတယ်။ ဇီဝလောင်စာတွေ တိုးတက်ထုတ်လုပ်လာတာနဲ့အမျှ ပဲပုပ်တွေပိုမိုစိုက်ပျိုးလာမှာဖြစ်ပြီး၊ ပဲပုပ်ဖတ်တွေကလည်း ဘေးထွက်ပစ္စည်းအဖြစ် ပိုမိုထွက်ရှိလာနိုင်ပါတယ်။ အဲဒီပဲပုပ်ဖတ်က မွေးမြူရေးကဏ္ဍအတွက် အလွန်အသုံးဝင်တဲ့ အစာကုန်ကြမ်းဖြစ်နေတာပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်