မျိုးတုံးပျောက်ကွယ်ခံနီးသော မြန်မာနိုင်ငံရှိ ပင်လယ်လိပ် (၅) မျိုး

24/11/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပင်လယ်လိပ်များသည် ဒိုင်နိုဆောများထက် စော၍ ပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံးသတ္တဝါများ ဖြစ်ပါသည်။ ယင်းတို့သည် ဘဝသက်တမ်းတစ်လျှောက် မိုင်ထောင်ပေါင်းများစွာ သွားလာကျက်စားနိုင်ပါသည်။ ပင်လယ်ကမ်းရိုးတန်းရေပြင်နှင့် သဲသောင်များသည် ပင်လယ်လိပ်များ သွားလာကျက်စား ဥချရာ ဒေသများဖြစ်ပါသည်။ ပင်လယ်လိပ်များသည် ယင်းတို့သားပေါက်ခဲ့သည့်နေရာတွင်ပင်  ပြန်လည်ဥချလေ့ရှိပါသည်။

ပင်လယ်လိပ်များအား မျိုးသုဥ်းလုနီးပါးမျိုးစိတ်(Endangered Species) အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပင်လယ်လိပ်များသည် ပင်လယ်ဒီရေနီ(Red Tide)ဖြစ်ပေါ်စေသော သတ္တမျှောလှေး(Dinoflagellate)များကို အစာအဖြစ် စားသုံးသောကြောင့် ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသည့်သတ္တဝါများ ဖြစ်ပါသည်။ ပင်လယ်လိပ်များကြောင့် သဘာဝအ​ခြေခံခရီးသွားလုပ်ငန်းများ(Eco-tourism)ဖွံ့ဖြိုးလာနိုင်ပြီး ထိုမှတဆင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။

 ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် (၇) မျိုးရှိရာ မြန်မာနိုင်ငံတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရှိနိုင်ပါသည်။

ယင်းတို့မှာ-

(၁) လိပ်စောင်းလျား (Leatherback Turtle)

(၂) လိပ်ကြက်တူရွေး (Hawksbill Turtle)

(၃) လိပ်လှောင်း (Olive Ridley)

(၄) ပြင်သာလိပ်(Green Turtle)

(၅) လိပ်ခွေး(Loggerhead)ဟူ၍ ဖြစ်ကြသည်။

လိပ်စောင်းလျား(Leatherback Turtle)

လိပ်စောင်းလျား(Leatherback Turtle) သည် ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ဖြစ်ပြီး ယင်း၏သိပ္ပံအမည်မှာ Dermochelys coriacea ဖြစ်သည်။ လိပ်စောင်းလျား၏ ပုံသဏ္ဌာန်မှာ ကျောခွံတွင်စောင်းလျားသီးပုံဖြစ်ပါသည်။ ခန္ဓာကိုယ်တွင် အလျားလိုက်စောင်း ၅ ခု ပါရှိသည်။ ကျောခွံမှာ ထူထည်းပျော့ပျောင်းပြီး အထူးသွေးလည်ပတ်မှုစနစ် ပါရှိပါသည်။ အရေပြားတွင် အဆီများစွာပါရှိသည့် ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် အလွန်အေးသောရေထဲတွင် ပြုပြင်ပြောင်းလဲ ရှင်သန်နေထိုင်နိုင်ပါသည်။ ကျောခွံအလျားမှာ ၂ မီတာအထိ ရှည်လျားပြီး ခန္ဓာကိုယ်အလေးချိန်မှာ တစ်တန်အထိရှိပါသည်။ ရှေ့ရေယက်သည် အလွန်ရှည်လျားသန်မာပြီး ရေထဲ၌ ကူးခတ်သွားလာရာတွင် အလွန်လျှင်မြန်ပါသည်။ အစုံစား(Omnivore)သတ္တဝါဖြစ်ပြီး ရေခူနှင့် ပြည်ကြီးငါးများကို အဓိကအားဖြင့်စားသုံးလေ့ရှိပါသည်။တစ်ကြိမ်ဥချပါက ဥအလုံးရေ(၆၀)မှ (၁၂၀) လုံးအထိရှိပြီးမျိုးသုဥ်းပျောက်ကွယ်လုနီးပါးအဖြစ်ဆုံး မျိုးစိတ်တစ်ခုဖြစ်ပါသည်။

