တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (အပိုင်း-၂) အချည်းနှီးမဖြစ်ဘဲ ထိရောက်မှန်ကန် ဆေးဖျန်းနည်းစနစ် ဖြစ်ဖို့..

27/05/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မုတ်သုံမိုး စတင်ဝင်ရောက်လာသည်နှင့်အညီ တောင်သူလယ်သမားများလည်း လယ်ယာလုပ်ငန်းခွင် ဆင်းကာ မြေပြင်၊ ထယ်ထိုး၊ မျိုးချ၊ မနားရအောင် လုပ်ဆောင်နေရချိန်ဖြစ်ပါတယ်။

တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆိုရင် လယ်တက်ချိန်(ထမင်းစားနားချိန်) နေ့လယ် ၁၂ နာရီ - ၁ နာရီ အချိန် ကြိုတင်ဖိတ်ကြားပြီး အချိန်လု လုပ်ကြရပါတယ်။

ထမင်းစားပြီးချိန် ပြုလုပ်ရတာကော၊ ငြီးငွေ့စရာ ပိုးတွေ၊ ဆေးတွေ အကြောင်း ပြောရတာကော ဆိုတော့ တောင်သူတွေ အိပ်ငိုက်တတ်ကြတာများပါတယ်။

အခု စာရေးသူ ရောက်ရှိနေတဲ့ နေရာကတော့ မကွေးတိုင်း အနောက်မြောက်ဖျားက နယ် လေးပါ။ နှမ်းနဲ့ မြေပဲ စိုက်တာများပါတယ်။ပိုးဆေး၊ ပေါင်းဆေးအကြောင်း ဟောပြောပွဲမစမီ ထုံးစံအတိုင်း "ဆေးဖျန်းနည်းစနစ်မှန်ကန် ရေး” အရင် ဆွေးနွေးပေးရပါတယ်။

"တဧက ကို ဆေးဖျန်းပုံး ဘယ်နှပုံးဖျန်းကြလဲ?"လို့ မေး တော့..................၂ ပုံးခွဲ..တဲ့။

ကဲ..ဗျာ..ဒါလောက်လေးဆိုရင်တော့ လွဲတော့လွဲနေပြီ..။ ဘယ်လိုပညာပေးရမလဲ။

- တမိနစ်ကို( ခြေလှမ်း-၄၀) ၆၀ ပေ, လမ်းလျှောက်ပါ။

- တငမ်း(လက်တရမ်း)ကို  ၄ ပေအကျယ် ရမ်းပါ။

- ၂၄၀ စတုရန်းပေမှာ ဆေး+ ရေ ၅၀၀စီစီ ကုန်မယ်။

- တဧက(၄၃၅၆၀-စတုရန်း ပေ)မှာ ဆေး+ ရေ ၉၀လီတာ ကုန်မယ်။

- ၉၀ လီတာဆိုရင် ဂါလံ၂၀ နဲ့ ညီတယ်။

ဆေးတပုံး ၄-ဂါလံဆိုရင် … တဧကကို ဆေးဖျန်းပုံး ၅-ပုံး ဖျန်းရပါတယ်။

အဲဒီလို ရှင်းပြရင်လည်း ပိုပြီးငြီးငွေ့ မယ်၊ အိပ်ငိုက်မယ်..ဆိုတော့..

စာရေးသူ မြိုင်နယ်မှာ ဟောပြောပွဲ သွားစဥ်တုန်းက အတွေ့အကြုံလေးကို ပြန်ပြောဖြစ်တယ်။ သူတို့လည်း တဧကကို ဆေး ၂ ပုံးပဲ ဖျန်းပါသတဲ့။

စာရေးသူက, ဆေး၂ ပုံးတည်းနဲ့ တော့ တဧကကို မနှံ့စပ်နိုင်ဘူး..လို့ ပြောတော့..

"ရတယ်ဆရာ..ဒါပြီးရင်.. ဆေးသွားဖျန်းမှာ၊ဆရာ့ကို လက်တွေ့ ဖျန်းပြမယ်” ဆိုလို့ 

ဟောပြောပွဲပြီးတော့.. ဆေးဖျန်းတဲ့ဆီ လိုက်ကြည့်ပါတယ်။

ဆေး စထည့်ကတည်းက.. အဲ့မှာ စတွေ့တာပဲဗျာ..။.    ကြည့်ပါဦး...။

ဆေးပုံးထဲကို ဆေးအရင်ထည့်သဗျ။ (အမှန်က, ရေတဝက်ခန့်အရင်ထည့်ရပါတယ်)

ပြီးတော့ ရေထည့်ပြီး..မွှေလည်း မမွှေဘူးဗျာ။

“ ဟ..ကိုယ့်လူ.. မွှေဦးလေ" လို့ ပြောတော့...............ရတယ်..ဆရာ..ဒီမှာကြည့်..ဆိုပြီး..

