မြေဆီလွှာတွင် လေဝင်လေထွက်ညံ့ဖျင်းစေသည့် အကြောင်းအရင်းများ

27/11/2024 16:05 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မြေဆီလွှာမှာ လေဝင်လေထွက်ရှိခြင်းဟာ အပင်ကြီးထွားမှုအတွက် အဓိကကျတဲ့ အခြေအနေများထဲမှ တစ်ခုဖြစ်ပါတယ်။ မြေသြဇာကျွေးခြင်းနဲ့ ရေသွင်းရေထုတ် ပြုလုပ်ခြင်းတို့ဟာ တောင်သူအများစုအတွက် ပုံမှန်လုပ်နေကျ အလေ့အကျင့်များဖြစ်သော်လည်း မြေဆီလွှာရဲ့ လေဝင်လေထွက်ကို ကောင်းအောင်ပြုလုပ်ဖို့ကိုတော့ မကြာခဏမေ့လျော့နေတတ်တာကြောင့် ကိုင်တွယ်ထိန်းသိမ်းခြင်းမပြုလုပ်ဘဲ သဘာဝအတိုင်း ရှိနေတတ်ပါတယ်။ သို့ပေမဲ့ မြေဆီလွှာရဲ့ လေဝင်လေထွက်ကောင်းခြင်းဟာ အမြစ်ကြီးထွားမှုနဲ့ အမြစ်ရဲ့ လုပ်ဆောင်ချက်အပေါ် အကျိုးသက်ရောက်နိုင်ပြီး အပင်များကို ကျန်းမာသန်စွမ်းစေကာ အကျိုးဆက်အနေဖြင့် သီးနှံအထွက်နှုန်း မြင့်မားအောင်လည်း ကူညီပေးနိုင်ပါတယ်။ အမျိုးမျိုးသော မြေဆီလွှာပြုပြင်တဲ့ ကိရိယာများနဲ့ နည်းလမ်းများကို အသုံးပြုပြီးတော့လည်း မြေဆီလွှာအတွင်း သင့်လျော်သော လေ လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ပြီး အမြစ်ဇုန်သို့ အရေးကြီးသော အောက်ဆီဂျင်ကို ပို့ဆောင်ပေးနိုင်ပါတယ်။ 

မြေဆီလွှာရဲ့ လေဝင်လေထွက်ဆိုတာ ဘာလဲ? 

မြေဆီလွှာရဲ့ လေဝင်လေထွက် လုပ်ငန်းစဉ်ဟာ မြေအောက် လေဝင်ပေါက်များနဲ့ လေထုအကြား အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပြန်အလှန် ရွေ့လျားစေခြင်းဖြင့် မြေဆီလွှာအောက်ကို လေ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဥ်ကြောင့် သီးနှံများမှာ အောက်ဆီဂျင်ငတ်မွတ်မှုကို ရှောင်ရှားပေးနိုင်ပြီး မြေအောက်လေထုအတွင်းရှိ အန္တရာယ်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များ မြင့်မားလာခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

မြေဆီလွှာ လေဝင်လေထွက်ရှိခြင်းဟာ မည်သည့်အခန်းကဏ္ဍမှာ ပါဝင်နေပါသလဲ?

အပင်ရဲ့အမြစ်များဟာ အသက်ရှုရန်နဲ့ ဂလူးကို့စ် - အောက်ဆီဂျင်တုံ့ပြန်မှုမှ ၎င်းတို့ရဲ့ လိုအပ်ချက်များ အတွက် စွမ်းအင်ထုတ်လွှတ်ရန် လေထုထဲမှ အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ လေဝင်လေထွက် အားနည်းသော မြေဆီလွှာမှာဆိုရင် အပင်ရဲ့အမြစ်များဟာ ကောင်းစွာ အသက်မရှူနိုင်တာကြောင့် အောက်ဆီဂျင် ပြတ်တောက်ပြီး ညှိုးနွမ်းသွားမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင်မရရှိတဲ့အခါ အပင်ရဲ့အမြစ်များဟာ အာဟာရဓာတ်နဲ့ ရေကို စုပ်ယူရန်အတွက်လည်း မလုပ်ဆောင်နိုင်တာကြောင့် အပင်ဟာ တဖြည်းဖြည်းနဲ့ သေဆုံးသွားမှာဖြစ်ပါတယ်။ မြေဆီလွှာမှာ လေဝင်လေထွက်ရှိခြင်းကြောင့် သီးနှံကြီးထွားမှုအပေါ်မှာ ထိခိုက်တာမျိုး အကန့်အသတ်ဖြစ်စေတာမျိုး မရှိနိုင်ပါဘူး။ လေဝင်လေထွက်ရှိခြင်းဟာ မြေဆီလွှာအတွင်းနေထိုင်သော အဏုဇီဝသက်ရှိများနဲ့ ဓာတ်တိုးမှုများအတွက် အဓိကကျတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ 

