နို့စားနွားများတွင် အရေးကြီးသည့် အကူးအပြောင်းကာလဆိုတာ ဘာလဲ?

27/11/2019 13:30 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

- ကိုယ်ဝန်ဆောင်ပြီး နို့နားထားသည့်အခြေအနေမှ နွားကလေးမွေးပြီး နို့ပေးသည့်အခြေအနေသို့ ပြောင်းလဲသည့်ကာလ ဖြစ်သည်။ မမွေးခင် (၃)ပတ်အလိုနှင့် မွေးပြီး (၃)ပတ်အကြာ ကြားကာလကို အကူးအပြောင်းကာလဟု သတ်မှတ်သည်။

- ထိုကာလသည် နွားမမှ အာဟာရဗေဒဆိုင်ရာနှင့် ကိုယ်တွင်း ဟိုမုန်းထုတ်လုပ်မှုဆိုင်ရာ အပြောင်းအလဲမြန်မှုများကို ထိန်းညှိလုပ်ဆောင်နေရသော ကာလဖြစ်သည်။

- နွားကလေးမွေးသည့်ကာလ ပတ်လည်တွင် အစာစားနှုန်း (dry matter intake) လျော့ကျခြင်း၊ နို့ဦးရည်နှင့် နို့ထုတ်လုပ်ရန်အတွက် အာဟာရဓာတ်ပိုမိုလိုအပ်လာခြင်း စသည်တို့သည် ဤကာလအတွင်း အရေးအကြီးဆုံးသော ဇီဝကမ္မဆိုင်ရာပြောင်းလဲမှုများ ဖြစ်သည်။

*** အကူးအပြောင်းကာလသည် ဘာကြောင့်အရေးကြီးတာလဲ?

- ကိုယ်ဝန်ဆောင်နို့နားကာလမှ နို့ပေးကာလသို့ ကောင်းမွန်စွာကူးပြောင်းနိုင်သည့် နွားမများသည် ကောင်းမွန်သော ကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် မျိုးပွားခြင်းများ ရရှိမှာ ဖြစ်ပါတယ်။

- အကယ်၍ အဆင်ပြေစွာ မကူးပြောင်းနိုင်လျှင် နို့ထွက်နှုန်းကျခြင်း၊ ကိုယ်ခံအားစနစ်လျော့ကျခြင်း၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များ လျော့ကျခြင်း စသည်တို့ဖြစ်စေပြီး စီးပွားရေးအရ ဆုံးရှုံးမှုများစေပါသည်။

- ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်အတွင်းတွင် သန္ဓေသားနှင့် အချင်းတိုင်သည် စွမ်းအင်ဓာတ်အများဆုံး လိုအပ်နေသည့်အခြေအနေဖြစ်ပြီး နွားကလေးမွေးပြီးချိန်တွင်လည်း နို့ဖြစ်တည်စေရန်နှင့် နို့ထုတ်လုပ်မှုမြှင့်တင်ရန် စွမ်းအင်ဓာတ် (energy) များစွာ လိုအပ်နေချိန်ဖြစ်သည်။

- သို့သော် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ နို့ပေးချိန် စသည့်အကူးအပြောင်းကာလတွင် ဟိုမုန်းဓာတ်များ၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ဖိစီးမှုများကြောင့် အစာစားနှုန်းကျပြီး အစာမှ စွမ်းအင်ဓာတ် (energy) ရရှိနိုင်မှုလည်း လျှော့နည်းသွားသည်။

*** နွားမများတွင် စွမ်းအင်ဓာတ်ရရှိမှု (energy supply) သည် စွမ်းအင်ဓာတ်လိုအပ်ချက် (energy demand) ထက် နည်းနေသည့် အခြေအနေကို စွမ်းအင်ဓာတ်မလုံလောက်ခြင်း (Negative Energy Balance) ဟုခေါ်သည်။

