ဥယျာဥ်ခြံ သီးနှံပင်များအတွက် pH လိုအပ်ချက်

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

သီးနှံပင်စိုက်ခင်းများတွင် မြေဆီသြဇာများ ပုံမှန်ထည့်သွင်းကျွေးနေသော်လည်းတခါတရံ အပင်များတွင် အာဟာရဓာတ်ချို့တဲ့မှု၊ အာဟာရဓာတ်လွန်ကဲမှုလက္ခဏာများကို ကြုံတွေ့ရတတ်သည်။ ၎င်းပြသနာသည် တခါတရံ စိုက်ပျိုးမြေ၏ မြေချဉ်ခြင်း (Low soilpH)၊ မြေငံခြင်း (High soil pH) တို့နှင့် နှီးနွယ် ပတ်သက်နေတတ်သည်ကို စိုက်ပျိုးသူတောင်သူများသတိမမူ မိတတ်ကြပေ။ စိုက်ပျိုးမြေများ၏ မြေချဉ်ခြင်း၊ မြေငံခြင်းသည်အပင်များ၏ အာဟာရဓာတ်ချို့တဲ့မှု၊ လွန်ကဲမှုများကို ဖြစ်စေနိုင်ရုံသာမကပိုးမွှားရောဂါကျရောက်မှုများကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် နှီးနွယ်ပတ်သက်နေရသူများအနေဖြင့်

  •       pH နှင့် ၎င်း၏ အရေးပါမှု

    ·         Soil pH အား တိုင်းတာနိုင်သော နည်းလမ်းများ

    ·         အပင်အမျိုးအစားအလိုက် ပျှမ်းမျှ pH လိုအပ်ချက်

    ·         မြေချဉ်မှု (pH နိမ့်မှု) အား ပြုပြင် ကုစားခြင်းနည်းလမ်းများ

    ·         မြေငံမှု (pH မြင့်မှု) အားပြုပြင် ကုစားခြင်းနည်းလမ်းများကို သိထားသင့်လှပေသည်။

     

(က) pH နှင့် ၎င်း၏ အရေးပါမှု

Soil pH သည် မြေ၏ အက်ဆစ်ဂုဏ်သတ္တိ (Acidity) နှင့် အယ်ကာလိုင်းဂုဏ်သတ္တိ (Alkalinity) တို့ကို တိုင်းတာ ညွန်ပြမှုတစ်ခုဖြစ်သည်။ အက်ဆစ်ဂုဏ်သတ္တိရှိသောမြေများသည် ချဉ် (Sourness) ပြီး အယ်ကာလိုင်းဂုဏ်သတ္တိရှိသော မြေများသည်ငံ (Sweetness) သည်။ pH ညွှန်ပြကိန်းသည် ၀ မှ ၁၄ ရှိပြီး pH-၇ အမှတ်သည် အက်ဆစ်ဓာတ်နှင့် အယ်ကာလီဓာတ်များမရှိသော ဓာတ်ပြယ်အမှတ် (Neutral) အဖြစ် သတ်မှတ်သည်။ pH တန်ဖိုး (၇)အောက်ရှိသောမြေများကို မြေချဉ်များ (Acid soil) အဖြစ် သတ်မှတ်ပြီး (၇) အထက်ရှိသောမြေများကို မြေငံများ (Alkaline soil) အဖြစ် သတ်မှတ်သည်။ pH တန်ဖိုးသည် Logarithmic Scale ကို အခြေခံ ထားသောကြောင့် pH တန်ဖိုး ၁ ယူနစ် ပြောင်းလဲခြင်းသည် မြေ (၁၀) ဆ ချဉ်ခြင်း၊ ငံခြင်းကို ဆိုလိုရင်းဖြစ်ဟု မှတ်ယူရမည်။ ဥပမာ၊ pH-၅ သည် pH-၆ ထက် (၁၀) ဆ ပို၍ အက်ဆစ်ဓာတ်ဆန်ပြီး pH-၇ ထက် အဆ (၁၀၀) ပို၍ အက်ဆစ်ဓာတ်ဆန်ခြင်း ဖြစ်သည်။

