သီဟိုဠ် - လူသားတိုင်းအတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်တဲ့ စိမ်းစို လှပပြီး ဆွဲဆောင်မှု ရှိတဲ့ အပင်

08/12/2017 22:29 PM တွင် ayethandasoe ayethandasoe မှ ရေးသား

သီဟိုဠ်ပင်မှာ အရွက်ကြီးများ စိမ်းစိုပြီး လှပသော ပန်းရောင် အပွင့်များ ပွင့်ကာ အစုလိုက် အခိုင်လိုက် အသီးများဖြင့် ဆွဲဆောင်မှုရှိသော အပင် ဖြစ်သည်။ သီဟိုဠ်ပင်မှ သီဟိုလ်စေ့ဆန်ကို ကမ္ဘာအနှံ လူတိုင်းင်္နီးပါး တန်ဖိုးထား နှစ်ခြိုက်စွာ စားသုံးကြပြီး ဥရောပတိုက်သားတို့ ပိုမို နှစ်ခြိုက်စွာ စားသုံးကြသည့်အပြင် အစားအစာ များတွင် သီဟိုဠ်စေ့တွင် လူအတွက် လိုအပ်သော ဗီတာမင်နဲ့ ပရိုတင်းဓာတ်များ၊ အမိုင်နို အက်ဆစ်များ၊ အာဟာရဓာတ်များ ပြည့်ဝစွာ ပါဝင်ပါသည်။

ရင့်မှည့်သော သီဟိုဠ်သီးမှာ နှစ်လိုဖွယ်မွှေးကြိုင်သော ရနံ့ ဆွဲဆောင်မှုရှိသော အနီရောင် ရှိသည့် အပြင် ဗီတာမင်စီမြင့်မားစွာပါဝင်ပါသည်။ ရင့်မှည့်သော အသီးကို ပါးပါးလှီးပြီး ဆားနဲ့တို့စားကြသည်။ ဟင်းချက် စားကြသည်။ အရည်ရွှမ်းသော အသီးအမှည့်များမှ ဖျော်ရည်များ ပြုလုပ်ကြသည်။ အရွက်အနုများကို သုပ်စား ကြသလို တို့စရာအဖြစ် ပြုလုပ် စားသောက်ကြသည်။ တချို့က အမြဲတမ်းစိမ်း အရိပ်ရအပင် အဖြစ် အိမ်အနီးတွင် စိုက်ပျိုးထား ကြသည်။ ယခုအခါ သီဟိုဠ်စေ့ဆန်ကို အဓိက ထွက်ကုန် အနေဖြင့် ရည်ရွယ်ပြီး သီဟိုဠ်ပင်ကို စိုက်ပျိုးလာကြပါသည်။

၁။ မူရင်းဒေသ

သီဟိုဠ်ပင်ကို တောင်အမေရိကရှိ ဘရာဇီးနိုင်ငံ မြောက်ဘက်ပိုင်းမှ စတင်ကာ အိန္ဒိယနိုင်ငံမှ တဆင့် အာရှတိုက ်အတွင်း၊ ဗီယက်နမ်နိုင်ငံမှ တဆင့် အာဖရိကရှိ နိုင်ငံများသို့ ပျံ့နှံ့ စိုက်ပျိုးလာကြပါသည်။

၂။ မျိုးများ

အပူပိုင်း သစ်တောများတွင် အမြဲ စိမ်းလန်းစေရန်အတွက် သီဟိုဠ်ပင် အရိုင်းပင်များ (Anacardium occidentale ကို စိုက်ပျိုးကြသည်။ အမြင့် ၃၀မီတာ ( ပေ ၁၀ဝ) အထက်မြင့်သော သီဟိုဠ်ပင် အရိုင်းပင်များကို စားသုံးခြင်းနှင့် သစ်တောများ အတွက် သာမက သစ်ထုတ်ရန် အတွက် ရည်ရွယ် စိုက်ပျိုးကြသည်။ အထွက်နှုန်း တိုးစေပြီး အရည် အသွေး ပြည့်မှီသော သီဟိုဠ်စေ့များ ရရှိရန်အတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်လာပြီး ယခုအခါ စီးပွားဖြစ် အများအပြား စိုက်ပျိုးလာကြသော မျိုးမှာ (Anacardium occidentale) အပင်ပုမျိုး ဖြစ်သည်။ အမြင့် ၆ မီတာ (၂၀)ပေ သာရှိသော မျိုးဖြစ်သည်။

