စိုက်ပျိုးရေးတွင် ဆားခါး၏ အသုံးဝင်ပုံ

08/12/2017 22:29 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား

ဆားခါး၏ ဓာတုဗေဒ အမည်မှာ မဂ္ဂနီဆီယမ် ဆာလ်ဖိတ် Magnesium Sulphate MgSo4 7H2O ဖြစ်သည်။ ဆားခါးကို ဝမ်းနှုတ်ဆေး တစ်မျိုးအဖြစ် အသုံးပြုကြသော်လည်း မြေသြဇာအဖြစ် အသုံးပြုရန် သတိမထားမိကြပေ။ ဆားခါးတွင် အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင်နှစ်မျိုးဖြစ်သည့် မဂ္ဂနီဆီယမ် Magnesium နှင့် ဆာလ်ဖာ Sulpha ခေါ် ကန့်ဓာတ် ပါဝင်နေသည်။ မဂ္ဂနီဆီယမ် မှာ ကမ္ဘာမြေသားထု၏ ၂ရာခိုင်နှုန်း ပါဝင်နေပြီး၊ ပင်လယ်ရေတွင် တစ်သန်းပုံ ၁၃၀၀ ပုံ (1300 part per milliom) ပါ ဝင်နေသည်။ မဂ္ဂနီဆီယမ်မှာ အလျူမီနီယမ်သတ္တု၏ သုံးပုံတစ်ပုံ သာလေးသဖြင့်၊ အလေးချိန် လျော့နည်းလိုသော လေယဉ်ပျံနှင့် မော်တော်ကား အစိတ်အပိုင်းအချို့တွင် မဂ္ဂနီဆီယမ် လိုအပ်ကြောင်းကို သုတေသနပြု လေ့လာပြီး၊ သိထားပြီးဖြစ်သည်။

အပင်များ အလင်းမှီအစာဖွဲ့ခြင်း Photosynthesis ဖြစ်စဉ်မှာ နေရောင်ခြည်မှ အလင်းစွမ်းအင်ကို အပင်အတွင်း ဇီဝစွမ်းအင်၊ ဓာတုစွမ်းအင် အဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ ထိုဖြစ်စဉ် ဖြစ်မြောက်ရန် အဓိကလိုအပ်သော အစိမ်းရောင်ချယ် ကလိုရိုဖီးလ်၏ အဓိကဓာတ်စင်မှာ မဂ္ဂနီဆီယမ် ဖြစ်သည်။ မဂ္ဂနီဆီယမ်သည် ကလိုရိုဖီးဖြစ်ပေါ်ရန် အဓိကလိုအပ်သော ဖြစ်စဉ် ဖြစ်သည်။ မဂ္ဂနီဆီယမ် ကြောင့်သာ အစိမ်းရောင်ချယ် ကလိုရိုဖီးလ် ဖြစ်ပေါ်နိုင်သဖြင့် အပင်များ စိမ်းစေရန် မဂ္ဂနီ ဆီယမ် မြေသြဇာကို အသုံးပြုရန် လိုအပ်ပေ သည်။ အပင်များမှာ ကလိုရိုဖီးကြောင့် စိမ်းပြီးနေပါမှ ကျန်းမာကြမည် ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးသူများ အနေနှင့် အပင်များ ကျန်းမာနိုင်ရန် စိမ်းစိုနိုင်ရန် မဂ္ဂနီဆီယမ် မြေသြဇာ ကျွေးကြသည်။ လူများ အိုင်းယွန်းခေါ် သံဓာတ်ကြောင့် သွေးဖြစ်ရသကဲ့သို့၊ ပုဇွန်များ သွေးပြာကြခြင်းမှာလည်း ကော့ပါးခေါ် ကြေးဓာတ်ကြောင့် ဖြစ်သည်။

