မျိုးစေ့အပင်ပေါက်မှုအပေါ် လွှမ်းမိုးထားတဲ့အချက်များ

27/09/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အပင်တွေကို မျိုးစေ့ကနေ စိုက်ပျိုးတဲ့အခါ အစေ့ကနေ အပင်ပေါက်လာဖို့ စောင့်ဆိုင်းရတာဟာ တော်တော်လေးကြာတယ်လို့ ခံစားရပါတယ်။ အမှန်တကယ်လည်း ကြာနိုင်ပါတယ်။ အချို့သော မျိုးစေ့တွေဟာဆိုရင် အပင်ပေါက်လာဖို့ ရက်သတ္တပတ် ၃ ပတ်ကနေ ၄ ပတ်လောက်အထိ ကြာတတ်သလို ဒီထက် ကြာတာမျိုးတွေလည်း ရှိပါတယ်။ 

မျိုးစေ့ကနေ အပင်ပေါက်လာဖို့ အချိန်ဘယ်လောက်ကြာနိုင်သလဲ? 

ဟင်းသီးဟင်းရွက် မျိုးစေ့တွေဟာ မြေဆီလွှာရဲ့အပူချိန်နဲ့ လေရဲ့အပူချိန်တို့အပေါ် မူတည်ပြီး အပင်ပေါက်တဲ့နှုန်း ကွာခြားနိုင်တာ ဖြစ်ပါတယ်။

"သင့်တော်တဲ့ အပူချိန်ရှိခြင်းဟာ မျိုးညှောင့်ပေါက်မှုကို မြန်ဆန်စေနိုင်ပြီး အေးတဲ့အ‌ခြေအနေမှာတော့ အပင်ပေါက်နှုန်းကို နှေးစေနိုင်ပါတယ်။ မျိုးစေ့အများစုအတွက် အပင်ပေါက်မှု မြန်ဆန်စေဖို့ သင့်တော်တဲ့ အပူချိန်ကတော့ ၂၁ ဒီဂရီ စင်တီဂရိတ်ဝန်းကျင် ဖြစ်ပါတယ်။"

အောက်မှာ ဖော်ပြထားတာကတော့ သီးနှံအလိုက် မျိုးညှောက်ပေါက်နိုင်တဲ့ ရက်တွေဖြစ်ပါတယ်။ ထပ်လောင်းပြောချင်တာက အောက်ဖော်ပြပါရက်တွေဟာ မျိုးစေ့တွေအတွက် အသင့်တော်ဆုံး အပူချိန်မှာထားရှိပြီး စမ်းသပ်ထားတဲ့ (ယေဘုယျကျတဲ့) ရက်တွေဖြစ်ပါတယ်။ 

  • သခွား (၅ - ၇ ရက်) 
  • ဖရဲသီး (၄ - ၁၀ ရက်) 
  • ခရမ်းချဥ် (၅ - ၇ ရက်) 
  • ကညွတ် (၁၄ - ၁၈ ရက်) 
  • ပန်းဂေါ်ဖီစိမ်း (၇ - ၁၀ ရက်) 
  • ပန်းဂေါ်ဖီ (၄ - ၁၀ ရက်) 
  • ပြောင်းဖူး (၄ - ၁၀ ရက်) 
  • ခရမ်းသီး (၁၀ - ၁၅ ရက်) 
  • ကြက်သွန်ဖြူ (၇ - ၁၄ ရက်) 
  • ကိုက်လန် (၅ - ၇ ရက်) 
  • ရုံးပတီသီး (၇ - ၁၂ ရက်) 
  • ရွှေဖရုံ (၄ - ၁၀ ရက်) 
  • မုန်လာဥ (၄ - ၁၀ ရက်) 
  •  ဟင်းနုနွယ် (၆ - ၁၄ ရက်) 
  • မုန်ညှင်းစိမ်း (၄ - ၆ ရက်) 
  •  ပဲပင်များ (၄ - ၁၀ ရက်) 