၃။ ရာသီဥတု

သီဟိုဠ်ပင်သည် အပူပိုင်း အမြဲစိမ်းသော အပင်ဖြစ်သောကြောင့် တစ်နှစ်ပတ်လုံး ပူနွေးသော အပူချိန်နှင့် မျှတသော မိုးရေချိန် လိုအပ်ပါသည်။ အများအားဖြင့် ပျမ်းမျှအပူချိန် ၂၅ ံ C နှင့် တစ်နှစ်ပတ်လုံး မိုးရေချိန် ပျမ်းမျှ ၁၅၀ဝ-၂၀ဝဝ ရရှိသောဒေသတွင် လျှင်မြန်စွာ ကြီးထွားသည်။ အမြစ်ပိုင်း ကြီးထွားမှု အားကောင်းသော အပင် ဖြစ်သောကြောင့် အပူချိန်မြင့်ပြီး ခြောက်သွေ့သော ရာသီဥတုကို ခံနိုင်ရည်ရှိသော အပင် ဖြစ်ပါသည်။ အသီး ထွက်နှုန်းကောင်းရန် ၄-၆ လခန့် ခြောက်သွေ့သော ရာသီဥတုကို လိုအပ်ပြီး အလင်းကို ကြိုက်နှစ်သက်၍ နေ၏ အလင်းရောင် တိုက်ရိုက်ရရှိမှှု တစ်ရက် ၆-၁၂ နာရီ လိုအပ်ပါသည်။

၄။ မြေအမျိုးအစား

သီဟိုဠ်ပင်သည် သဲဆန်သောမြေတွင် ကောင်းစွာ ရှင်သန်နိုင်သည့် အပင် ဖြစ်ပါသည်။ သို့သော် ရည်မှန်း အထွက်နှုန်း တိုးစေရန်အတွက် pH ၅.၅ -– ၇.၅ ရှိသောမြေတွင် စိုက်ပျိုးသင့်ပါသည်။ pH (၈.ဝ) ထက် ကျော်လွန်သောမြေများတွင် စိုက်ပျိုး၍ မရနိုင်ပါ။

၅။ စိုက်ပျိုးခြင်း

လတ်ဆတ်သော သီဟိုဠ်စေ့များသည် အလွယ်တကူ အညှောက်ပေါက်ပြီး အပင်ပေါက်နိုင်စွမ်း မြင့်မားသည်။ သဘာဝအလျောက် သီဟိုဠ်ပင်ကြီးများမှ သီဟိုဠ်သီးများကို ငှက်များ စားသောက် ယူဆောင်ကာ မျိုးစေ့များ တစ်နေရာမှ တစ်နေရာသို့ပျံ့နှံ အပင်ပေါက်ခဲ့ပါသည်။ ပေါင်းပင်ကဲ့သို့ပေါက်ရောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ တချို့သောတောင်သူများသည် မိမိ စိုက်ပျိုးမြေများ တောင်စောင်းများ ရှင်းလင်း စိုက်ကျင်းတူးပြီး စိုက်ကျင်း များအတွင်း မေလ၌ စိုက်ပျိုးကြသည်။ တစ်ကျင်းလျှင် နှစ်စေ့မှ သုံးစေ့အထိ ထည့်စိုက်ကြသည်။ အပင် ကြီးထွားမှုကို မူတည်ပြီး သန်မာကောင်းမွန်သော တစ်ပင်ကို ရွေးချယ်ကာ ကျန်အပင်များကို ဖယ်ရှားပစ်ကြသည်။

