မြေဖုံးပစ္စည်းအဖြစ် အလွယ်တကူ အစားထိုးအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်း ၆ မျိုး

15/05/2024 13:56 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မြေဖုံးပစ္စည်းအဖြစ် အလွယ်တကူ အစားထိုးအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်း ၆ မျိုး 

မြေဖုံးတဲ့အလေ့အထဟာ ဥယျာဥ်ခြံ သီးနှံစိုက်ပျိုးရာမှာရော မြေယာအလှဆင်တဲ့ လုပ်ငန်းတွေအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သီးနှံစိုက်ခင်းတွေမှာ မြေဖုံးပေးခြင်းဖြင့် ပေါင်းပင်ထိန်းချုပ်နိုင်ခြင်း၊ အစိုဓာတ်ထိန်းထားနိုင်ခြင်းနဲ့ မြေဆီလွှာကို ယိုယွင်းမှုမရှိစေဘဲ အကောင်းပကတိအတိုင်း ထိန်းသိမ်းပေးနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ 

သစ်ခေါက်နဲ့ သစ်သားအပိုင်းအစများ ကဲ့သို့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ သဘာဝပစ္စည်းတွေကိုတော့ မြေဖုံးရာမှာ အများဆုံးအသုံးပြုကြလေ့ရှိပါတယ်။ ထို့အပြင် အချို့သော သဘာဝပစ္စည်းတွေဟာလည်း စိုက်ခင်းမြေဆီလွှာရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနိုင်ပြီး ရေရှည်တည်တံ့စေကာ ကုန်ကျစရိတ်သက်သာ နည်းပါးအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

ယခုဆောင်းပါးမှာတော့ သီးနှံပင်တွေအတွက် မြေဖုံးရာမှာ အကျိုးရှိရှိ အစားထိုးအသုံးပြုနိုင်မဲ့ သဘာဝပစ္စည်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ ထင်းရှူးရွက် (Pine Needles)

သေးငယ်လှတဲ့ ဆေးထိုးအပ်ပုံစံ ထင်းရှူးရွက်တွေဟာ လူကြိုက်များတဲ့ အစားထိုး သဘာဝမြေဖုံးပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းတို့ဟာ အခြားသော သဘာဝပစ္စည်းတွေထက်ကို ပိုမိုကြာရှည်ခံရုံသာမက နှေးကွေးစွာနဲ့တဖြည်းဖြည်း ဆွေးမြေ့တာကြောင့် မြေဆီလွှာကိုလည်း အာဟာရဓာတ် ကြွယ်ဝစေနိုင်တာ ဖြစ်ပါတယ်။

ထို့အပြင် ၎င်းတို့ဟာ မြေဆီလွှာကို နွေရာသီမှာ အေးမြစေပြီး ဆောင်းရာသီမှာ ပူနွေးစေဖို့ အပူချိန်ထိန်းညှိပေးနိုင်တာလည်း ဖြစ်ပါတယ်။ သေးငယ်တဲ့ ထင်းရှူးရွက်တွေနဲ့ မြေဖုံးထားတဲ့ မြေဆီလွှာဟာ လေနဲ့ ရေကို ကောင်းစွာ ဖြတ်သန်းစေနိုင်ပြီး အပင်တွေ ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးနိုင်သလို မြေကြပ်ပြီးအပင်ထိခိုက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

ထင်းရှူးရွက်တွေနဲ့ စနစ်တကျမြေဖုံးဖို့အတွက်ဆိုရင် အနည်းဆုံး အထူ ၃ လက်မကနေ ၄ လက်မခန့်ရှိတဲ့ အလွှာတစ်ခုကို ဖြန့်ခင်းပြီး အပင်ရဲ့ဘေးပတ်လည် ပင်စည်တစ်ဝိုက်မှာတော့ ၃ လက်မခန့် ချန်ထားရမှာ ဖြစ်ပါတယ်။ ထင်းရှူးရွက်တွေဟာ စိုက်ပျိုးရာသီ တခုစလုံး တာရှည်ခံပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့ရဲ့ ထိရောက်မှုကတော့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အကျိုးကျေးဇူးတွေကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် စိုက်ခင်းမှာအသုံးပြုထားတဲ့ ထင်းရှူးရွက်တွေ စတင်ပြိုကွဲဆွေးမြေ့လာပါက သို့မဟုတ် လိုချင်သောရလဒ်များ မရရှိနိုင်ပါက အရွက်အသစ်များဖြင့် အစားထိုးအသုံးပြုနိုင်ပါတယ်။ 

