စိုက်ပျိုးရေးသည် မြန်မာနိုင်ငံစီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍဖြစ်ပါသည်။ တစ်နိုင်ငံလုံးစုစုပေါင်းထုတ်ကုန်၏ ၃၇.၈% ကို စိုက်ပျိုးရေးကဏ္ဍကရရှိပြီး ပြည်ပပို့ကုန်မှရရှိငွေမှာ ၂၅% မှ ၃၅% ဖြစ်ပြီး လုပ်သားအင်အား ၇၀% အတွက်လည်း အလုပ်အကိုင်ဖန်တီးပေးနိုင်ပါသည်။
စိုက်ပျိုးရေးသည် ရာသီဥတုအပေါ်များစွာ မှီခိုရပါသည်။ အပူချိန်နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းသည် အချို့ဒေသများရှိ အချို့သီးနှံများ၏ အထွက်နှုန်းကို တိုးတက်စေသော်လည်း ဤအကျိုးတရားများကို သိရှိနားလည်သဘောပေါက်ရန် အာဟာရအဆင့်၊ မြေကြီးအစိုဓါတ်၊ ရေရရှိနိုင်မှု၊ အခြားအခြေအနေများနှင့်လည်း ကိုက်ညီမှုရှိရပါမည်။ ခြောက်သွေ့ခြင်းနှင့် ရေလွှမ်းခြင်းတို့ မကြာခဏဖြစ်ပေါ်ခြင်းနှင့် ပြင်းထန်စွာဖြစ်ပေါ်ခြင်းတို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသမားများအတွက် စိန်ခေါ်မှုများဖြစ်ကာ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။ ဤသို့ဖြစ်နေစဉ်မှာ ရေအပူချိန်ပိုမိုပူလာခြင်းသည် များစွာသော ငါးမျိုးစိတ်များနှင့် အခွံမာသတ္တဝါများကို နေရာရွှေ့ပြောင်းကြစေပြီး ဂေဟစနစ်ကို ပျက်စီးစေပါသည်။ ခြုံငုံပြောရမည်ဆိုပါက ရာသီဥတုပြောင်းလဲခြင်းသည် သီးနှံများကို စိုက်ပျိုးရန်၊ တိရစ္ဆာန်များကို မွေးမြူရန်နှင့် ငါးများကိုဖမ်းရန် ဟိုးအရင်လုပ်ခဲ့ကြသလို တူညီသောနည်းလမ်းများ၊ တူညီသောနေရာများတွင် ပြုလုပ်ရန် ပိုမိုခက်ခဲလာပါသည်။ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကိုလည်း စိုက်ပျိုးရေးအလေ့အထများနှင့် နည်းပညာအပြောင်းအလဲများကဲ့သို့သော စိုက်ပျိုးထုတ်လုပ်ရေးကို ထိခိုက်စေသော အခြားဖြစ်ပေါ်လာသည့် အကြောင်းတရားများနှင့်အတူ ထည့်သွင်းစဉ်းစားရန် လိုပါသည်။
သီးနှံများအပေါ်အကျိုးသက်ရောက်မှုများ
မြန်မာနိုင်ငံတွင်စိုက်ပျိုးသော သီးနှံများသည် မြန်မာ့စီးပွားရေးအတွက် အရေးပါသည်။ အပူချိန်၊ လေထုထဲရှိ ကာဘွန်ဒိုင်အောက်ဆိုဒ်နှင့် ရာသီဥတုအစွန်းရောက်မှုများ (မိုးခေါင်ခြင်း၊ ရေကြီးခြင်း) သည် သီးနှံအထွက်နှုန်းအပေါ် သိသာစွာထိခိုက်စေပါသည်။
သီးနှံတစ်မျိုးအတွက် တိုးလာသည့်အပူချိန်၏ အကျိုးသက်ရောက်မှုသည် သီးနှံကြီးထွားမှုနှင့် မျိုးပွားခြင်းတို့အတွက် ကောင်းမွန်သည့်အပူချိန်အပေါ်တွင် မူတည်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သီးနှံလိုအပ်သည့် ကောင်းမွန်သင့်တော်သည့် အပူချိန်ထက် ကျော်လွန်သွားပါက အထွက်နှုန်းကျဆင်းပါလိမ့်မည်။