 

လိပ်ကြက်တူရွေး (Hawksbill Turtle)

လိပ်ကြက်တူရွေး(Hawksbill Turtle)၏ သိပ္ပံအမည်မှာ Eretmochelys imbricata ဖြစ်ပြီး  အပူပိုင်းဒေသတွင် တွေ့ရအများဆုံးဖြစ်သည်။ လိပ်ကြက်တူရွေးသည် ကျောခွံတွင် အလွန်လှပသော အကြေးကွက်များရှိပါသည်။ ကျောခွံအကြေးကွက်များမှာ တစ်ခုနှင့် တစ်ခုထပ်လျက် ရှိပါသည်။ နှုတ်သီးမှာ ကြက်တူရွေး(သို့မဟုတ်) စွန်နှုတ်သီးပုံသဏ္ဌာန်ရှိသဖြင့် လိပ်ကြက်တူရွေး (သို့မဟုတ်)လိပ်စွန်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ သန္တာကျောက်တန်း၊ ကျောက်ခက်များအနီးတွင် နေထိုင်ကျက်စားလေ့ရှိပြီး ပင်လယ်သမုဒ္ဒရာအောက်ခြေကြမ်းပြင်ရှိ ကျောရိုးမဲ့သတ္တဝါများကို အဓိက စားသုံးလေ့ရှိပါသည်။ အပင်၊ သက်ရှိသတ္တဝါငယ်များ၊ ပင်လယ်မြက်၊ ပင်လယ်ရေမှော်များ၊သန္တာကျောက်ခက် ကျောက်ပွင့်များ၊ ဒီရေရောက်အပင်များ၏ အသီးများကို စားသုံးလေ့ရှိပါသည်။ ယင်း၏ လှပသော ကျောခွံများအား လူသားများမှ လွန်ကဲစွာသုံးစွဲလာမှုကြောင့် မျိုးသုဥ်းပျောက်ကွယ်လာသဖြင့် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်တစ်မျိုးအဖြစ်သတ်မှတ်ထားပါသည်။

လိပ်လှောင်း (Olive Ridley)

လိပ်လှောင်း(Olive Ridley)၏ သိပ္ပံအမည်မှာ Lepidochelys olivacea ဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်သည်။လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ လုံးဝန်းပြီး အညိုရင့်ရောင်(သို့မဟုတ်)အစိမ်းရင့်ရောင်ရှိပြီး သက်ငယ် ကောင်အဆင့်တွင် နီညိုရောင်ရှိပါသည်။ ကျောခွံဘေးအကြေးကွက်မှာ တစ်ဖက်လျှင် ၄ခုစီပါရှိပါသည်။ခန္ဓာကိုယ်အလေးချိန် ၃၀၀ ကီလိုဂရမ်အထက်ရှိပြီး ရေမှော်၊ပင်လယ်မြက်များကို အဓိကစားသုံးလေ့ရှိပါသည်။ တစ်ကြိမ်လျှင်ဥလုံးရေ(၈၅)လုံးမှ (၂၀၀)လုံးဖြင့် တစ်နှစ်လျှင် ၇ ကြိမ်မှ ၈ကြိမ်အထိ ဥချလေ့ ရှိပါသည်။ မျိုးသုဥ်းပျောက်ကွယ်လုနီးပါးသတ္တဝါအဖြစ် သတ်မှတ်ထားပါသည်။

ပြင်သာလိပ်(Green Turtle)

