သေခါနီး အလှစိုက်ပန်းပင်တွေကို ကယ်တင်နိုင်မယ့် နည်းလမ်း ၅ သွယ်

19/03/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သဘာဝကို ချစ်မြတ်နိုးသူတိုင်းဟာ အပင်တွေစိုက်ပျိုး ပြုစုကြလေ့ရှိပါတယ်။ တချို့က အရွယ်အစားကြီးမားပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ အကျိုးပြုနိုင်တဲ့ သစ်ပင်တွေစိုက်ပျိုးကြသလို တချို့ကတော့ ဝါသနာအရ အလှစိုက်ပန်းပင်တွေကို တနိုင်တပိုင် စိုက်ပျိုးကြလေ့ရှိပါတယ်။ တချို့ကတော့ အပင်စိုက်ပျိုးဖို့ မြေနေရာမရှိတာတောင်မှ အိမ်အတွင်းမှာ ရနိုင်တဲ့နည်းလမ်းနဲ့ အလှစိုက်အပင်လေးတွေကို စိုက်ပျိုးကြပါတယ်။

ဒီလို တယုတယနဲ့ စိုက်ပျိုးပြုစုထားတဲ့ အပင်လေးတွေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးတာတွေနဲ့ သေဆုံးတာတွေဟာ အပင်စိုက်ပျိုးသူတွေအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အပင်တွေဟာ အဓိကအားဖြင့် ၎င်းတို့ရဲ့ မျိုးစိတ်အပေါ်မူတည်ပြီး ပတ်ဝန်းကျင်ရဲ့ အပူချိန်အတက်အကျပြောင်းလဲမှုကို ကောင်းစွာသိရှိခံစားနိုင်ကြပါတယ်။ အပူချိန်ဟာ ၎င်းတို့ရဲ့ ရှင်သန်ရပ်တည်နိုင်မှုအပေါ်မှာ သက်ရောက်မှုများစွာရှိနေတဲ့အတွက် အရေးပါတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။

စိုက်ပျိုးထားတဲ့ အပင်လေးတွေရဲ့ သေဆုံးခါနီးကာလဟာ လုံးဝကုသလို့ မရတဲ့အခြေအနေမဟုတ်ပါဘူး။ အပင်ရဲ့ ပျက်စီးယိုယွင်းလာတဲ့ လက္ခဏာတွေကို သတိပြုမိပြီး လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ကသာ အရေးကြီးတာဖြစ်ပါတယ်။ အများအားဖြင့် တွေ့ရတဲ့ လက္ခဏာတွေကတော့ အဝါရောင်၊ အညိုရောင် အရွက်များတွေ့ရခြင်း၊ ပင်စည်တဖြည်းဖြည်းခြောက်သွေ့လာခြင်း၊ မြေဆီလွှာမှာ မှိုနဲ့ ပိုးမွှားများတွေ့လာရခြင်း တို့ပဲဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ သေဆုံးခါနီးအပင်တွေကို ပြန်လည် ကယ်တင်နိုင်မယ့် နည်းလမ်း ၅ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ ခြောက်သွေ့ သေဆုံးနေတဲ့ အရွက်များနဲ့ အပင်အစိတ်အပိုင်းများကို ဖြတ်တောက်ဖယ်ရှားပါ 

အပင်တွေမှာ အညိုရောင်အရွက်တွေနဲ့ ခြောက်သွေ့သေဆုံးနေတဲ့ အပင်အစိတ်အပိုင်းများကို သတိပြုမိတာနဲ့ တပြိုင်နက် ဖြတ်တောက်ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ဖြတ်တောက်ဖယ်ရှားပေးခြင်းဟာ အပင်ကိုအားဖြည့်ရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိစေနိုင်သလို အသစ်ထပ်ထွက်လာမယ့် အပင်အစိတ်အပိုင်းတွေနဲ့ ပြန်လည်ရှင်သန်နိုင်မှုကိုလည်း အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ 

၂။ မြေလဲပါ၊ အိုးအသစ်လဲပါ 

အိုးနဲ့စိုက်ပျိုးတဲ့အပင်တွေမှာ အချိန်ကြာလာတာနဲ့အမျှ မြေသားဟာဆွေးမြည့်ပြီး အာဟာရဓာတ်‌တွေ ကုန်ခမ်းလာနိုင်တာကြောင့် အသစ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာမှာ အာဟာရဓာတ်တွေ ကုန်ခမ်းလာတဲ့အခါ အပင်ရဲ့ ကျန်းမာရှင်သန်နိုင်မှုလည်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အိုးနဲ့စိုက်ပျိုးတဲ့အပင်တွေဆိုရင် ယေဘူယျအားဖြင့် မြေကို ၁ - ၂ နှစ် ၁ ကြိမ် လဲပေးတာ အကောင်းဆုံးပါပဲ။ မြေလဲပေးတဲ့အချိန်မှာ မြေသြဇာ၊ သဘာဝမြေဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းတွေကိုပါ တစ်ပါတည်း ထည့်သွင်းပေးနိုင်မယ်ဆိုရင် ပိုပြီးအကျိုးရှိစေမှာ အမှန်ပါပဲ။ နောက်တစ်ချက်ကတော့ မြေမလဲဘဲ အချိန်ကြာမြင့်စွာထားမယ်ဆိုရင် ပိုးနဲ့ ရောဂါတွေ ခိုအောင်းလာနိုင်တာကြောင့် မြေလဲဖို့ကို ဂရုတစိုက်နဲ့ ပြုလုပ်ပေးသင့်ပါတယ်။ အပင်အရွယ်အစားပေါ်မူတည်ပြီး အိုးအသစ်လဲပေးတာနဲ့ မြေလဲပေးတာတွေဟာ အပင်တွေ ဆက်လက်ရှင်သန်ပြီး ကြီးထွားသန်မာစေဖို့အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးတာလည်း ဖြစ်ပါတယ်။ 