ကာဘွန်ဒိုင်အောက်ဆိုဒ်အဆင့် ပိုမိုမြင့်မားခြင်းသည် သီးနှံအထွက်ကို ထိခိုက်စေနိုင်ပါသည်။ အချို့ဓါတ်ခွဲခန်းအဖြေများအရ ထိုးသွင်းထည့်လိုက်သော ကာဘွန်ဒိုင်အောက်ဆိုဒ်အဆင့်သည် အပင်၏ကြီးထွားမှုကို တိုးလာစေနိုင်သည်။ သို့ရာတွင် အပူချိန်၊ အိုဇုန်း၊ ရေနှင့် အာဟာရပြောင်းလဲခြင်းတို့ကဲ့သို့သော အခြားအကြောင်းတရားများသည်လည်း ဖြစ်နိုင်ဖွယ်အထွက်တိုးလာခြင်းအပေါ် အပြန်အလှန်အကျိုးသက်ရောက်စေနိုင်ပါသည်။ ဥပမာအနေဖြင့် အပူချိန်သည် သီးနှံ၏ အကောင်းဆုံးအဆင့်ထက်ကျော်လွန်ပြီး ရေနှင့် အာဟာရဓါတ် လိုသလောက်မရပါက အထွက်လျော့လာနိုင်ပါသည်။ ထိုးသွင်းထည့်လိုက်သော ကာဘွန်ဒိုင်အောက်ဆိုဒ်သည် ပဲပုပ်ပင်ရှိ ပရိုတိန်းဓါတ်နှင့် နိုက်ထရိုဂျင်ပါဝင်မှုကို လျော့နည်းစေပြီး အရည်အသွေးကျဆင်းစေပါသည်။ သီးနှံနှင့် တိရစ္ဆာန်အစာ အရည်အသွေးကျဆင်းခြင်းသည် စားကျက်မြေစွမ်းဆောင်ရည်ကို ကျဆင်းစေသည်။
အပူချိန်အစွန်းရောက်မှုမြင့်မားခြင်းသည် သီးနှံစိုက်ပျိုးရာတွင် အဟန့်အတားဖြစ်စေသည်။ အစွန်းရောက်အဖြစ်အပျက်များ အထူးသဖြင့် ရေလွှမ်းခြင်းနှင့် ခြောက်သွေ့ခြင်းသည် သီးနှံများကို ထိခိုက်စေပြီးအထွက်လျော့နည်းစေပါသည်။
ခြောက်သွေ့ခြင်းသည် နွေရာသီ အပူချိန်မြင့်မားနေသောဧရိယာများတွင် မြေကြီးများကို ပိုမိုခြောက်သွေ့စေပြီး စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါသည်။ သွင်းရေပိုမိုသွင်းပေးခြင်းသည် အချို့နေရာများတွင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချို့ ရေရှားပါးသောနေရာများတွင် မဖြစ်နိုင်ပါ။
မြောက်မြားစွာသော ပေါင်းပင်များ၊ ဖျက်ပိုးများနှင့် မှိုရောဂါများသည် ပိုမိုပူသောအပူချိန်၊ ရာသီဥတုနှင့် တိုးလာသော ကာဘွန်ဒိုင်အောက်ဆိုဒ်ရှိသောအခါ ပိုမိုတိုးပွားလာပါသည်။ ပေါင်းပင်များနှင့် ဖျက်ပိုးများ၏ နယ်ပယ်နှင့် ပျံ့နှံ့ခြင်းသည် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ တိုးလာရန်အလားအလာရှိပါသည်။ ဤသို့ ဖြစ်ပျက်ခြင်းသည် တောင်သူလယ်သမားများအတွက် ပြဿနာအသစ်တစ်ခုကို ဖြစ်ပေါ်စေပါသည်။
တိုးလာသော ကာဘွန်ဒိုင်အောက်ဆိုဒ်သည် အပင်ကြီးထွားမှုကို လှုံ့ဆော်နိုင်သော်လည်း များစွာသော စားနပ်ရိက္ခာသီးနှံများ၏ အာဟာရတန်ဖိုးကိုလည်း လျော့နည်းစေပါသည်။ လေထုထဲရှိ ကာဘွန်ဒိုင်အောက်ဆိုဒ်အဆင့် တိုးလာခြင်းသည် ဂျုံ၊ ပဲပုပ်နှင့် စပါးအပါအဝင် များစွာသောအပင်မျိုးစိတ်များရှိ ပရိုတိန်းနှင့် မရှိမဖြစ်အရေးကြီးသော သတ္ထုဓါတ်ပြင်းအားကို လျော့နည်းစေပါသည်။ သီးနှံများ၏ အာဟာရတန်ဖိုးအပေါ် ဤကာဘွန်ဒိုင်အောက်ဆိုဒ်အဆင့် တိုးလာခြင်း၏ တိုက်ရိုက်အကျိုးသက်ရောက်မှုသည် လူ့ကျန်းမားရေးကို ခြိမ်းခြောက်လာဖွယ်ရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တိုးလာသော ဖျက်ပိုးခြိမ်းခြောက်မှုများနှင့် ပိုးသတ်ဆေးအာနိသင်ထိရောက်မှု လျော့ကျလာခြင်းကြောင့် ပိုးသတ်ဆေးသုံးစွဲမှု တိုးလာခြင်းသည်လည်း လူ့ကျန်းမာရေးကို ခြိမ်းခြောက်နေပါသည်။