တချို့မှာ ပျိုးထောင်ပြီးမှ စိုက်ပျိုးကြသည်။ အရည်အသွေးကောင်မွန်သော နှစ်ချင်း မျိုးစေ့များကို ပျိုးအိတ်များတွင် ၃-၄ စေ့ခန့် ထည့်ပြီး စိုက်ကြသည်။ စိုစွတ်သောမြေနှင့် ထိတွေ့ပြီး ၄ ရက်အကြာတွင် မျိုးစေ့များ စတင် အညှောင့်ထွက်လာသည်။ အပင် ကြီးထွားမှုကောင်းပြီး သန်မာသော အပင် တစ်ပင်ကိုသာ ချန်ပြီး ကျန်အပင်များကို နှုတ်ပယ်ရသည်။ ပျိုးပင်ငယ်များအား ပျိုးသက် ၃-၄ လ တွင် စိုက်ကျင်း အတွင်းသို့ ပြောင်းရွေ့စိုက်ပျိုးကြသည်။ စိုက်ပျိုးသည့် အခါရေသောက်မြစ်ကို ထိခိုက်မှု မရှိစေရန် သတိပြု စိုက်ပျိုးရမည်။ မျိုးစေ့များကို ရင့်မှည့်သော အသီးများမှ ရွေးချယ်ပြီး အစေ့များအား နေပူတွင်(၃)ရက် နေလှမ်းခြောက်သွေ့စေ ရပါမည်။ အညှောင့် မဖောက်ခင် တစ်ည ကြိုတင်ရေစိမ်ထားရမည်။ ပြီးမှ အစေ့ချ စိုက်ပျိုးရမည် ဖြစ်ပါသည်။

ရင့်မှည့်ပြီးသည်မှ ၄ လအတွင်း မျိုးစေ့သည် စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်သည်။ စီးပွားဖြစ် တွက်ခြေကိုက် ရန်အတွက် ယခုအခါ စိုက်ပျိုးသူတို့သည် အထွက်ကောင်းသော မျိုးကောင်း များရွေးချယ် စိုက်ပျိုးလာသကဲ့သို့ တစ်ဧက အပင် ဝင်ဆန့်မှှုများစေရန်၊ ပင်ကြား တန်းကြား အကွာအဝေးကို ၈_၈ မီတာ အကွာ ( ၈၀ ပင်/ဧက) မှ ၃_၃ မီတာ (၄၀ဝ ပင် / ဧက) သို့ ပြောင်းလဲစိုက်ပျိုး လာကြပါသည်။ မျိုးစေ့ချ စိုက်ပျိုးခြင်း၊ မိမိ ကြိုက်နှစ်သက်ရာမျိုးအား မြေထုပ်စည်း စိုက်ပျိုးခြင်း တို့ဖြင့် စိုက်ပျိုး လာကြပါသည်။ မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး (၁_၁_၁) မီတာ စိုက်ကျင်းဖြင့် စိုက်ပျိုးကြသည်။

၆။ အပင်ပြုစုခြင်း

စိုက်ပျိုးပြီး (၃)နှစ်အကြာတွင် အပင်ကြီးထွားမှု မြန်ဆန်၍ အပင် သန်မာလာသောအခါ အပင် အရွက်ဝန်း များ တစ်ပင်နှင့် တစ်ပင်ထိ လာမည်ဖြစ်သည်။ ပထမနှစ်တွင် မြေမှ အပင်အမြင့် ၁မီတာ အမြင့်ရှိ အပင်၏ပင်စည် မှ ဘေးထွက်နေသော ကိုင်းများ ဖယ်ရှားပစ်ရမည်။ အပင်အတွင်း သို့ကွေးဝင်နေသော ကိုင်းများအား ဖြတ်တောက်ရမည်။ အပင်ငယ်ချိန် လေကြောင့်အပင် ယိုင်လဲမှုမရှိစေရန် ဂရုစိုက်ရမည်။ စိုက်ပျိုးပြီးသည်မှ ၃-၄ နှစ် အတွင်းကိုင်းသေ ကိုင်းခြောက်များ ဖယ်ရှားခြင်း၊ အပင် အတွင်းသို့ တိုးဝင်နေသည့် ကိုင်းများ ဖယ်ရှားခြင်းတို့ ပြုလုပ်ခြင်းဖြင့် အပင်ကို ပိုပြီး ကျန်းမာသန်စွမ်းစေသည်။

