ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation)

27/03/2024 10:45 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

Analog Forestry ကို ဆောင်ရွက်ရတဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ ကျန်းမာပြီး ရေရှည်တည်တံ့နိုင်တဲ့ ဂေဟစနစ်ကို ပြန်လည်ပြုစုပျိုးထောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မိမိပျိုးထောင်ထားတဲ့ Analog Forestry ရဲ့ ဂေဟစနစ်ကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်နေဖို့ လိုအပ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအပေါ်မှာမူတည်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ 

ဂေဟစနစ် (Ecosystem) 

ဂေဟစနစ်ဆိုတာ နေရာတစ်ခုမှာ ရှင်သန်နေထိုင်နေကြတဲ့ “သက်ရှိတွေ”၊ တည်ရှိနေတဲ့ “သက်မဲ့အရာတွေ” နဲ့ “သဘာဝဝန်းကျင်” တို့အကြား အပြန်အလှန် ဆက်နွယ်ဖြစ်တည်နေမှုကို ဆိုလိုတာပါ။ နောက်တစ်နည်းပြောရရင် “သက်ရှိတွေ၊ သက်မဲ့တွေ နဲ့ သဘာဝဝန်းကျင်အကြား အချင်းချင်း အပြန်အလှန်ဆက်နွယ် တည်ရှိနေတဲ့ နေရာတစ်ခုဟာ ဂေဟစနစ်တစ်ခု ဖြစ်တယ်” လို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် ဂေဟစနစ် တစ်ခုချင်းစီဟာ အင်မတန်ရှုပ်ထွေးနက်ရှိုင်းလှပါတယ်။ 

ဂေဟစနစ်ရဲ့အကြောင်းကို သိပ္ပံပညာနဲ့ စနစ်တကျလေ့လာတာကိုတော့ ဂေဟဗေဒ (Ecology) လို့ ခေါ်ဆိုကြပါတယ်။ 

ဂေဟစနစ်၏ ရေရှည်တည်တံ့နိုင်မှု (Sustainability of an ecosystem) 

ဂေဟစနစ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ အရည်အသွေးပြည့်ဝပြီး အချင်းချင်း အပြန်အလှန် ဟန်ချက်ညီမှီခိုနိုင်မှသာလျှင် အဲဒီဂေဟစနစ်ဟာ ကျန်းမာတဲ့ ဂေဟစနစ်တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါ တယ်။ တနည်းအားဖြင့် အဲဒီလိုကျန်းမာတဲ့ ဂေဟစနစ်တွေကသာလျှင် ရေရှည်တည်တံ့နိုင်တဲ့ ဂေဟစနစ်တွေ ဖြစ်ပါတယ်။ ဂေဟစနစ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ရပ်ရပ်ဟာ ဖောက်လွဲဖောက်ပြန် ဖြစ်နေမယ်ဆိုရင် အဲဒီဂေဟစနစ်ဟာ ဟန်ချက်ညီတဲ့ ဂေဟစနစ် မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့် အဲဒီဂေဟစနစ်ဟာ “ရေရှည်တည်တံ့နိုင်မှု (sustainability)” မရှိတော့ဘဲ ပျက်ယွင်းသွားမှာ ဖြစ်ပါတယ်။ 

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation) 

Analog Forestry တစ်ခုကိုတည်ထောင်တယ်ဆိုတာဟာ ကျန်းမာပြီး ရေရှည်တည်တံ့တဲ့ ဂေဟစနစ်ကို ပြန်လည်ပြုစုပျိုးထောင်တာ ဖြစ်သလို မိမိတို့ တည်ထောင်ထားတဲ့ Analog Forestry သည်ပင်လျှင် ဂေဟစနစ်တစ်ခု ဖြစ်ပါတယ်။ 

Analog Forestry ရဲ့ ရှုပ်ထွေးလှတဲ့ဂေဟစနစ်ဟာ ဘယ်လောက် “ရေရှည်တည်တံ့နိုင်သလဲ” ဆိုတာ ကို ရိုးရှင်းစွာဖော်ထုတ်လေ့လာကြည့်နိုင်မယ့် နည်းလမ်းလည်းကိုတော့ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation) လို့ ခေါ်ပါတယ်။ 

