ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း - ၁ (ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်)

30/03/2024 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

 

ဂေဟဗေဒဆိုင်ရာ လေ့လာသုံးသပ်မှု ဆောင်ရွက်တဲ့အခါ အဓိက စံပေတံ (Indicator) ၄ ခု နဲ့ တိုင်းတာစစ်ဆေးရမှာဖြစ်ပြီး အဲဒီ စံပေတံ ၄ ခုကိုလည်း အသေးစိတ်အချက်အလက် ၉ ခုအဖြစ် ပြန်လည်ခွဲခြားထားပါတယ်။ အသေးစိတ်အချက်အလက် ၉ ခုကို တစ်ခုချင်းစီ လေ့လာသုံးသပ်ပြီး သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အကဲဖြတ်အမှတ်ပေးနိုင်ဖို့  သက်ဆိုင်ရာ ဂေဟစနစ်ဆီ လက်တွေ့ကွင်းဆင်းလေ့လာဖို့ လိုအပ်ပါတယ်။ 

ဒေသခံများ၏ အကူအညီ

ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဂေဟစနစ်နဲ့ နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်တဲ့ ဒေသခံတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။ သူတို့ထံကနေ သက်ဆိုင်ရာဂေဟစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများအပြား စုဆောင်းရရှိနိုင်ပါတယ်။အထူးသဖြင့် ဇီဝမျိုးကွဲစုံလင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးအကဲဖြတ်တဲ့အခါ အဲဒီဒေသခံတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။

ကွင်းဆင်းလေ့လာမည့် ဂေဟစနစ်၏ အချက်အလက်များ

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုကို ဆောင်ရွက်မယ့် ဂေဟစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သေချာစွာ မှတ်တမ်းတင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ ကွင်းဆင်းလေ့လာတဲ့ နေရာဒေသနဲ့ ရက်စွဲတို့ဟာ မပါမဖြစ် အရေးကြီးပါတယ်။ ဒါမှသာ နေရာနှစ်ခုရဲ့ ဂေဟဗေဒဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုကို နှိုင်းယှဉ်လေ့လာနိုင်ဖို့နဲ့ နေရာဒေသတစ်ခုတည်းရဲ့ အပြောင်းအလဲတွေကို နှိုင်းယှဉ်လေ့လာနိုင်ဖို့ အထောက်အကူပြုနိုင်မှာပါ။ 

မြေအနေအထား (Soil) 

ပထမဆုံး စံပေတံဖြစ်တဲ့ မြေအနေအထား (Soil) ကို စစ်ဆေးနိုင်ဖို့ ၀.၂၅ ကုဗမီတာ (အလျား ၅၀ စင်တီ မီတာ x အနံ ၅၀ စင်တီမီတာ x အနက် ၅၀ စင်တီမီတာ) ရှိတဲ့ ကျင်းတစ်ခုကို မြေကြီးကနေ တူးထုတ်ယူရပါမယ်။ 

တူးထုတ်လိုက်တဲ့ မြေကျင်းရဲ့နံရံတွေကို စစ်ဆေးပြီး မြေဆီလွှာထူထဲမှု (soil profile)  ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။

  • မြေဆီလွှာ (Topsoil) လုံးဝ မရှိတဲ့အနေအထားမျိုး (Almost absent topsoil) ကို ရမှတ် “၁" ကနေ “၂” အထိ သတ်မှတ်နိုင်ပါတယ်။
  • တကယ်လို့ မြေဆီလွှာက ရှိပေမယ့် အင်မတန်ပါးလွှာတဲ့ အနေအထားမျိုး (Thin topsoil) ဖြစ်နေမယ်ဆိုရင်တော့ ရမှတ် “၃” ကနေ “၄” အထိ သတ်မှတ်ပေးနိုင်ပါတယ်။
  • မြေဆီလွှာက ထူထပ်နေမယ် (Deep topsoil) ဆိုရင်တော့ ရမှတ်ကို “၅” ကနေ “၆” အထိ သတ်မှတ်ပေးနိုင်ပါတယ်။ 

မြေဆီလွှာ(topsoil) ကသာလျှင် မြေကြီးပေါ်မှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်တွေအတွက် အာဟာရဓာတ် (nutrients) တွေကို အဓိကထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အဲဒီအလွှာရဲ့ အောက်မှာရှိတဲ့ အလွှာတွေဟာ အာဟာရထောက်ပံ့နိုင်မှု အလွန်ကို နည်းပါးပါတယ်။ ဒါကြောင့် မြေပြင်ပေါ်က အပင်တွေရှင်သန်ကြီးထွားဖို့၊ အဲဒီအပင်တွေကို မှီခိုတဲ့ သတ္တဝါတွေ ရှင်သန်နိုင်ဖို့၊ မြေဆီလွှာ ထူထဲမှုက အင်မတန်ကို အရေးကြီးပါတယ်။ 