ပြင်သာလိပ်(Green Turtle) ၏ သိပ္ပံအမည်မှာ Chelonia mydas ဖြစ်ပြီး  ကျောခွံအရောင်မှာ လေးညှင်းရောင်(သို့မဟုတ်)စိမ်းညိုရောင်နှင့် အဝါရောင် ရောယှက်လျက်ရှိပါသည်။ ကျောခွံဘေးအကြေးကွက်မှာ တစ်ဘက်လျှင် ၆ ခုမှ ၇ ခုထိ ပါရှိပါသည်။ယင်း၏ထူးခြားချက်မှာ ဝမ်းဗိုက်ခွံ (Plastron)နှင့် အပြင်နားအကြေး(Marginal Scales)ကြားရှိ အတွင်းအကြေး(Inframarginal Scales)များတစ်ခုစီတွင် အပေါက်ငယ်(Inframarginal Pores)များ ၄ခုပါရှိသည်။ သက်ကြီးကောင်များသည် တစ်ခုတည်းသော အရွက်စားပင်လယ်လိပ်ဖြစ်သည်။ ပြင်သာလိပ်အမသည် တစ်ကြိမ်ဥချပါက ဥလုံးရေ ၉၀ မှ ၁၂၀ လုံးအထိရှိပြီး မျိုးသုန်းလုနီးပါးဖြစ်ရန် အလားအလာရှိသော မျိုးစိတ်တစ်မျိုး ဖြစ်ပါသည်။

လိပ်ခွေး(Loggerhead)

လိပ်ခွေး(Loggerhead)သည် ကြီးမားသောမျိုးစိတ်တစ်ခုဖြစ်ပါသည်။ လိပ်ခွေး၏ သိပ္ပံအမည်မှာ Caretta Caretta ဖြစ်သည်။ ကျောခွံ၏အရောင်မှာ နီညိုရောင်ရှိပြီး ကျောခွံဘေး အကြေးကွက်မှာ တစ်ဘက်လျှင် ၅ ခုစီရှိပါသည်။ အခြားပင်လယ်လိပ်များနှင့် နှိုင်းယှဥ်ပါကဦးခေါင်းသည် လွန်စွာကြီးမားပြီး မေးရိုးများမှာ အလွန်သန်မာပါသည်။ ခန္ဓာကိုယ်အလေးချိန် ၄၅၀ ကီလိုဂရမ်ထိ ရှိပါသည်။ အစုံစား သတ္တဝါဖြစ်ပြီး အဓိကအားဖြင့် ခရု၊ ယောက်သွား၊ ဂုံး၊ သံပခြုပ်၊ ကဏန်းနှင့် ရေခူများကို စားသုံးသည့် အလေ့အထရှိပါသည်။ တစ်ကြိမ်ဥချပါကဥလုံးရေ ၇၀ မှ ၁၃၀ လုံးအထိ ဥချလေ့ရှိပါသည်။ တစ်နှစ်လျှင် ၆ကြိမ်အထိ ဥချတတ်ပါသည်။ လိပ်ခွေးများမှာ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ယင်းတို့၏ ဥချရာနေရာများ လျော့ပါးနှောင့်ယှက်ခြင်း ခံနေရပါသည်။ မြန်မာနိုင်ငံတွင် ယခုအခါ လိပ်ခွေးကို မတွေ့ရှိရသလောက်ပင် ဖြစ်ပါသည်။

ပင်လယ်လိပ်များ မျိုးသုဥ်းရသည့် အကြောင်းရင်းများ

  • ပင်လယ်လိပ်များ၏ ဥနှင့်အသားများကို လူသားများမှ စားသုံးခြင်း
  • ငါးဖမ်းဆီးရာတွင် ငါးဖမ်းကိရိယာများတွင် မတော်တဆထိမိခြင်း
  • လိပ်သောင် လိပ်ကျွန်းများတွင် လူသားများမှ ကျူးကျော်ချဲ့ထွင် နေထိုင်လာခြင်း
  • စွန့်ပစ်အညစ်အကြေးများနှင့် ရေထုညစ်ညမ်းမှုများကြောင့် ပင်လယ်ပြင်ဂေဟစနစ်နှင့် မူရင်းဒေသ များ ပျက်စီးပျောက်ဆုံးရခြင်း
  • ပင်လယ်ရေပြင်အတွင်းသို့ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း
  • ရေလုပ်သားများမှ စွန့်သော ပျက်စီးနေသည့် ပိုက်စုပ်များတွင် ငြိတွယ်သေဆုံးခြင်း
  • ပင်လယ်လိပ်များ၏ အစာဖြစ်သည့် ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများ ဆုံးရှုံးပျက်စီး လျော့နည်းလာခြင်း
  • ပင်လယ်လိပ်များဥချရာ သဲသောင်ပြင်များ သဘာဝကြောင့် ပျက်စီးဆုံးရှုံးခြင်း
  • ရေယာဥ်ပန်ကာ(ဒလက်)များကြောင့် ဒဏ်ရာရရှိမှု သေဆုံးခြင်း
  • ပင်လယ်လိပ်ခွံများဖြင့် အလှတန်ဆာဆင်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများအဖြစ် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဥ်းရပါသည်။