မျိုးညှောက်ပေါက်မှု (seed germination) အပေါ် သက်ရောက်နေတဲ့ အချက်များဆိုရင်

ပြင်ပသက်ရောက်မှုများ (External Factors)  နဲ့ မျိုးစေ့အတွင်း သက်ရောက်မှု (internal factors) ဆိုပြီး ရှိပြီးပါတယ်။

ပြင်ပသက်ရောက်မှုအနေနဲ့

 

(၁) ရေ

မျိုးစေ့တွေကနေ အပင်ပေါက်လာဖို့က ရေလိုအပ်ပါတယ်။ လုံလောက်တဲ့ ရေသာ ထောက်ပံ့မပေးနိုင်ဘူးဆိုရင် ကျိန်းသေပေါက် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ မျိုးစေ့တွေဟာ ရေနဲ့ထိတွေ့တဲ့အခါ သန္ဓေပေါက် (micropyle) နဲ့ အစေ့ခွံ (seed coat) များမှတဆင့် ရေကို စုပ်ယူတာ ဖြစ်ပါတယ်။ ရေဟာအစေ့ခွံကို ပျော့ပျောင်းစေပြီး ရေစိမ့်ဝင်နိုင်မှုတိုးစေကာ  လေဝင်လေထွက်ရအောင်လည်း ပြုလုပ်ပေးပါတယ်။ ထို့အပြင် ရေဟာ မျိုးစေ့ဆဲလ်တွေရဲ့ ပရိုတိုပလာဆမ် (protoplasm) ကို စတင်အသက်ဝင်လာအောင်လည်း လုပ်ပေးတာ ဖြစ်ပါတယ်။ ရေဟာ မပျော်ဝင်နိုင်တဲ့ အစာပစ္စည်းတွေကိုလည်း ပျော်ဝင်အောင် ပြုလုပ်ပေးမှာဖြစ်ပြီး အစာသိုလှောင်ထားရာ နေရာကနေ အပင်လောင်းဖြစ်ပေါ်မယ့် နေရာဆီကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

မျိုးညှောက်ပေါက်ဖို့နဲ့ အပင်အဖြစ် ကြီးထွားလာဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေဟာလည်း ရေရှိနေမှသာ ထုတ်လုပ်နိုင်မှာ ဖြစ်တာကြောင့် ရေဟာ အရေးကြီးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မစိုက်ပျိုးခင်မှာ မျိုးစေ့တွေကို ရေစိမ်ခြင်းဟာ  အပင်ပေါက်မှု အားကောင်းစေတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ မျိုးစေ့တွေကို ရေစိမ်တဲ့ အလေ့အကျင့်ဟာ မာကျောခြောက်သွေ့သော အစေ့အဆံများ (သို့မဟုတ်) မြုံနေသော သန္ဓေသားလောင်းများအတွက် အကျိုးရှိစေပါတယ်။ ရေလိုအပ်တယ်ဆိုပေမဲ့ မျိုးစေ့အများစုဟာ လေဝင်လေထွက်မကောင်းတဲ့ အခြေအနေအောက်မှာ အသက်မရှူနိုင်တာကြောင့် မျိုးစေ့ အပင်ပေါက်လာဖို့ရာအတွက် ပိုလျှံနေတဲ့ ရေဟာတော့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မကြာခဏဆိုသလို ရေအလွန်အကျွံ လောင်းပေးခြင်းဟာ ခါးရိရောဂါ (damping off) ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ 

(၂) အောက်စီဂျင် 

မြေဆီလွှာမှာ လေဝင်လေထွက်ရှိခြင်းက မျိုးညှောက်ပေါက်နိုင်ဖို့အတွက် အရေးကြီးတာကြောင့် မဖြစ်မနေ လိုအပ်ပါတယ်။ အပင်လောင်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေ ရရှိနိုင်ဖို့၊ လေရှိအခြေအနေမှာ စွမ်းအင်ပြုအစာဖြိုခွဲခြင်း (aerobic respiration) ပြုလုပ်နိုင်ဖို့အတွက် အောက်စီဂျင်ကို လိုအပ်တာ ဖြစ်ပါတယ်။ မျိုးစေ့ အပင်ပေါက်နေတဲ့ အတောအတွင်းမှာဆိုရင် ဓာတ်တိုးခြင်း (oxidation) နှုန်းလည်း တိုးလာပါတယ်။ အောက်ဆီဂျင် စုပ်ယူမှု တိုးလာသလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း တိုးမြှင့်တဲ့နှုန်းထားနဲ့ ထုတ်ပေးတာ ဖြစ်ပါတယ်။ 