- စွမ်းအင်ဓာတ်မလုံလောက်သည့်အခါ နွားမ၏ ခန္ဓာကိုယ်တွင်း ထိန်းသိမ်းထားသော ကိုယ်တွင်းအဆီဓာတ် (body fat) များကို ဖြိုခွဲ သုံးစွဲပြီး လိုအပ်တဲ့ စွမ်းအင်ဓာတ်ရရှိအောင် ပြုလုပ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အခြေအနေ ကျဆင်းလာပါသည်။ ထို့ပြင် အဆီဓာတ်များကို စွမ်းအင်အဖြစ် ပြောင်းလဲသုံးစွဲရာတွင် အသုံးပြုမှုထက် ထုတ်လုပ်မှုကများသောအခါ ဘေးထွက်ပစ္စည်းဖြစ်သည့် Beta-Hydroxy Butyric Acid (ketone body) များ သွေးအတွင်းများလာပြီး Ketosis (ကီတိုးဆစ်) ဖြစ်စေပါသည်။

- စွမ်းအင်ဓာတ်မလုံလောက်မှုကြောင့် အခြားသော ဆက်စပ်ရောဂါများလည်း ဖြစ်ပွားနိုင်ပါသည်။ ထို့ပြင် ဟိုမုန်းထွက်ရှိမှုမညီမျှခြင်းနှင့် ကိုယ်ခံအားစနစ်လျော့ကျခြင်းများ ဖြစ်တတ်ပါသည်။

- မမွေးခင် ၂ ပတ်နှင့် မွေးပြီး ၂ ပတ်အတွင်းသည် ကိုယ်ခံအားစနစ်ပိုမို အားနည်းနိုင်သည့်ကာလဖြစ်သည်။ ထိုအချိန်တွင် နို့အုံရောင်ရောဂါ (mastitis)၊ သားအိမ်ရောင်ရောဂါ (metritis) နှင့် အချင်းကျန်ခြင်း (retained placenta) စသည်တို့ ဖြစ်ပွားနိုင်ပါသည်။ အခြားသော ကူးစက်ရောဂါများ ဖြစ်နိုင်ရန် အခွင့်အလမ်းလည်းဖြစ်စေသည်။

- အာဟာရဓာတ်မလုံလောက်မှုနှင့်အတူ ဟိုမုန်းထွက်ရှိမှု မညီမျှမှုတို့ကြောင့် သားတောင်းနောက်ကျခြင်း၊ မျိုးဥကြွေမှုနောက်ကျခြင်း၊ သားအောင်နှုန်းနည်းခြင်း စသည်တို့ကြောင့် တစ်သားနှင့်တစ်သားကြား ကြားကာလကြာပြီး တစ်နှစ်တစ်သားမရနိုင်သည့် ပြဿနာလည်းဖြစ်လာပါသည်။

*** ကျန်းမာရေး ယိုယွင်းမှုဆိုင်ရာ ပြဿနာများ***

() စွမ်းအင်ဓာတ်ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Energy-Related Disorders)

- အစာအိမ်အတွင်း အက်စစ်ဓာတ်များခြင်း/ခြေလက်နာခြင်း (Rumen acidosis/ Lameness)
- ကီတိုးဆစ် (Ketosis)
- အသည်းအဆီဖုံးခြင်း (Fatty liver syndrome)
- Displaced abomasum

() သတ္တဓာတ်-ဗီတာမင်ဓာတ် ယိုယွင်းမှုဆိုင်ရာပြဿနာများ (Mineral-Vitamin Related Disorders)

- Milk fever
- Udder edema

() ကိုယ်ခံအားစနစ် ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Immune System Related Disorders)

- အချင်းကျန်ခြင်း (Retained placenta)
- သားအိမ်ရောင်ရမ်းခြင်း (Metritis)
- နို့အုံရောင်ရောဂါ (Mastitis)

*** အကူးအပြောင်းကာလအတွင်း ကောင်းမွန်သည့် အာဟာရနှင့် အစာကျွေးစနစ် စီမံမှုသည် နွားကလေးမွေးပြီးနောက် အစာစားနှုန်း (dry matter intake) တိုးလာစေရာတွင် အထောက်အကူဖြစ်ခြင်း၊ မွေးဖွားရာတွင် လွယ်ကူစေခြင်း၊ နွားကျန်းမာရေး၊ နို့ထုတ်လုပ်မှု နှင့် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များ ကောင်းမွန်စေပါသည်။