တိရစ္ဆာန်မွေးမြူရေးအပေါ် အကျိုးသက်ရောက်မှုများ
ရာသီဥတုပြောင်းလဲခြင်းသည် တိရစ္ဆာန်တို့အပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေနိုင်ပါသည်။ အပူချိန်ပြောင်းလဲခြင်းဖြင့် ယှဉ်တွဲဖြစ်ပေါ်လာသော အပူလှိုင်းများသည် တိရစ္ဆာန်မွေးမြူရေးကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ပါသည်။ အပူချိန်များခြင်းသည် တိရစ္ဆာန်များကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ပါသည်။ အပူချိန်များခြင်းသည် ရောဂါအဖြစ်မြန်စေပြီး သန္ဓေ အောင်မှုကို လျော့နည်းစေကာ နွားနို့ထုတ်လုပ်မှုကို လျော့ကျစေနိုင်ပါသည်။
ခြောက်သွေ့ခြင်းသည် စားကျက်မြေနှင့် တိရစ္ဆာန်အစာထောက်ပံ့ရေးကို ခြိမ်းခြောက် နိုင်ပါသည်။ ခြောက်သွေ့ခြင်းသည် အရည်အသွေးကောင်း တိရစ္ဆာန်စာပမာဏကို လျော့နည်းစေပါသည်။ အချို့ဧရိယာများတွင် ပိုမိုပူပြင်းသော နွေရာသီအပူချိန်များကြောင့် ခြောက်သွေ့မှု ပိုမိုကြာရှည်ပြီး ပြင်းထန်နိုင်ပါသည်။ ခြောက်သွေ့ခြင်းသည် သီးနှံအပေါ်မှီခိုရသော တိရစ္ဆာန်များအတွက် သီးနှံထုတ်လုပ်ရေးပုံစံ ပြောင်းလဲခြင်းသည်လည်း ပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါသည်။
ရာသီဥတုပြောင်းလဲခြင်းသည် တိရစ္ဆာန်မွေးမြူရေးကို ထိခိုက်စေသည့် ကပ်ပါးပိုးများနှင့် ရောဂါများ ပေါများမှုကိုလည်း တိုးစေနိုင်ပါသည်။ မိုးရေချိန်တိုးလာသော ဧရိယာများတွင် အစိုဓါတ်နှင့်ဆက်စပ်သော ရောဂါများ တိုးပွားလာစေနိုင်သည်။
ကပ်ပါးပိုးသတ်ဆေးနှင့် အခြားတိရစ္ဆာန်ကျန်းမာရေး ဆေးစီရင်မှု အသုံးပြုမှုတိုးလာခြင်းအပါအဝင် ဖြစ်နိုင်ဖွယ် တိရစ္ဆာန်ကုသရေးဆိုင်ရာ အလေ့အထများ ပြောင်းလဲခြင်းသည် ဖျက်ပိုးများ၊ ကပ်ပါးပိုးများနှင့် အဏုဇီဝပိုးမွှားများအား ရာသီဥတုနှင့် လိုက်လျောညီထွေနေနိုင်ရန် အလားအလာကို ဖြစ်စေပါသည်။ ဤအရာသည် စားနပ်ရိက္ခာကွင်းဆက်အတွင်း ပိုးသတ်ဆေး အန္တရာယ်တိုးလာစေနိုင်သည် သို့မဟုတ် တိရစ္ဆာန်နှင့် ရေထွက်ပစ္စည်း ဘေးကင်းလုံခြုံမှု၊ ဖြန့်ဝေမှုနှင့် စားသုံးမှုတို့အတွက် အကျိုးဆက် ရှုပ်ထွေးစေခြင်းနှင့်အတူ ပိုးသတ်ဆေးခံနိုင်ရည်ရှိမှုကို တိုးလာစေပါသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းသည် စားကျက်မြေထုတ်လုပ်မှုစွမ်းအားကို တိုးလာစေနိုင်သော်လည်း အရည်အသွေးကို ကျဆင်းစေနိုင်ပါသည်။ လေထုကာဘွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းသည် တိရစ္ဆာန်များစားသုံးသော သီးနှံထုတ်လုပ်စွမ်းအားကို တိုးစေနိုင်ပါသည်။ သို့ရာတွင် အချို့စားကျက်မြေများတွင်တွေ့ရသော တိရစ္ဆာန်စာအချို့၏ အရည်အသွေးသည် ကာဘွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းနှင့်အတူ လျော့နည်းပါသည်။ အကျိုးရလဒ်အနေဖြင့် ကျွဲနွားများသည် တူညီသည့် အာဟာရအကျိုးကျေးဇူးရရှိရန် ပိုမိုစားသုံးရန် လိုအပ်မည်ဖြစ်ပါသည်။
ရေလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုများ
များစွာသောရေလုပ်ငန်းသည် ငါးအလွန်အကျွံဖမ်းခြင်းနှင့် ရေညစ်ညမ်းခြင်းအပါအဝင် များစွာသော ဖိအားများကို ရင်ဆိုင်ရပြီးဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲခြင်းသည် ဤဖိအားများကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။ အထူးသဖြင့် အပူချိန်ပြောင်းလဲခြင်းသည် သိသာသော ထိခိုက်မှုများကို ဖြစ်စေပါသည်။ များစွာသော ငါးနှင့် အခွံမာရေသတ္တဝါများ၏ နယ်ပယ်သည်လည်း ပြောင်းလဲလာနိုင်ပါသည်။
များစွာသော ရေနေသတ္တဝါများသည် စမ်းချောင်းများနှင့် ရေကန်များ၏ ပိုမိုအေးသောဧရိယာများကို ရှာဖွေကြပြီး သို့မဟုတ် ကမ်းရိုးတမ်းတစ်လျှောက်နှင့် သမုဒ္ဒရာထဲရှိ မြောက်ဖက်အရပ်သို့ ရွေ့လျားပါသည်။ သို့ရာတွင် ဧရိယာအသစ်များသို့ ရွေ့လျားခြင်းသည် ဤမျိုးစိတ်များအား အခြားမျိုးစိတ်များ၊ အစားအစာနှင့် အခြားရင်းမြစ်များအတွက် ယှဉ်ပြိုင်မှုကိုဖြစ်စေသည်။
အချို့ ပင်လယ်ထဲရှိရောဂါများသည် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်ပါသည်။ ရေအပူချိန် ပိုမိုမြင့်မားခြင်းနှင့် ပင်လယ်ရေ အငန်ဓါတ်များလာခြင်းသည် ကရုကမာ ကပ်ပါးပိုးကို အတ္တလန်တိတ်သမုဒ္ဒယာတစ်လျှောက် မြောက်ဖက်အရပ်သို့ ပိုမိုပျံ့နှံစေနိုင်ပါသည်။
အပူချိန်ပြောင်းလဲခြင်းနှင့် ရာသီပြောင်းလဲခြင်းသည် မျိုးပွားခြင်းကို ထိခိုက်စေနိုင်ပါသည်။ ရေနေသတ္တဝါများ၏ ဘဝစက်ဝန်းအတွင်းရှိ များစွာသောအဆင့်များကို အပူချိန်နှင့် ရာသီပြောင်းလဲခြင်းများက ထိန်းချုပ်ထားကြပါသည်။ ဥပမာအားဖြင့် ကမ္ဘာ့အနောက်မြောက်ဖက်အပူချိန် ပိုမိုပူလာခြင်းသည် ဆော်လမွန်ငါးများ၏ ဘဝစက်ဝန်းကို ထိခိုက်စေပြီး ရောဂါကျရောက်မှုအလားအလာကို ဖြစ်စေသည်။
ရာသီဥတုပူနွေးလာခြင်းအပြင် လေထုထဲရှိ ကာဘွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းကြောင့် ကမ္ဘာ့သမုဒ္ဒရာများ တစ်ဖြည်းဖြည်း အက်စစ်ဓါတ်ပိုမိုများလာပါသည်။ အက်စစ်ဓါတ်များလာခြင်းသည် ပင်လယ်ရေမှ ကယ်လ်စီယမ်ကို ဖယ်ရှားပေးသော အခွံမာသတ္တဝါများ၏အခွံကို အားနည်းစေပြီး ထိခိုက်စေပါသည်။ အက်စစ်အချဉ်ပေါက်ခြင်းသည် အချို့ငါးနှင့် အခွံမာသတ္တဝါများ မှီခိုရသော ဂေဟစနစ်တည်ဆောက်ပုံကိုလည်း ခြိမ်းခြောက်လျက်ရှိပါသည်။
နိုင်ငံတကာအပေါ် အကျိုးသက်ရောက်မှုများ
ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသတွင်းဆိုင်ရာနှင့် ဒေသဆိုင်ရာရှိ စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်ပါသည်။ ရာသီဥတုပြောင်းလဲခြင်းသည် စားနပ်ရိက္ခာရရှိစေမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး စားနပ်ရိက္ခာအရည်အသွေးကိုလည်း လျော့နည်းစေပါသည်။ ဥပမာအားဖြင့် အပူချိန်ပြောင်းလဲခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲခြင်း၊ ရာသီဥတုအစွန်းရောက်ခြင်းများနှင့် ရေရှားပါးမှု အားလုံးတို့သည် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်နိုင်စွမ်းအားကို လျော့နည်းစေနိင်ပါသည်။ အစွန်းရောက်ရာသီဥတု မကြာခဏဖြစ်ခြင်းနှင့် ပြင်းထန်ခြင်းသည် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးကို အဟန့်အတားဖြစ်စေကာ အကျိုးဆက်အားဖြင့် စားနပ်ရိက္ခာစျေးများ ကြီးမြင့်လာနိုင်ပါသည်။ အပူချိန်တိုးလာခြင်းသည် စားနပ်ရိက္ခာအား ပျက်စီးမှုနှင့် ညစ်ညမ်းမှုတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။
နိုင်ငံတကာတွင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ဤရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုများရှိပါသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်မှုနှင့်အတူ လူဦးရေတိုးပွားလာခြင်းကဲ့သို့သော အခြားဖိအားများသည်လည်း စားနပ်ရိက္ခာဖူလုံရေးအပေါ် တိုးပွားလာစေပါသည်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သီးနှံစိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူရေးကို ပြောင်းလဲရန် သို့မဟုတ် ရေသွင်းမှုစနစ်မြှင့်တင်ရန်သည် အခြား ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများထက် ပိုပြီး အကန့်အသတ်ရှိပါသည်။
နိုင်ငံတကာမှာဖြစ်စေ၊ မိမိနိုင်ငံမှာဖြစ်စေ စားနပ်ရိက္ခာဖြန့်ဖြူရေးနှင့် သယ်ယူပို့ဆောင်ရေးကို အဟန့်အတားဖြစ်စေသော ရာသီဥတုနှင့် ဆက်စပ်သည့် အဟန့်အတားများသည် စားနပ်ရိက္ခာဘေးကင်းရေးနှင့် အရည်အသွေးကိုသာမက စားနပ်ရိက္ခာအလွယ်တကူရရှိနိုင်မှုကိုပါ သိသာစွာ ထိခိုက်စေနိုင်ပါသည်။
ချုပ်၍ဆိုရပါမူ စိုက်ပျိုးမွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် မိမိတို့၏ စိုက်ပျိုးထုတ်လုပ်မှုအလေ့အထ၊ မွေးမြူရေးအလေ့အထများကို ရာသီဥတုနှင့်လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ကြရန်၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်များ၊ တိရစ္ဆာန်များကို မျိုးစပ်ထုတ်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိရန် ကြိုတင်ပြင်ဆင်ခြင်း စသည်တို့ကို နိုးကြားခြင်းအသိစိတ်ဖြင့် ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။