မြေကျင်းထဲက တူးထုတ်လိုက်တဲ့ မြေကြီးတွေထဲကနေ လေ့လာစရာ ၂ ခု ရှိပါတယ်။ ပထမတစ်ခုကတော့ မြေရဲ့သိပ်သည်းမှု (Apparent density) ဖြစ်ပါတယ်။

  • မြေဟာ သိပ်ပြီး မာကျောကျစ်ခဲနေမယ် (Very compacted) ဆိုရင် ရမှတ်ကို "၁" ကနေ "၂" အထိ ပေးနိုင်ပါတယ်။
  • မြေကြီးဟာ မာကျောနေပေမယ့် သိပ်ပြီး ကျစ်ခဲနေတာမျိုး မရှိဘူး (Compacted) ဆိုရင်တော့ ရမှတ်ကို "၃" ကနေ "၄" အထိ ပေးနိုင်ပါတယ်။
  • မြေကြီးဟာ မာကျောကျစ်ခဲမနေဘဲ ခပ်မွမွရှိနေပြီး အပင်တွေ ပေါက်ရောက်လွယ်တဲ့အနေအထားမျိုး (Not compacted) ဆိုရင်တော့ ရမှတ်ကို "၅" ကနေ "၆" အထိ သတ်မှတ်ပေးနိုင်ပါတယ်။ 

မြေရဲ့သိပ်သည်းမှုဟာ အပင်တွေရှင်သန်ပေါက်ရောက်နိုင်မှုအတွက် အရေးကြီးသလို အပင်တွေ ရှင်သန်ပေါက်ရောက်နေမှလည်း မြေရဲ့သိပ်သည်းမှု လျော့ကျပြီး ခပ်မွမွ မြေအမျိုးအစား ဖြစ်လာမှာပါ။ မြေရဲ့ သိပ်သည်းမာကျောမှုနည်းမှ မိုးရေတွေကို မြေအောက်ဆီ စုပ်ယူစုဆောင်းနိုင်မှာပါ။ ဒါမှ မြေပြင်ပေါ်မှာ ရေတွေ အဆမတန် စီးဆင်းသွားပြီး မြေဆီလွှာတိုက်စားသွားတာမျိုး၊ ရေကြီးရေလျှံတာမျိုးတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေကြီးက မာကျစ်မနေဘဲ မွနေမှသာ မြေအောက်မှာရှိနေတဲ့ အပင်တွေရဲ့ အမြစ်တွေက လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ရေကို  အလွယ်တကူ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။  

မြေရဲ့ သိပ်သည်းမှု အနည်းအများဟာ မြေဆီလွှာ ဘယ်လောက်ထူထဲသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ မြေဆီလွှာထဲမှာ အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ ဆွေးမြည့်ပြီး ဖြစ်ပေါ်လာတဲ့ ဩဂဲနစ်ပစ္စည်း (Organic matter)တွေ ပေါပေါများများ ပါဝင်တာနဲ့အမျှ မြေရဲ့သိပ်သည်းမှုကို လျော့ကျလာမှာပါ။

မြေကျင်းထဲက တူးထုတ်ထားတဲ့ မြေတွေကို ဆက်ပြီးလေ့လာရမှာကတော့ မြေအောင်းသတ္တဝါ (Macroorganisms) တွေ ဘယ်လောက်များများစားစားတွေ့ရသလဲ ဆိုတာပါပဲ။

  • တကယ်လို့ မြေကြီးထဲမှာ သက်ရှိတွေ ရှင်သန်နေနိုင်တဲ့ လက္ခဏာမျိုးတွေ မတွေ့ရဘူး။ တီကောင်လိုမျိုး မြေဆီလွှာကို အကျိုးပြုတဲ့သတ္တဝါတွေကို မတွေ့ရဘူးဆိုရင် အဲဒီမြေကို ရမှတ် "၁" ကနေ "၂" အထိ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
  • တီကောင်အပါအဝင် မြေဆီလွှာကို အကျိုးပြုနိုင်တဲ့ ခြေဆစ်များသတ္တဝါ (arthropods) တွေ အနည်းငယ်တွေ့ရမယ်ဆိုရင်တော့ ရမှတ် ကို "၃" ကနေ "၄" အထိ ပေးနိုင်ပါတယ်။
  • တကယ်လို့ အကျိုးပြုသတ္တဝါတွေ ပေါပေါများများ တွေ့ရမယ်ဆိုရင်တော့ ရမှတ်ကို "၅" ကနေ "၆" အထိ ပေးလို့ရမှာ ဖြစ်ပါတယ်။ 