စိုက်ပျိုးပင်များအတွက်လိုအပ်သော အာဟာရဓာတ်များကို အပင်၏ အမြစ်များမှ လွယ်ကူစွာစုပ်ယူစားသုံးနိုင်သော pH မှာ မြေများတွင် ၆.၅နှင့် မြေဆွေးများတွင် ၅.၈ တို့ဖြစ်သည်။ မြေချဉ်များတွင် ပေါက်ရောက် ရှင်သန်ဖြစ်ထွန်းနိုင်သောအပင်များ(Acid-loving plants) ကို ဘာသာရပ်ဆိုင်ရာဝေါဟာရ အနေအဖြင့် Calcifuge Species များဟုခေါ်ပြီးမြေငံများတွင် ပေါက်ရောက်ရှင်သန်ဖြစ်ထွန်းနိုင်သော အပင်များ (Lime/Alkaline-lovingplants) ကို Calciole Species များဟု ခေါ်သည်။

နှစ်ကာလအတိုင်းအတာအတွင်း စိုက်ပျိုးမြေ၏ pH သည် သဘာဝအလျောက် ပို၍ အက်ဆစ်ဓာတ်ဆန်/ချဉ်လာတတ်သည်။ ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသော်လည်း ဥပမာအားဖြင့် မိုးများသောဒေသများတွင် မိုးရေကြောင့် မြေကြီးထဲမှ ထုံးဓာတ် (Calcium carbonate) များသည် မိုးရေနှင့်အတူ စိမ့်ဝင်ပျောက်ကွယ်ဆုံးရှုံးသွားနိုင်ပြီး မိုးရေထဲမှ အက်ဆစ်ဓာတ်သည် မြေထဲတွင် ဟိုက်ထရိုဂျင်ဓာတ်ကို စုစည်းဖြစ်ထွန်းလာစေသည်။ ထို့အပြင် ထင်ရူးပင်ကဲ့သို့ Coniferous species အပင်များ၏ အရွက်များသည်အော်ဂင်းနစ်အက်စစ်ဓာတ်ကို စွန့်ထုတ်သောကြောင့် ၎င်းအုပ်စုဝင်အပင်များ စိုက်ပျိုးသောမြေကြီးသည်လည်း အက်ဆစ်ဓာတ်ဆန်ပြီး ချဉ်လာစေနိုင်သည်။ နောက်ဥပမာတစ်ခုမှာ မြေထဲရှိ အဏုဇီဝပိုးမွှားများ(Micro-organisms) ကြောင့် လည်း မြေကို ချဉ်လာစေနိုင်သည်။

မြေချဉ်ငံဓာတ် (pH) သည် အပင်များအတွက် အာဟာရဓာတ်စုပ်ယူစားသုံးမှုကိုများစွာ လွှမ်းမိုးထားသည်။ ဥပမာ၊ အက်ဆစ်ဆန်သော မြေချဉ်များတွင် ဖော့စ်ပရပ် (P)၊ ကယ်လစီယမ်(Ca)၊ မဂ္ဂနီစီယမ် (Mg) နှင့် မော်လဒီနမ် (Mb) ချို့တဲ့မှုတို့ကို ဖြစ်စေပြီး မင်းဂနီ(Mn) နှင့် အလူမီနီယမ် (Al) ဓာတ်လွန်ကဲမှုတို့ကို ဖြစ်စေနိုင်သည်။ မြေငံများတွင် အိုင်းရွန်း (Fe)၊ မင်းဂနီ (Mn)၊ ဘိုရွန် (B)၊ကော့ပါး (Cu) နှင့် ဇင့် (Zn) ဓာတ်ချို့တဲ့မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

လုံလောက်သောရေအရင်းမြစ်၊ အာဟာရဓာတ်နှင့် နေရောင်ခြည်တို့ကိုရရှိနေသော အပင်များသည် ပိုမိုကျန်းမာသန်စွမ်းသည့်အပြင် ပိုးမွှားရောဂါကျရောက်မှုကို သဘာဝအလျှောက်ပို၍ခံနိုင်ရည်ရှိကြသည်။ ထိုနည်းတူစွာ အာဟာရဓာတ်ချို့တဲ့သော အပင်များသည်အားနည်းပြီး ပိုးမွှားရောဂါကျရောက်မှုကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် pH ကို (၇) အနားတွင် ထိန်းထားသင့်သည်ဟု ဆိုသည်။ အာလူး အကြေးဖတ်ရောဂါ (Common Scab) သည် မြေငံများတွင် ဖြစ်တတ်သောကြောင့် Soil pH ကို လျော့ချပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို သက်သာစေနိုင်သည်ဟု တွေ့ရသည်။ ဂေါ်ဖီတင်းပုတ်မြစ်ရောဂါ (Clubroot) ကိုမှု Soil pH ကို တိုးလာအောင် ဆောင်ရွက်ပေးခြင်းဖြင့် ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။