ဂေဟဗေဒ အကဲဖြတ်သုံးသပ်မှု ဆောင်ရွက်ရာမှာ တိုင်းတာရမယ့် အဓိက စံပေတံ (indicator) ၄ ခု ရှိ ပါတယ်။

အဲဒါတွေကတော့

  • (၁) မြေအနေအထား (Soil)
  • (၂) ဇီဝမျိုးကွဲစုံလင်မှု(Biodiversity)
  • (၃) အပင်များ၏ ပေါက်ရောက်ရှင်သန်ပုံ (Structure) နဲ့
  • (၄) ထုတ်လုပ်နိုင်စွမ်း(Productivity) တို့ပဲဖြစ်ပါတယ်။

အဲဒီ စံပေတံ ၄ ခုကို အသေးစိတ်စစ်ဆေးရမယ့် အချက်အလက် (၉) ခု အဖြစ်နဲ့ ပြန်လည်ခွဲခြမ်းစိတ်ဖြာ ထားပါတယ်။

ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုနှင့် Physiognomic ပုံသေနည်း ကွာခြားချက်

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုနဲ့  Physiognomic ပုံသေနည်း (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း) ဘယ်လိုကွာခြားသလဲဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ 

Physiognomic ပုံသေနည်းဆိုတာ အပင်တွေ‌ရဲ့ ပေါက်ရောက်ရှင်သန်ပုံ (structure) ပိုင်းကိုပဲ အဓိကထား လေ့လာတာဖြစ်ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ အပင်တွေရဲ့ အပေါ်ယံမျက်မြင်အခြေအနေကိုပဲ လေ့လာတာဖြစ်ကြောင်း တွေ့ရနိုင်ပါတယ်။ 

ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုကတော့ မြေပြင်ပေါ်က အပင်တွေရဲ့ structure အပြင် အဲဒီအပင်တွေ အောက်မှာရှိနေတဲ့ မြေဆီလွှာ၊ အပင်တွေကြားမှာ ရှင်သန်နေတဲ့ ဇီဝမျိုးကွဲတွေနဲ့ ဂေဟစနစ်ကြီးကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကိုပါ လေ့လာသုံးသပ်တာ ဖြစ်ကြောင်း တွေ့ရှိရနိုင်ပါတယ်။

ဒါကြောင့် Physiognomic ပုံသေနည်း တွက်ချက်မှုကို ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုရဲ့ အဓိကကျတဲ့ စံပေတံ ၄ ခုအနက်က ၁ ခုအဖြစ် ယူဆနိုင်ပါတယ်။ 

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုဆောင်ရွက်ရာတွင် စစ်ဆေးရမည့် အချက်များ

ဂေဟစနစ်တစ်ခုကို ဂေဟဗေဒဆိုင်ရာ လေ့လာသုံးသပ်မှု ဆောင်ရွက်တဲ့အခါ အဓိက စံပေတံ ၄ ခုရှိပြီး အသေးစိတ်အချက်အလက် ၉ ခုအဖြစ် ပြန်လည်ခွဲခြားထားတာမို့ အဲဒီအချက်အလက် ၉ ခု ထဲက တစ်ခုချင်းစီကို လေ့လာသုံးသပ်ပြီး သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အမှတ်ပေးရမှာ ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် အချက်အလက် တစ်ခုချင်းစီအတွက် အဆိုးဆုံးအခြေအနေကနေ အကောင်းဆုံး အခြေအနေအထိ အခြေအနေအမျိုးမျိုးကို သင်္ချာကိန်းဂဏန်း “၁” ကနေ “၆” အထိ အမှတ်ပေးရမှာပါ။

ရရှိလာတဲ့ ရမှတ်တွေကို ပြန်လည်သုံးသပ်တဲ့အခါ ကိန်းဂဏန်းနည်းနေသေးတဲ့ အသေးစိတ်အချက်တွေဟာ ပြုပြင်ဖို့ လိုအပ်နေသေးတဲ့ အချက်တွေဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ (အမှတ်ပေးစနစ်အကြောင်း အသေးစိတ်ကို သီးခြားဆောင်းပါးတစ်ပုဒ်နဲ့ ဆွေးနွေးပါဦးမယ်။)