ဆာလ်ဖါ ခေါ် ကန့်မှာ အပင်များအတွက် အဓိက အများလိုဓာတ်စင် (၃) မျိုးဖြစ်သော နိုက်ထရိုဂျင် (N)၊ ဖေါ့ဖရပ်(စ်) ခေါ် မီးစုန်းဓာတ် (P) နှင့် ပိုတက်စီယမ် ခေါ် ပြာဓာတ် (K) တို့မှလွဲလျင် အရေးအပါဆုံး ဓာတ်စင် ဖြစ်သည်။ အဓိကအားဖြင့် အပင်များအတွက် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်ဆစ်များအနက် (၃) မျိုးမှာ ဆာလ်ဖာ ပါဝင်နေသည်။ ဆာလ်ဖာ ပါဝင်နေသော အမိုင်နိုအက်ဆစ် (၃) မျိုးမှာ မီသယိုးနင်း၊ စစ်စတင်းနှင့် စစ်စကိုင်း တို့ ဖြစ်သည်။ အပင်တိုင်း အနေနှင့် ဆာလ်ဖာကို မရှိမဖြစ် လိုအပ်သော်လည်း အထူးသဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီကဲ့သို့ အပင်များ၊ ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုးတို့တွင် ပိုမို လိုအပ်သည်။ ဆာလ်ဖာ လိုအပ်မှုများသော (အမိုးနီးယမ်း ဆာလ်ဖိတ်ကို အသုံးများသည်။ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်ခေါ် ဆားခါး ကိုကား မဂ္ဂနီဆီယမ် မြေသြဇာ အဖြစ်သာ အဓိကထား အသုံးပြုကြသည်။ ထို မြေသြဇာမှာ ရေတွင် ကောင်းစွာ ပျော်ဝင်သောကြောင့် မြေသြဇာအဖြစ် သာမက အရွက်ဖျန်း မြေသြဇာအဖြစ်ပါ ကောင်းစွာ အသုံးပြုနိုင်ကြသည်။

ဆားခါး၏ အခြား ထူးခြားသော ဂုဏ်သတ္တိ များမှာ အစေ့များ အညှောင့်ပေါက်ခြင်းကို ကောင်းမွန်စေခြင်း ဖြစ်သည်။ ထို့ကြောင့် သီးနှံပင်များ၏ အစေ့များ အညှောင့်ပေါက်သောအခါ ပိုတက်စီယမ်နိုက်ထရိတ် အရည်ထဲ ခေတ္တစိမ်ပြီးမှ အညှောင့်ပေါက်သကဲ့သို့ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်(ဆားခါး) ကိုလည်း အလားတူ အသုံးပြုနိုင်သည်။ အစေ့များ အညှောင့်ပေါက်ခြင်း ကိုသာမက ပင်ပေါက်ငယ်များ ဆက်လက်ကြီးထွားခြင်းကို အားပေးသည်။

မဂ္ဂနီဆီယမ် ဆာလ်ဖိတ်သည် အပင်များ စိမ်းရန် အသုံးပြုရုံမက၊ ယင်းကို အသုံးပြုခြင်းဖြင့် အဓိက အများလို ဓာတ်စင်များဖြစ်သော N.P.K ဓာတ်စင်များကို စုပ်ယူရာတွင် ပိုအထောက်အကူ ဖြစ်စေသည်။ ထိုဓာတ်စင် ၃ မျိုးတို့၏ ဓာတ်မြေသြဇာများ၏ အာနိသင်ကို ပို၍ ကောင်းမွန်စေသည်။

နှစ်ကာလကြာရှည်စွာ သီးနှံများ စိုက်ပျိုးရာတွင် မြေဆီလွှာအတွင်း မဂ္ဂနီဆီယမ် ချို့တဲ့မှု ဖြစ်ပေါ်မြဲ ဖြစ်ပေါ်သည်။ အပင်များက စုပ်ယူစားသုံးသော ပမာဏကို ရေမပျော်သော ပမာဏမှ ရေပျော် အသုံးပြုနိုင်သော ပမာဏအထိ မဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးသူများအနေနှင့် ဆားခါးကဲ့သို့ မဂ္ဂနီဆီယမ် မြေသြဇာများကို အသုံးပြုရန် လိုအပ်သည်။ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်မှာ မြေဆီလွှာအတွင်း ကြာရှည်စွာရှိမနေဘဲ စိမ့်ယို ပျောက်ကွယ်နိုင်သဖြင့် ယင်းကို လိုအပ်သည်ထက် ပိုအသုံးမပြုသင့်ပေ။ အကယ်၍ လိုအပ်သည်ထက် ပိုအသုံးပြုပါက သီးနှံပင်များ မစားသုံးမှီ မြေဆီလွှာမှ ပျောက်ကွယ်မည် ဖြစ်သည်။ ယေဘူယျအားဖြင့် စိုက်ခင်း တစ်ဧကအတွက် တစ်နှစ်တာကာလအတွင်း ပေါင်ချိန် အနည်းငယ်သာ အသုံးပြုကြသည်။