(ခ) Soil pH အား တိုင်းတားနိုင်သော နည်းလမ်းများ

မြေချဉ်ငံဓာတ် (Soil pH) အား တိုင်းတာနိုင်သော နည်းလမ်းများစွာရှိပါသည်။ ယခုအခါ မြန်မာပြည်တွင်လည်း မြေချဉ်ငံဓာတ်အား တိုင်းတားတာသိရှိရန် မြေချဉ်ငံဓာတ်တိုင်း ကိရိယာများ(Portable Soil pH tester/meter) ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါသည်။ မိမိအသုံးပြုသော ကိရိယာနှင့်နည်းလမ်းပေါ်မူတည် လိုက်နာဆောင်ရွက်ဖို့သာ လိုပါသည်။ စိုက်ခင်းထဲတွင် တိုက်ရိုက်တိုင်းတာနိုင်သောနည်းလမ်းများနှင့် ကိရိယာများ ရှိသလို မြေနမူနာယူပြီးမှ တိုင်းတာနိုင်သော နည်းလမ်းများနှင့်ကိရိယာများ ရှိပါသည်။ မိမိစိုက်ပျိုးမြေ၏ မြေချဉ်ငံဓာတ်အား တိုင်းတာရန်ယေဘုယျလိုက်နာသင့်သော လမ်းညွှန်ချက်များမှာ

  • ·         မိုးသည်းထန်စွာရွာပြီးနောက်နှင့်စိုက်ခင်းအား ရေသွင်း၊ ရေလောင်းပြီးနောက်တွင် pH အား မတိုင်တာသင့်ပေ/တိုင်းတာရန် မြေနမူနာလည်းမယူသင့်ပေ။

    ·         အကယ်၍ စိုက်ခင်းအားမြေသြဇာများကျွေးထားလျှင်လည်း ၎င်းနောက် ၁ လခန့်ကြာမှ pH တိုင်းတာခြင်း/တိုင်းတာရန် မြေနမူနာယူခြင်းတို့ကို ဆောင်ရွက်သင့်ပေသည်။

    ·         ရလဒ်အား ပိုမိုတိကျခိုင်မာစေရန်တိုင်းတာခြင်း/မြေနမူနာယူခြင်းကို စိုက်ခင်းမြေအား ကိုယ်စားပြုနေရာရွေးချယ်ခြင်း/မြေနမှုနာယူခြင်းနှင့် ထပ်ကြိမ်ပြုဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

ပိုမိုတိကျခိုင်မာစေရန် မြေနမှုနာမယူမီ ကျွမ်းကျင်ပညာရှင်များ၏ အကြံအ ဉာဏ်ယူခြင်းနှင့် မြေနမူနာများကို ယုံကြည်စိတ်ချရသောဓာတ်ခွဲခန်းများသို့ပေးပို့၍ စမ်းသပ်သင့်ပါသည်။

(ဂ) အပင်အမျိုးအစားအလိုက် ပျှမ်းမျှ pH လိုအပ်ချက်

အပင်တစ်ပင်ချင်းစီ၏ pH လိုအပ်ချက်သည်အပင်အမျိုးအစားကို လိုက်၍ မတူညီကြပေ။ တချို့အပင်များက မြေချဉ်များတွင်သာဖြစ်ထွန်းနိုင်ပြီး တချို့အပင်များက မြေငံများတွင်သာ ဖြစ်ထွန်းနိုင်သည်။ တချို့အပင်များကမူ မြေချဉ်မြေငံနှစ်မျိုးစလုံးတွင် ရှင်သန်ဖြစ်ထွန်းနိုင်သည်။ အိမ်အလှဆင်နှင့် မြေယာအလှဆင်ပင်တစ်မျိုးဖြစ်သည့် ခြောက်လပန်း (Hydrangeas) သည် အပင်များထဲတွင် pH လိုအပ်ချက်ကိုထူးထူးခြားခြား တုံ့ပြန်သောအပင်ဖြစ်သည်။ ၎င်းအပင်၏ ပန်းပွင့်သည် Soil pH ၄-၅ ကြားတွင်ရှိသော မြေတွင်စိုက်ပျိုးထားပါက အပြာရောင်ပွင့်ပြီး Soil pH ၆.၅-၇ တွင် ပန်းရောင်ပွင့်၍ Soil pH ၆.၅-၈ တွင် အဖြူရောင်ပွင့်သည်။ ထို့အပြင် အပင်တစ်ပင်ချင်းစီအလိုက် pH လိုအပ်ချက်သည် မြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍လည်း ကွဲလွဲချက်များ ရှိသောကြောင့် အတိအကျ ဖော်ပြရန်ခက်ခဲပါသည်။ မြန်မာနိုင်ငံ၌ အတွေ့အရများသည့် ဥယျာဉ်ခြံသီးနှံပင်များအတွက် ပျှမ်းမျှ pH လိုအပ်များကို အုပ်စု (၃) ခုခွဲ၍ ဖော်ပြလိုက်ပါသည်။