၂။ ခုတ်ထစ်ထားတဲ့ မြက်ပင်အပိုင်းအစများ (Grass Clippings)

ခုတ်ထစ် ဖြတ်တောက်ထားတဲ့ ပေါင်းမြက်တွေကို မြေဖုံးရာမှာအသုံးပြုခြင်းဟာ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပြီး ပေါင်းမြက် နှိမ်နင်းရန်၊ အစိုဓာတ် ထိန်းသိမ်းရန်နဲ့ မြေဆီလွှာအရည်အသွေး တိုးတက်ကောင်းမွန်ရန် မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အခြားသော မြေဖုံးပစ္စည်းတွေနဲ့ မတူဘဲ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး ကုန်ကျစရိတ်လည်း နည်းပါးတာ ဖြစ်ပါတယ်။ မြက်ပင်အပိုင်းအစတွေကို မြေဖုံးရာမှာအသုံးပြုတဲ့အခါ အပင်တစ်ဝိုက်မှာ အနည်းဆုံး ၆ လက်မခန့်အထူ ဖြန့်ပေးရမှာဖြစ်ပြီး ပင်စည်တစ်ဝိုက်မှာတော့ နေရာလွတ် အနည်းငယ်ချန်ထားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ အပင်နဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါ ပုပ်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ 

မြေဖုံးထားတဲ့ မြက်ပင်အပိုင်းစတွေ ပြိုကွဲလာတာနဲ့ အမျှ ၎င်းတို့ဆီကနေ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖရပ်ကဲ့သို့သော အာဟာရဓာတ်တွေကို တဖြည်းဖြည်းချင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် အစိုဓာတ်ကို ထိန်းညှိပေးကာ အပင်များကျန်းမာသန်စွမ်းအောင်လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မြက်ပင်အပိုင်းစတွေဟာ ရက်သတ္တပတ်များစွာကြာအောင် တာရှည်ခံပေမဲ့ ၎င်းတို့ရဲ့သက်တမ်းဟာ ဖြန့်ခင်းတဲ့အလွှာရဲ့ အထူပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းတို့ ကောင်းစွာပြိုကွဲပြီးတဲ့နောက်မှာတော့ ထပ်မံအစားထိုးဖို့ ပြုလုပ်သင့်ပါတယ်။

၃။ ကောက်ရိုး (Straw) 

ကောက်ရိုးကို မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုခြင်းဖြင့် ဥယျာဉ်စိုက်ခင်းအနီးတစ်ဝိုက်နဲ့ နေရာလွတ်တွေမှာ ပေါင်းမြက်များ ပေါက်ရောက်ခြင်းကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ကောက်ရိုးရဲ့ ပျော့ပျောင်းပြီး စိမ့်ဝင်စိမ့်ထွက်နိုင်တဲ့ သဘာဝကြောင့် ၎င်းတို့ကိုဖြတ်ပြီး ရေများအလွယ်တကူ စိမ့်ဝင်စီးဆင်းစေနိုင်ကာ ဥယျာဉ်စိုက်ခင်းမျက်နှာပြင်တစ်ခုလုံးရဲ့ အစိုဓာတ်ကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ကောက်ရိုးဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက ရေငွေ့ပျံခြင်းကို လျှော့ချပေးပြီး ပူပြင်းသောအချိန်နဲ့ အေးသောကာလများမှာ မြေဆီလွှာရဲ့အပူချိန်ကို မျှတအောင် ကူညီပေးနိုင်တာလည်း ဖြစ်ပါတယ်။ ကောက်ရိုးနဲ့ မြေဖုံးတဲ့အခါ အောက်ခြေမှာ သတင်းစာ (သို့မဟုတ်) ကတ်ထူစက္ကူခင်းမယ်ဆိုရင် ၎င်းအပေါ်ကနေ ကောက်ရိုး ၃ - ၄ လက်မ အထူခင်းနိုင်ပါတယ်။ ဒါမှမဟုတ် ကောက်ရိုးချည်းပဲ သပ်သပ်အသုံးပြုမယ်ဆိုရင် အပင်တဝိုက်မှာ ၅ - ၆ လက်မခန့် အထူဖြန့်ပေးနိုင်မယ်ဆိုရင် လုံလောက်ပါတယ်။ 