ဆေးပုံး ကျောပိုးလျက်နဲ့.............ဖင်နှစ်ခါ လှုပ်ရမ်းတယ်..ပြီး တော့.......နှစ်ချက်..ခုန်တယ်။( ဆေးနဲ့ ရေ.. သမ အောင်လို့..တဲ့)

စာရေးသူ ရယ်လည်း ရယ်ချင်။ ရယ်လည်း မရယ်ရက်..ဖြစ်ရပါတယ်။ ဖျန်းတော့လည်း  ကြည့်ပါဦး။

ပိုက်တံရှည်နဲ့  ..ကရင်ဒုန်းယိမ်း.ကသလို  ရမ်းဖျန်းပြပါတယ်။(၁၀- ပေ တခန်းစာ လောက်ကျယ်လိမ့်မယ်)

"ဟောသလို.. ဟောသလိုဖျန်းတာ ဆရာရယ်...တဧက..၂ ပုံး၊ ဘာကြာလိမ့်မတုန်း"..တဲ့။

ဒီအကြောင်းလေးကို ဟောပြောပွဲမှာ ပြောပြပြီး...

ဒီက တောင်သူမိတ်ဆွေများလည်း.. ဆေးဖျန်းရင် သိုင်းကသလို အမြန်ကြီးမဖျန်းကြပါနဲ့။

မြန်မာသံ သီချင်းအေးအေးလေး..ဆိုရင်း ဖြည်းဖြည်းချင်း..ဖျန်းပါလို့။

(သီချင်းမြန်ရင်၊လက်ကလည်း မြန်မှာကိုး)

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အတွေးနဲ့ ပြောတာတော့ ဟုတ်ပြီထင်နေတာ..

အနားက တောင်သူ အမကြီးတယောက်နဲ့ကျမှ  ကျွတ်တော့တာပဲ။

"ဆရာ ပြောသလို..ဆိုရင်..မာမာအေးသီချင်းဆိုရင်းနဲ့ ဆေးဖျန်းရင် မကောင်းဘူးလား..ဆရာ.."တဲ့။

ဟာ.. ကောင်းတာပေါ့။ မာမာအေးလည်း  မြန်မာသံပဲ။

“ဘယ်သီချင်းလဲ..အမကြီး"ဆိုပြပါဦးပေါ့..။ (မဆိုရဲ လောက်ဘူး..ထင်တာကိုး)

လက်ထဲကမိုက်ခရိုဖုန်းယူပြီး..ဟဲ တော့တာပဲ။

သံသရာ×××ဆွဲ..ဆန့်...လို့၊ ဘယ် လောက်ပင်×××ရှည်ရှည်×××

"တော်.. တော်ပါတော့ အမရယ်။ သံသရာဆွဲဆန့်ပြီး ဒီသီချင်းနဲ့သာ ဆေးဖျန်းရင် ဆေးဖိုးနဲ့  မွဲရချည်ရဲ့..” လို့ တားယူရတယ်။

အပျင်းလည်း ပြေ၊ဗဟုသုတလည်းရအောင် ပြောပြတာပါ။

အဓိက ပြောချင်တာက စနစ်တကျ အကျိုးရှိရှိ ဆေးဖျန်းတတ်စေဖို့ပါ။

ဆေးဖျန်းတဲ့ နေရာမှာ မဖြစ်မနေ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။

၁- ဆေးအုပ်စု ရွေးချယ်မှု မှန်ကန်ရမယ်။

၂- ဆေးနှုန်းထား မှန်ကန်ရမယ်။

၃- ဆေးဖျန်းသင့်တဲ့အချိန်မှန်ကန်ရမယ်။

၄- ဆေးဖျန်းနည်းစနစ် မှန်ကန်ရမယ်။

အချက်တခုခု မှားယွင်းတာနဲ့၊ အကျိုးရှိထိရောက်မှုပမာဏ နည်းစေတာပါပဲ။ 

ပိုးသတ်ဆေးဖြစ်စေ၊ မှိုသတ်ဆေးဖြစ်စေ၊ ပေါင်းသတ်ဆေးဖြစ်စေ၊ ဆေးတွေ ဘယ် လောက် ကောင်းကောင်း၊ တန်ဖိုးဘယ်လောက်ကြီးကြီး ဖျန်းနည်းစနစ်မကျရင်..အချည်းအနှီး ဖြစ်ရပါတယ်။

သမရိုးကျ တောင်သူဘဝမှသည်  စီးပွားဖြစ် တောင်သူလုပ်ငန်းရှင်အဖြစ်သို့ ချီတက်တဲ့ နေရာမှာ... ဘယ်လုပ်ငန်းမဆို စနစ်တကျ လုပ်ကိုင်ဖို့လိုပါတယ်။

သို့မှသာ.. တောင်သူများရဲ့အနာဂတ် လှပစေမှာဖြစ်ပြီး... ရေရှည်တည်တံ့သော မြန်မာ့လယ်ယာစိုက်ပျိုးရေးအတွက်၊ အုတ်တချပ်၊ သဲတပွင့် ဖြစ်စေခြင်းငှာ ရေးသားတင်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်