အုပ်စု (၁)။ ပန်းမန်နှင့် အလှဆင်အပင်များ

pH (၄.၅ - ၅.၅)

သစ်ခွ (အများစု)၊တတိုင်းမွှေး (Camelia)၊ Cactus ပင်အများစု

pH (၅.၅ - ၆.၀)

ပိန်းပန်း (Anthurium/Flamingo flower)၊ ရွက်လှ(Croton)၊ ဇီဇဝါ (Gardenia)၊ ပတ္တမြားဂမုန်းအုပ်စုဝင် အပင်များ (Bromeliads)

pH (၅.၅ - ၆.၇၅)

ဆင်နားရွက် (Begonia)၊ ဂန္ဓမာ (Chrysanthemum)၊ ချစ်တီးပန်း(Marigold)၊ နဂါးစက် (Sanseveria)၊ ခရစ္စမတ်ပန်း (Pointsettia)၊ ကြက်မောက်ပန်း (Cosmos)

pH (၆.၀ - ၆.၇၅)

နှင်းဆီ၊ စိန့်ပေါလီရာ (African violet)၊ ပန်းစက္ကူ (Bougainvillea)၊ ကော်ဇောရွက်လှ(Coleus)၊ ဇော်မွှားလေး (Carnation)၊ ဇော်မွှားကြီး (Dianthus)၊ နှင်းပန်း(Daffodil)၊ ဒေလီယာ (Dahlia)၊ ပန်းချဉ်ပေါင် (Hollyhock)၊ သစ္စာပန်း (Gladiolus)၊ ကျားပါးစပ်ပန်း(Snapdragon)၊ နှင်းပန်း (Tulip)၊ နေကြာ (Sunflower)၊ ဇီနီယာ (Zinnia)၊ အိုင်းရစ်(Iris)၊ ဒန်းပန်း (Impatiens)၊ လီလီပန်း (Lillies)၊ နှဲကလေးပန်း (Petunia)၊ မေမြို့ပန်း(Aster)၊ အသဲကွဲပန်း (Bleeding heart)၊ ဒေစီ (Daisy)၊ နွယ်သာကီ (Oleander)၊ အလှစိုက်ဟင်းနုနွယ်အုပ်စုဝင်အပင်များ(Amaranthus)၊ ရေမွှေးပန်း (Lavender)

pH (၆.၇၅ - ၇.၅)

ရှဉ့်မတက် (Asparagus fern)၊ ဗိုလ်ကတော်မျက်ခုံး (Forget-me-not)၊ ကျောက်ချဉ်ပန်း(Geranium)၊ ဗေဒါ (Hyacinth)၊ ဗုဒ္ဓံသရဏံ အုပ်စုဝင်အပင်များ (Canna)၊ ခေါင်ရမ်း(Hibiscus)

အုပ်စု (၂)။ ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ်အမွှေးအကြိုင်အပင်များ

pH (၅.၀ - ၆.၅)

ကစွန်းဥ (Sweet potato)၊ ပင်စိမ်း (Basil)၊ သကြားမုန်လာ (Sugarbeet)၊ အာလူး(Potato)၊ ဆီမုန်ညှင်း (Rapeseed)၊ စမုံစပါး (Fennel)

pH (၆.၀ - ၇.၅)