ငရုတ် စိုက်ပျိုးရာတွင် အခြားသမရိုးကျ မြေသြဇာများထက် ဤ ဆားခါးကို အသုံးပြုသောအခါ ငရုတ်ပင်၏ အထွက်နှုန်းနှင့် အရည်အသွေးပါ ပိုကောင်း လာသည်။ အိမ်အလှစိုက် အပင်များကိုကား ဆားခါး စားပွဲတင်ဇွန်း ၂ဇွန်း(၁၈-ဂရမ်) (၁၈-ပဲသား) ကို ရေတစ်ဂါလံ တွင် ဖျော်ပြီး တစ်လတစ်ကြိမ် တိုက်ကျွေးရန် လိုသည်။ ခရမ်းချဉ်ပင်များကို မြေတစ်စတုရန်းပေတွင် စားပွဲတင်ဇွန်း တစ်ဇွန်းကို ၂ပတ်တစ်ကြိမ် ကျွေးလို့ရသည်။

ပိုတက်စီယမ် မြေသြဇာများကို ကာလ အတော်အသင့် အသုံးပြုခဲ့သော စိုက်ခင်းတွင် မဂ္ဂနီဆီယမ် ချို့တဲ့လာမြဲ ဖြစ်သည်။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် မဂ္ဂနီဆီယမ် ဆာလ်ဖိတ် (ဆားခါး) ကို အလေးထား အသုံးပြုခြင်းဖြင့် မဂ္ဂနီဆီယမ် ချို့တဲ့မှုကို ကာကွယ်နိုင်ပြီး သီးနှံ အထွက်နှင့် အရည်အသွေးကို များစွာ ကောင်းမွန်စေမည် ဖြစ်သည်။

နှင်းဆီပင်များ အဖို့ကား စိုက်ပျိုးမြေ တစ်ပေပတ်လည်တွင် ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းကို နှစ်ပတ်တစ်ကြိမ် ကျွေးသင့်သည်။ မြေချမစိုက်ရသေးသော ပျိုးအိတ်များကိုကား ရေတစ်ဂါလံတွင် ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်း ဖြင့် ကျွေးပါ။ တောင် ဇလပ် ၊ အရွက်စိမ်းပင် များကိုကား စိုက်ပျိုးမြေ ၉ စတုရန်းပေတွင် ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းနှုန်းဖြင့် နှစ်ပတ်မှ လေးပတ် တစ်ကြိမ် ကျွေးရန်လိုသည်။ မြက်ခင်းများကိုကား ၁၂၅၀ စတုရန်းပေတွင် ဆားခါး ၃ပေါင်နှုန်း ကျွေးရန်လိုအပ်သည်။

သစ်ပင်များ အတွက်ကား စိုက်မြေ တစ်စတုရန်းပေတွင် ဆားခါး စားပွဲတင်ဇွန်း ၂ ဇွန်း ကျွေးရန်လိုသည်။ တစ်နှစ်တွင် ထိုသို့ ၃ကြိမ် ကျွေးရန် လိုသည်။ သစ်ပင်များ မစိုက်မီ မြေ ၂၀၀ စတုရန်းပေအတွက် ဆားခါး စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေဖျော်ပြီး ပက်ဖျန်းထားသင့်သည်။

ဦးဖရက်သိန်းဖေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်