၃။ ရေဆင်းကောင်းအောင် ပြုလုပ်ပေးပါ 

အပင်မှာအရွက်တွေဝါနေပြီး မြေသားလည်းစိုစွတ်နေတယ်ဆိုရင် ၎င်းအခြေအနေဟာ ရေလောင်းများတဲ့လက္ခဏာ (သို့မဟုတ်) ရေဝပ်နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ မြေသားအမြဲတမ်းစိုစွတ်နေခြင်းဟာ မှိုရောဂါတွေကို ဖိတ်ခေါ်ရာလည်း ရောက်ပါတယ်။ မြေသားဟာ အစိုဓာတ်များပြီး ရေဝပ်နေမယ်ဆိုရင် အပင်ရဲ့ အမြစ်တွေလည်း ကောင်းစွာရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် အပင်တွေကို အိုးနဲ့စိုက်ပျိုးတဲ့အခါ ရေမဝပ်စေဖို့ အိုးရဲ့အောက်ခြေမှာ ချော်ရည်ကျောက် (lava rock) သို့မဟုတ် ကျောက်ခဲ ခင်းပေးထားတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ မြေကြပ်တာမျိုးမဖြစ်ရအောင် သဘာဝမြေဩဇာတွေကိုလည်း အချိုးကျထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 

၄။ မြေဆီလွှာ အစိုဓာတ် မခြောက်သွေ့အောင် ပြုလုပ်ပေးပါ 

မြေဆီလွှာမှာ အစိုဓာတ်များပြီး ရေဝပ်နေခြင်းဟာ အပင်ရှင်သန်နိုင်ဖို့ ခက်ခဲသလို အစိုဓာတ်မရှိဘဲ ခြောက်သွေ့နေတာကလည်း သတိပြုရမယ့် လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အရွက်တွေခြောက်သွေ့ပြီး ကြွေကျတာများနေမယ်ဆိုရင် ယေဘူယျအားဖြင့် အစိုဓာတ်လိုအပ်နေပြီး ရေလောင်းပေးဖို့ လိုအပ်နေတယ်ဆိုတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ အပင်အမျိုးအစားပေါ်မူတည်ပြီး ပန်းအိုး (သို့မဟုတ်) ပန်းခြင်းတွေကို ရေလောင်းပေးတာ၊ ရေစိမ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့ အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဆိုရင် အပေါ်ယံမြေသား ၂ လက်မခန့် ကောင်းစွာခြောက်သွေ့နေတယ်ဆိုရင် ရေလောင်းပေးဖို့ လိုအပ်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။ 

၅။ စိုထိုင်းဆ ကောင်းစွာရရှိအောင်ပြုလုပ်ပေးပါ 

များသောအားဖြင့် အလှစိုက်ပန်းပင်တွေဟာ စိုထိုင်းဆရှိနေတဲ့ နေရာမျိုးတွေမှာ ကောင်းစွာရှင်သန်နိုင်ကြပါတယ်။ အိမ်တွင်းအလှစိုက်ပန်းပင်တွေဆိုရင် ၎င်းတို့ရဲ့ မူရင်းဒေသတွေဟာ များသောအားဖြင့် ပူနွေးစိုစွတ်တဲ့ နေရာတွေ ဖြစ်ကြပါတယ်။ ထို်ကြောင့် ပတ်ဝန်းကျင် စိုထိုင်းဆမြင့်တဲ့ အခြေအနေတွေကို ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ စိုထိုင်းဆနိမ့်တဲ့နေရာတွေမှာဆိုရင် အရွက်တွေကြွပ်ဆတ်ပြီး မကြာခဏကြွေကျလေ့ရှိပါတယ်။

ထို့ကြောင့် အိမ်အတွင်းမှာ အလှစိုက်ပန်းပင်တွေ စိုက်ပျိုးမယ်ဆိုရင် နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေ၊ အပူပေးကိရိယာအနီးအနားနဲ့ လေအေးပေးစက်အနီးအနားမှာ စိုက်ပျိုးထားရှိတာမျိုးတွေ ရှောင်ရှားသင့်ပါတယ်။ အပင်စိုက်ထားတဲ့ နေရာအနီးမှာ စိုထိုင်းဆကောင်းကောင်းရှိနေဖို့ မြေကိုရေပုံမှန်လောင်းတာမျိုးအပြင် အပင်ကို ရေဖျန်းပေးတာမျိုးပါ ပြုလုပ်ပေးသင့်ပါတယ်။ တတ်နိုင်ရင်တော့ Humidifier လို့ခေါ်တဲ့ ရေငွေ့ထုတ်တဲ့ စက်မျိုးထားပေးနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရေငွေ့ထုတ်တဲ့စက်တွေဟာဆိုရင် အပင်ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့စိုထိုင်းဆကို ပေးနိုင်ရုံသာမက လူတွေအတွက်ပါ ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ဖန်းတီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်