ဘိုစားပဲ (French bean)၊ ဂေါ်ဖီထုပ် (Cabbage)၊ ပန်းမုန်လာ (Cauliflower)၊ ပန်းမုန်လာစိမ်း(Broccoli)၊ ခါဖု (Kohl rabi)၊ မုန်ညင်း (Mustard)၊ ကိုက်လန် ( Chinese Kale)၊ ဆလပ်(Lettuce)၊ မုန်လာဥ (Radish)၊ ခါကျက်ဥ (Carrot)၊ ပြောင်းဖူး (Corn)၊ ကြက်သွန်နီ(Onions)၊ ကြက်သွန်ဖြူ (Garlic)၊ မြိတ်စား ကြက်သွန် (Leeks)၊ ငရုတ် (Peppers/Capsicum)၊ခရမ်း (Eggplant)၊ ခရမ်းချဉ် (Tomato)၊ တရုတ်နံနံ (Celery)၊ ကညွှတ် (Asparagus)၊ မှို(Mushroom)၊ သခွား (Cucumber)၊ ဖရုံ(Pumpkin)၊ ကျောက်ဖရုံ (Marrow)၊ ဖရဲ (Watermelon)၊ သခွားမွှေး (Muskmelon)၊ ပူစီနံ(Mint)၊ လေညှင်း (Peppermint)

အုပ်စု (၃)။ သစ်သီးဝလံအပင်များ

pH (၅.၀ - ၆.၅)

ပန်းသီး (Apple)၊ သရက် (Mango)၊ သစ်တော့ (Pear)၊ နာနတ် (Pineapple)၊ သလဲ(Pomegranate)၊ စတော်ဘယ်ရီ (Strawberry)၊ စပျစ် (Grape)၊ ငှက်ပျော (Banana)၊ ပိန္နဲ (Jackfruit)၊ ဒူးရင်း (Durian)၊ လိုင်ချီး (Lychee)၊ ကြက်မောက်(Rambutan) မင်းကွတ် (Mangosteen)၊ မာလကာ (Guava)

pH (၆.၀ - ၇.၅)

ထောပတ် (Avocado)၊ သင်္ဘော (Papaya)၊ မက်မွန် (Peach)၊ ဆီး (Plum)၊ ရှောက်သံပုရာလိမ္မော်မျိုးရင်းဝင်အပင်များ(Citrus)၊ အုန်း (Coconut)၊ နဂါးမောက် (Dragon Fruit)

(ဃ) မြေချဉ်မှု(pH နိမ့်မှု) အား ပြုပြင် ကုစားခြင်းနည်းလမ်းများ

အက်ဆစ်ဆန်သော မြေချဉ်များအား (pH နိမ့်နေမှုအား) ထုံးထည့်၍ ပြုပြင် ကုစားနိုင်ပါသည်။ အသုံးပြုမှုများသော ထုံးအမျိုးအစားမှာ Calcitic Lime နှင့် Dolomitic Lime တို့ဖြစ်သည်။ Calcitic Lime အမျိုးအစားသည် ကယ်လစီယမ်ကာဗွန်နိုတ်(Calcium Carbonate: CaCO3) ပါဝင်ပြီး Dolomitic Lime တွင် ကယ်လစီယမ်ကာဗွန်နိုတ်နှင့် မဂ္ဂနီစီယမ်ကာဗွန်နိုတ် (Calcium Carbonate and Magnesium Carbonate: MgCa (CO3)2) တို့ ပါဝင်သည်။ မြေချဉ်မှုအား ကုစားရန် ၎င်းတို့အား ထည့်သွင်းရမည့် ပမာဏသည် မြေအမျိုးအစားအထူးသဖြင့် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား (Cation Exchange Capacity) ပေါ်မူတည်၍ မတူညီပေ။ ဥပမာ၊ ရွံ့စေးဆန်သောမြေသည် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအားမြင့်မားသောကြောင့် pH မြင့်တက်လာစေရန်အတွက် ထုံးပမာဏပိုထည့်သွင်းပေးရန် လိုအပ်သည်။ မြေချဉ်များအား ပြုပြင်ရန် မြေအမျိုးအစားလိုက် ထည့်သွင်းရမည့် ထုံးပမာဏကို ဇယား-၁ တွင်ဖော်ပြထားသည့်အတိုင်း မြေအတွင်းသို့ မြေယာပြုပြင်ချိန်အတွင်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။