ကောက်ရိုးဟာ ရာသီဥတုအခြေအနေနဲ့ ထားရှိတဲ့ အလွှာရဲ့အထူပေါ် မူတည်ပြီး ခန့်မှန်းခြေအားဖြင့် ၁ နှစ်အထိ အသုံးဝင်နိုင်ပါတယ်။ ကောက်ရိုးတွေ ခြောက်သွေ့ဆွေးမြေ့လာတဲ့အခါမှာတော့ ၎င်းကိုဖယ်ရှားပြီး အသစ်နဲ့ ပြန်လည်အစားထိုး အသုံးပြုနိုင်ပါတယ်။ 

၄။ ရော်ဘာအပိုင်းအစများ (Rubber) 

ရော်ဘာ အပိုင်းအစတွေကိုလည်း မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့ နူးညံ့ပျော့ပျောင်းမှုနဲ့ သဘာဝကျတဲ့ အခြေအနေတွေကြောင့် မြေဖုံးပစ္စည်းအနေနဲ့အသုံးပြုရာမှာ လူသိများပါတယ်။ ရာဘာအပိုင်းအစတွေကို ပြန်လည်အသုံးပြုခြင်းဟာ စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်စေပါတယ်။ ထို့အပြင် ၎င်းတို့ဟာ ပိုးမွှားများကို ဆွဲဆောင်မှုမရှိတဲ့အပြင် ရေလွှမ်းမိုးမှုနဲ့ လေတိုက်ခတ်မှုများကိုလည်း ကောင်းစွာခံနိုင်ရည်ရှိပြီး ပေါင်းပင်များကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ရာဘာအပိုင်းအစတွေကို အသုံးမပြုခင် ၎င်းနေရာမှာ ပေါင်းမြက်နဲ့ အမှိုက်သရိုက်တွေကို အရင်ဆုံး ရှင်းလင်းထားသင့်ပါတယ်။ မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုတဲ့အခါ အနည်းဆုံး ၂ လက်မမှ ၃ လက်မ ခန့်အထူရောက်အောင် ပြုလုပ်ပေးသင့်ပါတယ်။ လူသွားလူလာများတဲ့ နေရာတွေအတွက်ဆိုရင်တော့ ၆ လက်မခန့်အထူအထိ ဖြန့်ပေးသင့်ပါတယ်။

ရော်ဘာမြေဖုံးပစ္စည်းတွေဟာ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတာကြောင့် ပုံမှန်အားဖြင့် နှစ်ကာလအတော်ကြာတဲ့အထိ တာရှည်ခံနိုင်ပါတယ်။ သို့ပေမဲ့လည်း ၎င်းတို့ဟာ မြေထဲမှာ ကြပ်သိပ်နေတာမျိုး မဖြစ်စေဖို့အတွက်တော့ အမြဲစစ်ဆေးသင့်ပါတယ်။

၅။ သစ်ရွက်များ (Leaves)

ကြွေကျနေတဲ့ သစ်ရွက်တွေကိုလည်း မြေဖုံးပစ္စည်းအနေနဲ့ အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်ပါတယ်။ သစ်ရွက်တွေနဲ့ မြေဖုံးထားခြင်းဟာ ဆောင်းရာသီမှာ အပင်တွေကို အအေးဒဏ်ကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပြီး ပေါင်းပင်များကြီးထွားမှုကို တားဆီးပေးကာ စိုက်ပျိုးရာသီတလျှောက် ရေကိုလည်း ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။

သစ်ရွက်ခြောက်တွေကို မြေဖုံးတဲ့အခါ ၆ လက်မခန့် အထူအထိ ဖြန့်ခင်းထားနိုင်ပါတယ်။ ၆ လက်မအထူထက်ပိုပြီး သစ်ရွက်တွေကို များစွာပုံထားမယ်ဆိုပါက အစိုဓာတ်များစုပုံလာပြီး အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် မြေဆီလွှာပေါ်မှာ အညီအမျှ ဖြန့်ခင်းပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ 