ထို့ကြောင့်

  • ပင်လယ်လိပ်များကို သတ်ဖြတ်ခြင်း၊ စားသုံးခြင်းနှင့် ပင်လယ်လိပ်ဥများကို တူးဖော်ခြင်း၊ စားသုံးခြင်း မပြုလုပ်ရန်
  • ငါးဖမ်းကိရိယာများတွင် ဖမ်းဆီးထိမိမှုများဖြစ်ပေါ်ပါက ငါးဖမ်းကိရိယာများမှ ဂရုတစိုက်ဖယ်ရှားပေးရန်နှင့် နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းအချက်အလက်များ(ထိမိသော ငါးဖမ်းကိရိယာ၊ ရက်စွဲ၊ လိပ်အမျိုးအစား၊ အရွယ်အစား၊ ပင်လယ်လိပ်၏ အခြေအနေ)နှင့် ပတ်သက်သော သတင်းများ ပေးပို့ရန်
  • ငါးဖမ်းကိရိယာများတွင် ထိမိခဲ့ပါက ပင်လယ်လိပ်များအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ကာ ရေပက်ဖြန်းပြုစုပေးပြီး စိတ်ချရသည့် အခြေအနေတွင် ပြန်လည်လွှတ်ပေးရန်
  • တရွတ်ဆွဲငါးဖမ်းကိရိယာများတွင် ပင်လယ်လိပ်များ လွတ်မြောက်စေနိုင်သည့်ကိရိယာ(Turtle Excluder Device-TED)တပ်ဆင်အသုံးပြုရန်
  • အမှတ်အသားပါ သတ္တုပြား(Tag)ရိုက်နှိပ်ထားသော ပင်လယ်လိပ်များအား ငါးဖမ်းကိရိယာများနှင့် ထိမိပါက (Tag)နံပါတ်များကို နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ သတင်းပေးပို့ရန်
  • Tag နှင့် လမ်းကြောင်းအချက်ပြကိရိယာ(Platform Transmitter Terminal)ရိုက်နှိပ်တပ်ဆင်ထားသည့် ပင်လယ်လိပ်များသေဆုံးပါက ဖြုတ်ယူသိမ်းဆည်း၍ နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ သတင်းပေးပို့အပ်နှံရန်
  • ပင်လယ်လိပ်အသေများ တွေ့ရှိပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများသို့ သတင်းပို့ရန်
  • ပင်လယ်လိပ်များအား သက်ရှိရတနာ သယံဇာတအမွေအနှစ်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်
  • မျိုးသုဥ်းရှားပါးရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာပြဌာန်းထားသော တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်း၊ ရုံးအမိန့်၊ ကြော်ငြာစာများနှင့် နှိုးဆော်ချက်များကို အလေးထား လိုက်နာခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော်

လိပ်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး သတ္တဝါဖြစ်ပြီး ပင်လယ်လိပ်များမှာ မျိုးသုဥ်းရန်အန္တရာယ်ရှိနေသော မျိုးစိတ်များတွင် ပါဝင်နေပါသည်။ မြန်မာနိုင်ငံတွင် ပင်လယ်လိပ်(၅)မျိုးကို တွေ့ရှိရပြီး ယခုအခါ အချို့သောလိပ်မျိုးစိတ်များမှာ မျိုးသုဥ်းပျောက်ကွယ်မည့်အခြေအနေသို့ ကျရောက်နေပါသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနမှ လိပ်မျိုးထိန်းသိမ်းရေးအတွက်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများမှလည်း ပူးပေါင်းပါဝင်ပါမှ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်