(င) မြေငံမှု (pH မြင့်မှု) အား ပြုပြင် ကုစားခြင်းနည်းလမ်းများ

စိုက်ပျိုးမြေများ၏ မြေငံနေမှု (pH မြင့်နေမှု)အား ပြုပြင် ကုစားခြင်းသည် မြေချဉ်များအား ပြုပြင်ကုစားခြင်းထက် ပို၍ ခက်ခဲပါသည်။ များသောအားဖြင့် မြေငံများအား ကန့် (Sulfur)၊ Iron Sulphate၊Aluminum sulfate နှင့် ကျောက်မှုန့် (Gypsum: Calcium sulphate) တို့အား စိုက်ပျိုးမြေအတွင်းသို့ထည့်သွင်း၍ ပြုပြင်လေ့ရှိကြပါသည်။

Sulfur သည် မြေကြီး၏ အငံဓာတ်အားလျော့ကျသွားစေရန် ဓာတ်ပြုမှုကာလသည် ၁ နှစ်/ကျော်ပတ်ဝန်းကျင်ခန့်ကြာတတ်သည်။ အပင်များအားထိခိုက်သေစေနိုင်သဖြင့် ၎င်းအား အသုံးပြုမည်ဆိုပါက သီးနှံပင်များမစိုက်ပျိုးမီ လအတန်ကြာကတည်းက မြေကြီးအတွင်းသို့ ၆ လက်မခန့် အနက်ထိ ထည့်သွင်းပေးထားရမည်။ ၎င်းအား ထည့်သွင်းပြီး ၄ လခန့်နေမှ မြေကြီး၏ pH အား စမ်းကြည့်ပြီး လိုအပ်ပါက ထပ်မံထည့်သွင်းပေးနိုင်သည်။ ထည့်သွင်းရမည့် ပမာဏအားဇယား-၂ တွင်ဖော်ပြထားပါသည်။ ရွံ့စေးဆန်သောမြေများနှင့် ကနဦးမြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသောမြေများတွင်သာ Sulfur အား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။

မြေကြီး၏ မြေငံဓာတ်အား လျှော့ချရန် Iron Sulphate အား အသုံးပြုခြင်းသည် မြေကြီးတွင် ဓာတ်ပြုမှုနှုန်းပို၍ မြန်ပြီး ၁ လခန့်အတွင်း မြေငံဓာတ်လျော့ကျသွားတတ်သည်။ သို့သော်လည်း တစ်ကြိမ်တွင်ပေ ၁၀၀ ပတ်လည် မြေနေရာစာအတွက် Iron Sulphate ၉ ပေါင်အထက် ပို၍ မထည့်သွင်းသင့်ပေ။ ရွံ့စေးဆန်သောမြေများနှင့် ကနဦးမြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသောမြေများတွင်သာ Iron Sulphate အား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။ အကယ်၍ နှုန်းထားမြင့်မြင့်အသုံးပြုရန်လိုအပ်ပါက အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းအသုံးပြုသင့်ပါသည်။ ထည့်သွင်းရန်လိုအပ်သော နှုန်းထားများအား ဇယား-၃ တွင် ဖေါ်ပြထားပါသည်။

Aluminum Sulphate သည် မြေငံများအား ပြုပြင်ရန် အသုံးပြုနိုင်သော်လည်း၎င်းသည် အပင်၏ အမြစ်များကို AluminumToxicity ဖြစ်စေကြောင့် ၎င်းအား အသုံးပြုရန် ပညာများမှ မထောက်ခံကြပေ။

ကျောက်မှုန့် (Gypsum) အား မြေငံများအား ပြုပြင်ကုစားရန် တချို့အကြံပြုကြသော်လည်း ၎င်းထည့်သွင်းမှုကြောင့် မြေကြီး၏ အငံဓာတ်အား သိသိသာသာ မပြောင်းလဲစေသော သုတေသနရလဒ်များကြောင့် တချို့ပညာရှင်များကသဘောမတူကြကြောင်း စာပေများတွင် တွေ့ရှိ ရပါသည်။ ။

ဟန်ဖြိုးအောင်(ဥယျာဉ်ခြံ)

17-10-2014 (16: 20 PM)
ကျမ်းကိုး

၁။ Applied Principles of Horticultural Science, 3rd Edition(Laurie Brown)

၂။ Horticulture: Plant pH Preferences (J.W. Jett, WVU Extension Service)

၃။ Soil pH and plant health in the home garden (Harald Hoffmann)

၄။ Soil pH: CMG GardenNotes#222 (Colorado State University Extension)

၅။ pH for the Garden (Leonard Perry, University of Vermont Extension)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်