၆။ သတင်းစာ၊ ကတ်ထူစက္ကူ (Newspaper & Cardboard)

သတင်းစာနဲ့ ကတ်ထူစက္ကူပြားတွေဟာလည်း မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုနိုင်တဲ့ ရွေးချယ်စရာများ ဖြစ်ကြပါတယ်။ ၎င်းတို့ဟာ ဇီဝနည်းဖြင့် ပြိုကွဲနိုင်တဲ့ပစ္စည်းတွေ (biodegradable) ဖြစ်ကြပြီး အစိုဓာတ်ကိုထိန်းပေးရုံသာမက မြေဆီလွှာအပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပြီး ပေါင်းမြက်များကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ကတ်ထူစက္ကူနဲ့ သတင်းစာတွေဟာ အသုံးဝင်တဲ့ ကာဗွန်အရင်းအမြစ်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ရှာဖွေရလွယ်ကူကာ ကုန်ကျစရိတ်လည်း သက်သာစေနိုင်ပါတယ်။ မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ အပင်တွေရဲ့ အောက်ခြေအနီးတဝိုက်မှာ ၃ - ၄ ခန့် အထူ ဖြန့်ခင်းပေးထားမယ်ဆိုရင် သင့်တော်ပါတယ်။ အဆိုပါပစ္စည်းနှစ်ခုလုံးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုကွဲဆွေးမြေ့သွားမှာဖြစ်ပြီး ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပြီးသွားတဲ့အခါမှာ ဥယျာဉ်စိုက်ခင်းအတွင်း ညစ်ညမ်းပြီး ကျန်ရှိနေခဲ့မှာကို စိုးရိမ်စရာမလိုတဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ 

မြေဖုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ 

မြေဖုံးပေးခြင်းဟာ ပေါင်းပင်တွေရဲ့ မျိုးစေ့အညှောင့်ပေါက်ခြင်းကို နှေးကွေးစေပြီး ပေါင်းပင်ကြီးထွားမှုကို ထိရောက်စွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ အလင်းရောင်ကို ပိတ်ဆို့ထားပြီး ပေါက်လာမဲ့ ပေါင်းပင်တွေကို အတားအဆီးဖြစ်စေခြင်းဖြင့် ပေါင်းရှင်းရခြင်း သို့မဟုတ် ဓာတုပေါင်းသတ်ဆေးများ အသုံးပြုရခြင်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 

မိမိအသုံးပြုတဲ့ မြေဖုံးပစ္စည်း အမျိုးအစားနဲ့ ၎င်းရဲ့အထူပေါ်မူတည်ပြီး မြေဆီလွှာကို ပူနွေးအောင် သို့မဟုတ် အေးမြစေအောင် ကူညီပေးနိုင်ပါတယ်။ မြေဆီလွှာရဲ့ အပူချိန်ကို ထိန်းညှိပေးခြင်းဖြင့် အပင်များကို အအေးဒဏ် သို့မဟုတ် အပူဖိစီးမှုဒဏ်ကနေလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဖုံးပေးခြင်းဟာ ရေငွေ့ပျံခြင်းကို ကာကွယ်ပေးနိုင်ပြီး မြေဆီလွှာရဲ့အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ အစိုဓာတ်ကိုထိန်းထားနိုင်တာကြောင့် ပူပြင်းခြောက်သွေ့တဲ့အချိန်မှာ ရေငတ်ဒဏ်ခံရခြင်းကနေလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းတဲ့ အခြေအနေမျိုးမှာလည်း မြေဆီလွှာတိုက်စားခံရခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မြေဖုံးပေးခြင်းဖြင့် မြေဆောင် မှိုနဲ့  ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပြီး ရောဂါများပျံ့နှံ့မှုကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီးနှံတွေထွက်ရှိလာတဲ့အခါ မြေဆီလွှာနဲ့တိုက်ရိုက်ထိတွေ့ခြင်း မရှိတာကြောင့် သီးနှံများပုပ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်