ကိုင်းပြုပြင်ခြင်းကို ဩဂုတ်-စက်တင်ဘာလများတွင် ပြုလုပ်သင့်ပြီး ဖြတ်တောက်ပြီး ကိုင်းထိပ်အား ထုံးသုတ်ထားရမည်။ စိုက်ပျိုးပြီးသည်မှ ၄-၅နှစ်ကြာလျှင် အပင်စည်ထိပ်အား မြေမှ ၄-၅ မီတာ အမြင့်တွင် ဖြတ်ရမည်။ ၄ နှစ်ကျော်သော အပင်များအား ကိုင်းဖြတ်ပေးရန် မလိုအပ်တော့ပါ။ ပထမနှစ် နှင့် ဒုတိယနှစ်တွင် ပွင့်လာသောပန်းပွင့်များကို ခြွေပစ်ပြီး အသီးမယူဘဲ တတိယနှစ်မှ အသီး စယူ ရပါမည်။

အပင်ငယ်ချိန်တွင် အပင်ရှင်သန် ကြီးထွားရန်အတွက် ရေရှိရန် လိုအပ်ပါသည်။ အပင် ကြီးထွားလာသည် နှင့်အမျှ လပေါင်းများစွာ ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း ခြောက်သွေ့လွန်းသောရာသီတွင် အပင်တစ်ပင်လျှင်ရေ ၁၈၀ဝ လီတာ နှစ်ပတ်တစ်ကြိမ်လိုအပ်ပါသည်။

အသီး အထွက်နှုန်းကောင်းစေရန် နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးခြင်းကို ခြောက်သွေ့သော ရာသီတွင် ပြုလုပ်ပေးသင့်သည်။ ရေသွင်းသည့်အခါ ရေဝအောင်သွင်းပြီးရေသွင်းထားသည့် အပေါ်ယံမြေမျက်နှာ (၂)လက်မအနက်ထိ ခြောက်သွေ့မှ ရေထပ်သွင်းပေးခြင်းသည် ထိရောက်သော ရေသွင်းနည်း ဖြစ်သည်။ ရေသွင်းတာများလျှင် အပင်သေဆုံးနိုင်ပါသည်။ အပင်ခြေတွင် ရေမဝပ်စေရန် သတိပြုရမည်။

N:P:K (8:3:9) ဓာတ်မြေဩဇာ (၁၅) ကီလိုဂရမ်/ဧက ကို နှစ်စဉ် မေ-ဇွန် နှင့် စက်တင်ဘာ-အောက်တိုဘာလများတွင် ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်းတိုးစေပါသည်။ စိုက်ပျိုးပြီးသည်မှစ၍ (၁-၂) နှစ် ကာလအတွင်း အပင်များကြားတွင် ကြားသီးနှံ စိုက်ပျိုးနိုင်သော်လည်း အပင်ပေါ်သို့ အရိပ်ကျစေသော သီးနှံပင်များ( ဥပမာ ပြောင်းပင် ) မစိုက်ပျိုးသင့်ပါ။