ဂေဟစနစ်၏ ရေရှည်တည်တံ့နိုင်မှုအခြေအနေအား တွက်ချက်ယူခြင်း

ဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှုကို အညွှန်းကိန်း (Index) တန်ဖိုးတစ်ခုနဲ့ ဖော်ပြနိုင်မှသာ အဲဒီဂေဟစနစ်ဟာ ရေရှည်တည်တံ့နိုင်မှု မရှိဘူး/ရှိတယ်ဆိုတာကိုရော ရေရှည်တည်တံ့နိုင်မှုရှိတယ်ဆိုရင်လည်း ဘယ်လောက်ရှိတယ် ဆိုတာကိုပါ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု ရလဒ်တွေကို အသုံးပြုပြီး သက်ဆိုင်ရာဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှုတန်ဖိုး (Sustainability value) ကို တွက်ချက်ယူရမှာ ဖြစ်ပါတယ်။ 

ပထမအဆင့်အနေနဲ့ကတော့ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုပြုလုပ်ရာမှာ အသုံးပြုတဲ့ စံပေတံ ၄ ခု ရဲ့ ပျမ်းမျှအညွှန်းကိန်းတွေကို တွက်ချက်ယူရမှာပါ။

ဥပမာ စံပေတံ တစ်ခုဖြစ်တဲ့ မြေဆီလွှာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာရမယ့် အချက် ၃ ချက် ရှိနေတာမို့ အဲဒီ အသေးစိတ်အချက် တစ်ခုချင်း ရရှိလာတဲ့ ရမှတ်တွေအားလုံးကို ပေါင်းရပါမယ်။ အဲဒီနောက် ရလဒ်ကို အသေးစိတ်အချက် အရေအတွက် ဖြစ်တဲ့ “၃” နဲ့ စားရပါမယ်။ ရလာတဲ့ ကိန်းဂဏန်းဟာ သက်ဆိုင်ရာ ဂေဟစနစ်အတွင်းမှာရှိတဲ့ မြေဆီလွှာနဲ့ပတ်သက်တဲ့ ရေရှည်တည်တံ့နိုင်မှု ပျမ်းမျှအညွှန်းကိန်းပဲ ဖြစ်ပါတယ်။ 

ကျန်ရှိတဲ့ စံပေတံတွေဖြစ်တဲ့ ဇီဝမျိုးကွဲစုံလင်မှု၊ အပင်များ ပေါက်ရောက်ရှင်သန်ပုံ၊ ထုတ်လုပ်နိုင်စွမ်းစတာတွေကိုလည်း မြေဆီလွှာကို တွက်ချက်တဲ့နည်းအတိုင်းတွက်ချက်ပြီး ရေရှည်တည်တံ့နိုင်မှု ပျမ်းမျှ အညွှန်းကိန်းတွေ ဖော်ထုတ်ယူရပါမယ်။ 

နောက်တစ်ဆင့်ကတော့ စံပေတံ ၄ ခုကနေ ရရှိလာတဲ့ ပျမ်းမျှအညွှန်းကိန်းတွေ အားလုံးကို ပေါင်းပြီး “၄” နဲ့ စားပေးရမှာ ဖြစ်ပါတယ်။ ရလဒ် ဟာ မိမိတို့ လေ့လာတဲ့ ဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှု တန်ဖိုး (Sustainability Value) ဖြစ်ပါတယ်။ 

အရေးပါမှု

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေဟာ ဂေဟစနစ်တစ်ခုချင်းစီရဲ့ အခြေအနေတွေ လိုအပ်ချက်တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ ဆောင်ရွက်ပေးဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် မတူညီတဲ့ ဂေဟစနစ်တွေကို နှိုင်းယှဉ်လေ့လာရာမှာလည်း အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Analog Forestry ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် နည်းလမ်းတွေကိုလည်း ဆက်လက်ပြီး ကြိုးစားတင်ပြသွားပါဦးမယ်။ 

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်