(၃) အပူချိန် 

များသောအားဖြင့် မျိုးစေ့တွေဟာ အပူချိန်ပမာဏ အတော်များများမှာ အပင်ပေါက်နိုင်ကြပါတယ်။ သို့ပေမယ့် လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းပြီးကာစ မျိုးစေ့တွေဆိုရင်တော့ သတ်မှတ်ထားတဲ့ အပူချိန်ပမာဏ အနည်းငယ်ဝန်းကျင်လောက်မှာပဲ အပင်ပေါက်နိုင်တာမို့ အပူချိန်ကိုလည်း သတိပြုဖို့လိုအပ်ပါတယ်။ 

ထို့အပြင် အပူချိန်ဟာ ရေစုပ်ယူမှုအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ မျိုးစေ့အပင်ပေါက်ခြင်းမှာဆိုရင် အောက်ဆီဂျင်ရယူခြင်းနဲ့ ဓာတုဓာတ်ပြုခြင်းတွေလည်း ရှိနေတာဖြစ်ပါတယ်။ မျိုးစေ့အပင်ပေါက်ခြင်းအတွက် အပူချိန်လိုအပ်ချက်ကို ယေဘူယျအားဖြင့် အဆင့် ၃ ခုနဲ့ ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ အပူချိန် အဆင့် ၃ ဆင့်ဖြစ်တဲ့ – အနိမ့်ဆုံး၊ အမြင့်ဆုံးနဲ့ အသင့်တော်ဆုံးဆိုပြီး ဖြစ်ပါတယ်။ 

အပူချိန် မြင့်လွန်း နိမ့်လွန်းတဲ့အခါမှာမျိုးစေ့ အပင်ပေါက်ခြင်းကို ထိခိုက်နိုင်သလို လုံးဝ အပင်မပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မျိုးစေ့အများစုဟာ အပူချိန် ၂၆ မှ ၃၆ ဒီဂရီစင်တီဂရိတ်အတွင်းမှာ အပင်ပေါက်လေ့ရှိပြီး ၎င်းပမာဏဟာ အသင့်တော်ဆုံးအပူချိန်လို့ ဆိုနိုင်ပါတယ်။

(၄) အလင်းရောင် 

အလင်းရောင်ဟာလည်း မျိုးစေ့အပင်ပေါက်နိုင်မှု အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အလင်းရောင်ဟာ အချို့သော မျိုးစေ့တွေကိုတော့ အပင်ပေါက်လာအောင် လှုံ့ဆော်နိုင်သလို အချို့ကိုတော့ အပင်ပေါက်ခြင်းကနေ ဟန့်တားနိုင်ပါတယ်။ အလင်းရောင်ကို အာရုံခံနိုင်တဲ့ အနေအထားဟာ သီးနှံမျိုးစေ့အလိုက် ကွာခြားမှုရှိနိုင်တာ ဖြစ်ပါတယ်။ အချို့သော မျိုးစေ့တွေကတော့ အပင်ပေါက်နိုင်ဖို့အတွက် အလင်းရောင်လိုအပ်ပါတယ်။ ဥပမာ - ဆလတ်၊ ပန်းဂေါ်ဖီ၊ ဆေးရွက်ကြီး၊ မြက်ပင်အများစုနဲ့ သစ်ကပ်ပင်တွေ ဖြစ်ပါတယ်။ အချို့သော မျိုးစေ့တွေကတော့ အလင်းရောင်ရှိနေတဲ့အချိန်မှာ အပင်မပေါက်နိုင်ကြပါဘူး။ ဥပမာ - ခရမ်းချဥ်၊ ကြက်သွန်၊ လီလီ