၇။ ပန်းပွင့်ခြင်းမှ ခူးဆွတ်ခြင်း

သီဟိုဠ်ပင်မှ ပန်းပွင့်ချိန်သည် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အပင်တစ်ပင်နှင့်တစ်ပင် မတူဘဲပြောင်းလဲမှုရှိသည်။ ပန်းပွင့်သည့်ကာလ အနည်းဆုံး (၃)လ ကြာမြင့်သည်။ အပူချိန်မြင့်သောအခါ ပန်းစောပွင့်သည်။ အဖိုပွင့်နှင့် လိင်စုံပန်းပွင့်များပါသော ပန်းအခိုင်လိုက် အစုလိုက်ပွင့်သည်။

အင်းဆက်များအားဖြင့် ဝတ်မှုန်ကူးသည်။ ဝတ်မှုန်ကူးပြီး ၆-၈ ပတ် အကြာတွင် အသီးစတင် ဖြစ်ပေါ်လာသည်။ အသီးတွင် အစေ့မှ စတင်ကာ အသီးဖြစ်ပေါ်လာပြီး (၂)ပတ်အကြာ အသီး ရင့်မှည့်ချိန်တွင် ခူးဆွတ်ရပါသည်။ သီဟိုဠ်အစေ့များကို အစိုတွင် ရင့်မှည့်အသီးမှ ဖယ်ထုတ်ပြီး ၂-၃ ရက် နေလှမ်း အခြောက်ခံ သိမ်းဆည်းရပါသည်။ သီဟိုဠ်စေ့များကို အသီးခူး ကာလ အတွင်း နေ့စဉ် ရင့်မှည့်နေသော အသီးများကို ဆွတ်ခူးကြပါသည်။ သီဟိုဠ်စေ့များ ရင့်မှည့်မှှုကို ရေတွင်ဆေးကြောခြင်းဖြင့် အစေ့ အဆန်ပြည့်ခြင်း မပြည့်ခြင်းကို ခွဲခြားကြပါသည်။ ရေထဲပေါလောပေါ်သော သီဟိုဠ်စေ့များမှာ ရင့်မှည့်မှှုမရှိသော အစေ့အဆန် မပြည့်သော သီဟိုဠ်စေ့များ ဖြစ်ပါသည်။

ပိုးမွှားများ အနေဖြင့် အရွက်စားခူကောင်၊ ရွက်ထွင်းပိုး၊ ပင်စည်ထိုးပိုး၊ အသီးနှင့် အစေ့ထိုးပိုးများ ကျရောက်တတ်ပါသည်။ အဓိက ကြွက်များနှင့် လင်းနို့များငှက်များဖြစ်ပြီး အသီး ရင့်မှည့်ချိန် အရောင်အနံ့ ဆွဲဆောင်မှှုကြောင့် လာရောက် စားသောက်ကြသဖြင့် အထွက်လျော့စေပါသည်။ ရောဂါအဖြစ် မှိုကြောင့်ဖြစ်သောရောဂါ (powdery mildew)ကို ပန်းခိုင်များတွင် တိမ်ဖုံးပြီး စိုထိုင်းဆများသော ရာသီဥတုတွင် ကျရောက်သည်ကိုတွေ့ရပါသည်။

၈။ ဈေးကွက်

သီဟိုဠ်သီးများကို ဒေသအတွင်း ဈေးများတွင် ရောင်းချသည်များ ရှိပါသည်။ သီဟိုဠ်စေ့များအား ခူးဆွတ်စုဆောင်း နေလှမ်းပြီး ရောင်းချသည်များလည်း ရှိပါသည်။ သီဟိုဠ်စေ့များမှ အဆန်များ ထုတ်ယူခြင်း လုပ်ငန်းအား လူအားဖြင့်အဆင့်ဆင့် ပြုလုပ်ပြီး လှော်၍ ရောင်းချသည်များကိုသာတွေ့ရှိရပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် သီဟိုဠ်စေ့အဆန်များကို မုန့်ဖုတ်ခြင်း လုပ်ငန်း၊ အစားအသောက် ဟင်းလျာများတွင် ထည့်သွင်း သုံးစွဲခြင်းများ၊ လှော်ပြီးရောင်းချခြင်းများကို တွေ့ရပါသည်။

Aye Thanda Soe


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်