ဂီတသံစဉ်တွေက အပင်တွေရဲ့ ကြီးထွားမှုအပေါ် သက်ရောက်မှုရှိနေသလား??

09/09/2020 11:30 AM တွင် အိစက်ဝေ အိစက်ဝေ မှ ရေးသား

     ဒီအကြောင်းကိုမပြောခင် အားလုံး သိထားပြီးသားဖြစ်တဲ့ အချက်ကလေးတွေကို ပြန်ပြောကြည့်ကြရအောင်။ 

 အပင်တစ်ပင်ရဲ့ ရှင်သန်ကြီးထွားမှုအပေါ်  ပတ်ဝန်းကျင်ကနေ လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ?

      ရေ၊ မြေ၊ လေ၊ နေရောင်ခြည်၊ အာဟာရ ရရှိမှု၊ အပူချိန်၊ ရာသီဥတု တွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် ပတ်ဝန်းကျင်မှာ ထွက်ပေါ်နေတဲ့ အသံတွေကလည်း အပင်တစ်ပင်ရဲ့ ရှင်သန်ကြီးထွားမှုအပေါ် လွှမ်းမိုးမှု ရှိနေပါတယ်တဲ့။ 

      ဒီလိုဆိုရင် အပင်တွေဟာ အသံတွေကို ကြားနိုင်စွမ်းရှိနေတာလား? အပင်တွေဟာ  ဂီတသံစဉ်တွေကို တစ်ကယ်ပဲ ကြိုက်နှစ်သက်ပါသလား? လေ့လာမှုတွေအရ ဂီတသံစဉ်တွေဟာ အပင်တွေပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေကြောင်း တွေ့ရှိရပါတယ်။ 

     ၁၉၆၂ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ရုက္ခဗေဒပညာရှင်တစ်ဦးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေများစွာကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ရှိခဲ့တာက ဂီတသံစဉ်တွေနဲ့ ထိတွေ့ထားတဲ့ အပင်တွေဟာ သာမန်အပင်တွေထက် အပင်အမြင့် ရှည်ထွက်မှုနှုန်းက ၂၀% ပိုမြန်နေပြီး အပင်ထုထည်ကြီးထွားမှုနှုန်းဟာလည်း ၇၂% ပိုမိုမြင့်မားနေတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီစမ်းသပ်မှုကို စိုက်ပျိုးရေးသီးနှံတွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဆေးရွက်ကြီး တို့မှာလည်း စမ်းသပ်ခဲ့ပြီး တူညီတဲ့ ရလဒ် ထွက်ရှိနေခဲ့တာကို တွေ့ရပါတယ်။ 

     ဂီတသံစဉ်တွေဟာ မျိုးစေ့တွေအပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ  သီချင်းတွေနဲ့ ထိတွေ့စေပြီးမှ မျိုးညှောင့်ဖောက်ထားတဲ့ အပင်မျိုးစေ့တွေဟာ သာမန်မျိုးစေ့တွေထက် ရှင်သန်နိုင်စွမ်း ပိုမြင့်ပြီး အပင်ကြီးထွားတဲ့အခါ အရွယ်အစားလည်း ပိုကြီးသလို အရွက်၊အပွင့်လည်း ဝေဝေဆာဆာ ဖြစ်လာကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ အပင်ရဲ့ မျိုးရိုးဗီဇဆိုင်ရာ ခရိုမိုဇုန်းတွေပါ လက်တွေ့ပြောင်းလဲလာတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အပင်တွေက ဘယ်လို ဂီတအမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ?