ပြင်ပကလွှမ်းမိုးထားတဲ့ အခြားအချက်အနေနဲ့

သစ်ခွပင်တွေနဲ့ အချို့သော အပင်တွေရဲ့ မျိုးစေ့ဟာဆိုရင် ၎င်းတို့အတွက် သင့်လျော်တဲ့ မိတ်ဖက်မှိုတွေ ရှိမှသာ အပင်ပေါက်နိုင်တာ ဖြစ်ပါတယ်။ အချို့သော ကပ်ပါးပင်တွေဆိုရင်လည်း ကြီးထွားစေတဲ့ ဟော်မုန်းအချို့ကို ထုတ်လွှတ်တဲ့အတွက် မျိုးစေ့တွေဟာ ၎င်းတို့ရဲ့ လက်ခံပင်အနီးတဝိုက်မှာပဲ အပင်ပေါက်လာတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေမှာပေါက်တဲ့ အပင်တချို့ရဲ့ မျိုးစေ့တွေဟာဆိုရင် ရေ ချဥ်/ငန် ကိန်းနိမ့်ပြီး အက်စစ်ဓာတ်ဆန်တဲ့ အခြေအနေရှိမှသာ အပင်ပေါက်တာမျိုးလည်း ရှိကြပါတယ်။ 

၂။ မျိုးစေ့အတွင်းမှ သက်ရောက်မှုများ (Internal Factors)

(၁) ရှင်သန်နိုင်စွမ်း

အသင့်တော်ဆုံး အခြေအနေတွေ ထောက်ပံ့ပေးထားပြီး အပင်ပေါက်လာနိုင်တဲ့ အစွမ်းသတ္တိကို မျိုးစေ့ရဲ့ရှင်သန်နိုင်မှုလို့ ခေါ်ဆိုပါတယ်။ မျိုးစေ့ရှင်သန်နိုင်မှုဟာ ၎င်းရဲ့ အစာသိုလှောင်ထားနိုင်မှု၊ အရွယ်အစားနဲ့ မျိုးစေ့ကျန်းမာသန်စွမ်းမှုတို့ အပေါ်မှာလည်း မူတည်တာဖြစ်ပါတယ်။ 

(၂) သက်တမ်း 

မျိုးစေ့တွေဟာ အချိန်ကြာလာတာနဲ့အမျှ အပင်ပေါက်နိုင်တဲ့ စွမ်းအင်လျော့သွားတတ်ကြပါတယ်။ ထို့ကြောင့် မျိုးစေ့တွေမှာ သက်တမ်းရှည်ခြင်း၊ သက်တမ်းတိုခြင်း၊ အပင်ပေါက်နိုင်ခြင်း စသည်ဖြင့် ကွာခြားတာ ဖြစ်ပါတယ်။ သီးနှံပင် အများစုဟာ ၂ - ၅ နှစ်အတွင်းမှာ ၎င်းတို့ရဲ့ ရှင်သန်နိုင်စွမ်းတွေ ဆုံးရှုံးသွားလေ့ရှိပါတယ်။ ပဲပင်တွေဆိုရင်တော့ ၎င်းတို့ရဲ့ ရှင်သန်နိုင်စွမ်း သက်တမ်းကို ကြာရှည်စွာ ထိန်းသိမ်းထားလေ့ရှိကြပါတယ်။ 

(၃) ငုပ်လျှိုးအနားယူခြင်း 

ဒီဖြစ်စဥ်ကိုတော့ သီးနှံမျိုးစေ့တိုင်းမှာ တွေ့ရှိရတတ်ပြီး မျိုးစေ့တွေရဲ့ အတွင်းပိုင်းမှာရှိတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ မျိုးစေ့ငုပ်လျှိုးခြင်းဟာ ပုံမှန်အားဖြင့် အပင်ရှင်သန်နိုင်မှု နည်းပါးနေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ မျိုးစေ့ကနေ အပင်ပေါက်မလာအောင် လိုက်လျောညီထွေဖြစ်စေတဲ့ ဆင့်ကဲပြောင်းလဲမှု တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် အပူချိန်၊ ရေ၊ အလင်းရောင်၊ လေ၊ အစေ့ခွံနဲ့ အခြားသော သက်ရောက်မှုများကြောင့် ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://www.homesteadingwhereyouare.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်