အကျိုးပြုမြေအောင်းသတ္တဝါတွေ ရှိနေခြင်းက မြေရဲ့သိပ်သည်းမှုကို လျော့ကျလာအောင် ပြုပြင်ပေးနိုင်သလို အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိနိုင်ဖို့ အကူအညီပေးပါတယ်။ ဥပမာ တီကျစ်စာ (Vermicast/Worm cast) တွေဟာ တီကောင်တွေက စွန့်ထုတ်တဲ့ အညစ်အကြေးတွေဖြစ်ပြီး၊ အပင်တွေအတွက် အင်မတန် ကောင်းမွန်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းပါတယ်။ တီကျစ်စာထဲမှာ ပါဝင်တဲ့ ဟူးမစ်အက်ဆစ် (humic acid) ဟာ မြေကြီးထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေကို အပင်က စုပ်ယူရာမှာ ပိုမိုထိရောက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အပင်တွေမှာ ကျရောက်ဖြစ်ပွားနိုင်တဲ့ ရောဂါအချို့ကိုလည်း ကာကွယ်တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။

မြေထဲမှာ အကျိုးပြုမြေအောင်းသတ္တဝါ (beneficial macroorganism) တွေရှိနေခြင်းက ဘာကိုညွှန်ပြသလဲဆိုရင် အဲဒီမြေကြီးသည် ရှင်သန်နေပြီး မျက်စိနဲ့အလွယ်တကူမြင်ရတဲ့ မြေအောင်းသတ္တဝါ (macroorganism) တွေသာမက မျက်စိနဲ့အလွယ်တကူမမြင်ရနိုင်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှား (beneficial microorganism) တွေပါ ရှင်သန်ပေါက်ပွားပြီး ဂေဟစနစ်ဟာ သဟဇာတဖြစ်ဖြစ် တည်ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ အဲဒီမြေအောင်းသတ္တဝါတွေ အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာလည်း ဂေဟစနစ်ကြီးထဲမှာပါဝင်တဲ့ ဇီဝမျိုးကွဲတွေ (biodiversity) တွေထဲမှာ ပါဝင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ 

မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာ မြေဆီလွှာကို ပြုပြင်ထိန်းသိမ်းဖို့ အပင်တွေက အသုံးမချနိုင်တဲ့ အာဟာရဓာတ်တွေကို အသုံးချနိုင်တဲ့ပုံစံဖြစ်အောင် ပြောင်းလဲပေးဖို့ မြေပေါ်ကျရောက်လာတဲ့ ဩဂဲနစ်ပစ္စည်းတွေကို ဆွေးမြည့်စေပြီး ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ဖို့ အသုံးဝင်ပါတယ်။ 

ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ် 

မြေအနေအထားဟာ ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ မြေရဲ့ ကျန်းမာရေး မကောင်းဘူး၊ မြေဆီလွှာဟာ ရေရှည်တည်တံ့နိုင်စွမ်း မရှိဘူးဆိုရင် အပင်တွေ ပေါက်ရောက်ရှင်သန်နိုင်စွမ်းရှိမှာ မဟုတ်သလို ဇီဝမျိုးကွဲစုံလင်မှုလည်း မရှိနိုင်ပါဘူး။ ဒါဆိုရင် လူသားတွေအတွက် စီးပွားဖြစ်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်စွမ်း ရှိမှာမဟုတ်သလို ဂေဟစနစ်ရဲ့ အခြားသော အကျိုးကျေးဇူးတွေကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။  

ဒါကြောင့် ဂေဟဗေဒ အကဲဖြတ်သုံးသပ်မှုတွေ လုပ်ဆောင်ရာမှာ မြေရဲ့ အနေအထားကို ထိပ်ဆုံးက လေ့လာရမယ့် စံပေတံ (indicator) အဖြစ် သတ်မှတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စံပေတံများအကြောင်းကိုလည်း ဆက်လက်လေ့လာကြရပါဦးမယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်