     ဒီအချက်အတွက် ကိုလိုရာဒိုက Greenhouse ပိုင်ရှင်တစ်ယောက်ဟာ အပင်အမျိုးအစားပေါင်းများစွာ၊ ဂီတအမျိုးအစားပေါင်းများစွာနဲ့ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ စမ်းသပ်မှုမှာတော့ အပင်တွေဟာ Classical Music လို့ခေါ်တဲ့ ဂန္တဝင်သီချင်းကြီးတွေနဲ့ ထိတွေ့တဲ့အခါ ပိုမိုရှင်သန်နိုင်စွမ်းရှိနေပြီး၊ Rock သီချင်းအမျိုးအစားတွေနဲ့ ထိတွေ့တဲ့အခါ (၂) ပတ်အတွင်း ညှိုးပြီး သေဆုံးသွားကြတာကို တွေ့ရှိခဲ့ရပါတယ်။ 

     လေ့လာမှုတွေအရ Jazz ဂီတနဲ့ ဂန္တဝင်တေးဂီတ (Classical Music) တွေဟာ အပင်တွေ တုံ့ပြန်မှုအကောင်းဆုံး ဂီတအမျိုးအစားတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ရုက္ခဗေဒပညာရှင်တစ်ယောက်ရဲ့ စမ်းသပ်ချက်တစ်ခုမှာ အပင်တွေဟာ တယော တူရိယာကနေ ထွက်တဲ့ ဂီတသံစဉ်ကို အကောင်းဆုံးပြန်လည် တုန့်ပြန်တယ်ဆိုတဲ့ အချက်ကိုလည်း တွေ့ရှိခဲ့ပြန်ပါတယ်။ 

ဂီတသံစဉ်တွေက အပင်တွေအပေါ် ဘယ်လိုပုံစံနဲ့ သက်ရောက်မှု ရှိနေစေတာလဲ?

     ဒီတစ်ခုကလည်း စိတ်ဝင်စားစရာအချက်ပါပဲ။ အပင်တွေကပဲ အသံတွေကို ကြားနိုင်နေတာလား? အပင်တွေမှာ နားရွက်တွေများ ရှိနေသလား?

     တစ်ကယ်တော့ အသံဆိုတာထက် အသံလှိုင်းကနေ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကြောင့်ပါပဲ။ အပင်တွေဟာ အသံတွေကို မကြားနိုင်ပါဘူး။ အသံလှိုင်းတုန်ခါမှုတွေကိုသာ ခံစားနိုင်စွမ်းရှိပါတယ်။ အသံလှိုင်းကနေ ထုတ်လွှင့်လိုက်တဲ့ တုန်ခါမှုတွေဟာ အပင်ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်လိုက်ပါတယ်။ အဲ့ဒီ အပင်ဆဲလ်တွေကနေ အပင်ကို အာဟာရဓာတ်တွေပိုမိုထုတ်လုပ်ပေးဖို့ လှုံ့ဆော်ပေးကြပါတယ်။ ဒီလိုနဲ့ အသံလှိုင်းတုန်ခါမှုတွေကနေ အပင်ကို  သူကိုယ်တိုင် ကြီးထွားရှင်သန်လာစေတာပဲ ဖြစ်ပါတယ်။ 

     အပင်တွေဟာ ကြိမ်နှုန်း 115Hz နဲ့ 250Hz ကြားမှာရှိတဲ့ အသံတွေနဲ့ ထိတွေ့ရင် ပိုမိုရှင်သန်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကြိမ်နှုန်းကြားမှာရှိတဲ့ သီချင်းတွေကို အပင်တွေအနားမှာ ဖွင့်ပေးထားတဲ့အခါ ကြီးထွားမှုအားပိုကောင်းကြတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ 

     မတူညီတဲ့ ဂီတအမျိုးအစားတွေအလိုက် အသံလှိုင်းကြိမ်နှုန်းတွေ၊ ဖိအားနဲ့ တုန်ခါမှုတွေဟာလည်း အမျိုးမျိုး ကွဲပြားကြပါတယ်။ ရော့ခ်သီချင်းလိုမျိုး ကျယ်လောင်တဲ့ ဂီတအမျိုးအစားတွေက ဖိအားပိုများပါတယ်။ ဒါကြောင့်မို့လို့လည်း ကြိမ်နှုန်းမြင့်တဲ့ ရော့ခ်သီချင်းတွေနဲ့ ထိတွေ့တဲ့အခါ တုန်ခါမှုနဲ့ ဖိအားတွေ အရမ်းများသွားတာကြောင့် အပင်က ခံနိုင်ရည်မရှိတော့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေပြင်းတိုက်ခတ်တဲ့အခါနဲ့ လေပြေကလေးတိုက်ခတ်တဲ့အခါ သက်ရောက်ပုံခြင်း ကွာခြားသလိုပေါ့။ 

     နောက်တစ်ချက်အနေနဲ့ အပင်တွေဟာ သီချင်းသံတွေကို တစ်ရက်မှာ (၃) နာရီထက်ပိုပြီး ထိတွေ့ရတာမျိုးလည်း သဘောမတွေ့ပြန်ပါဘူး။ 

     တချို့သောအသံတွေက အပင်မှာရှိတဲ့ လေရှူပေါက်တွေပွင့်တဲ့အချိန်ကို ပိုကြာစေတယ်လို့လည်း သိရပါတယ်။ လေရှူပေါက်တွေ ကြာကြာပွင့်တဲ့အတွက်ကြောင့် အပင်က လေကိုပိုရရှိပြီး လျင်လျင်မြန်မြန် ကြီးထွားစေတာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေတချို့ကတော့ အသံလှိုင်းတုန်ခါမှုတွေဟာ အပင်ဆဲလ်တွေတင်မကဘဲ  မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေကို ပိုမိုထုတ်လုပ်ပေးဖို့အတွက်ပါ မြေဆီလွှာကို လှုံ့ဆော်ပေးတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့် အိမ်မှာ တနိုင်တပိုင်စိုက်တဲ့ အပင်လေးတွေအတွက် သီချင်းအေးအေးလေး ဖွင့်ပေးထားတာကလည်း အရှုံးမရှိတဲ့ စမ်းသပ်မှုတစ်ခုပဲလို့ မြင်မိပါတယ်။

     အနှစ်ချုပ်အနေနဲ့ ယခုခေါင်းစဉ်ကို ပြန်လည်သုံးသပ်ရရင် ဂီတသံစဉ်တွေဟာ အပင်တွေရဲ့ ကြီးထွားမှုအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတဲ့ အချက်ဟာ အခုချိန်အထိ ပညာရှင်တွေကြားမှာ အငြင်းပွားစရာတစ်ခု ဖြစ်နေဆဲပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ လေ့လာမှုတွေဟာ သိပ္ပံနည်းကျ မှန်ကန်တိကျမှု အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီကိစ္စဟာ ဇီဝဗေဒ သဘောတရားထက် ရူပဗေဒ သဘောတရားပိုဆန်နေတယ်လို့လည်း ဆိုကြပါတယ်။ မည်သို့ပင်ဖြစ်စေ အချို့သော ပညာရှင်တွေကတော့ ဂီတသံစဉ်တွေဟာ အပင်ကြီးထွားမှုအပေါ်အကျိုးသက်ရောက်မှု ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။ လူကြီးမင်းတို့ရော ဘယ်လိုမြင်ပါသလဲ? အသံလှိုင်း တုန်ခါမှုကြောင့် ဆိုတာထက် ဂီတမှာလည်း မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုခုများ ရှိမနေနိုင်ဘူးလား? 

     ဂီတပညာရှင်တွေကတော့ တေးဂီတဟာ ကြီးမားတဲ့ စွမ်းအင်တစ်ခုပဲလို့ ဆိုကြပါတယ်။ 

စိုက်ပျိုးသူတစ်ယောက်အနေနဲ့တော့ အပင်ကလေးတွေမှာလည်း အသိဉာဏ်နဲ့ အာရုံခံစားမှုတွေရှိနေတယ်လို့ ယုံကြည်ထားပါတယ်။

အိစက်ဝေ

ကိုးကား

https://www.gardeningknowhow.com/garden-how-to/info/how-music-affects-plant-growth.htm

https://dengarden.com/gardening/the-effect-of-music-on-plant-growth

https://www.bhg.com.au/indoor-plants-listen-to-music

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်