မြေဆီလွှာ လေဝင်လေထွက် မကောင်းရခြင်း၏ အကြောင်းရင်းများ

မြေဆီလွှာမှာ သင့်လျော်သော လေဝင်လေထွက်ရှိစေရန်အတွက် ၎င်းအပေါ် သက်ရောက်သည့်အရာများကို အကြမ်းဖျင်းသိရှိဖို့ အရေးကြီးပါတယ်။ မြေဆီလွှာ လေဝင်လေထွက်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းများကတော့

- မြေဆီလွှာအစိုဓာတ်

- မြေဆီလွှာဖွဲ့စည်းမှု

- စိမ့်ဝင်မှု ဂုဏ်သတ္တိများ

- စက်ယန္တရားများသွားလာမှု

- အော်ဂဲနစ်ပစ္စည်းများ အသုံးပြုခြင်း

- စားကျက်အဖြစ် အသုံးပြုခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။ 

အထက်ပါ အချက်များကြောင့် မြေဆီလွှာ ကြပ်သိပ်လာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုလျှံလာခြင်းနှင့် အောက်ဆီဂျင်ပြည့်ဝမှု ညံ့ဖျင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ 

၁။ မြေဆီလွှာ ကျစ်လျစ်သိပ်သည်းခြင်း၊ မြေကြပ်ခြင်း 

မြေဆီလွှာ လေဝင်လေထွက်ညံ့ဖျင်းရခြင်းရဲ့ အကြောင်းအရင်းအများစုကတော့ မြေကြပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကျစ်လျစ်သိပ်သည်းတဲ့ မြေဆီလွှာဟာ လေဝင်လေထွက် ညံ့ဖျင်းပြီး ရေစိမ့်ဝင်နိုင်မှုကိုလည်း အားနည်းစေတာကြောင့် မြေဆီလွှာအတွင်း အပင်ရဲ့အမြစ်များ ထိုးဖောက်ဝင်ရောက်နိုင်မှုကို ခက်ခဲစေပြီး အာဟာရဓာတ်များ ရရှိရန်အတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ မြေဆီလွှာကျုံ့ခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းအချို့ကတော့ အသွားအလာထူထပ်ခြင်း၊ စိုက်ခင်းမြေဆီလွှာပေါ်တွင် အလုပ်များစွာလုပ်ကိုင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများမရှိခြင်း၊ ရေဝပ်ခြင်းနဲ့ အလွန်အကျွံမြေဖုံးခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

၂။ ရေဝပ်ခြင်း 

ရေဝပ်ခြင်းကဲ့သို့ သဘာဝအခြေအနေများကြောင့်လည်း မြေဆီလွှာအတွင်းရှိ လေ များထွက်သွားတာမျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။ မိုးရွာခြင်း၊ ရေကြီးခြင်းနဲ့ အလွန်အကျွံ စိုက်ပျိုးခြင်းတို့ကြောင့် ရေဟာ မြေဆီလွှာရဲ့ လေဝင်ပေါက်များထဲကို ဝင်ရောက်နေရာယူပြီး အောက်ဆီဂျင်အဆင့်ကို သုညအထိ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင် ရေများပြည့်နေတဲ့ အခန်းထဲကို လေ မစိမ့်ဝင်နိုင်တာမျိုး ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီဖြစ်ရပ်မှာ ရေများ ခြောက်သွေ့သွားတဲ့အခါမှာတော့ ပုံမှန်အတိုင်းဟန်ချက်ညီမှု ပြန်လည်ရရှိနိုင်ပါတယ်။ ရေက အငွေ့ပျံပြီး လေက မြေကြီးဆီ ပြန်ရောက်သွားတာမျိုး ဖြစ်ပါတယ်။ 

၃။ အော်ဂဲနစ် သဘာဝပစ္စည်းများ 

အော်ဂဲနစ်ဒြပ်စင်များဟာ မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်မှုနဲ့ မြေဆီဩဇာကို တိုးတက်စေတယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့ပြိုကွဲမှုဟာ ပြင်းထန်တဲ့  ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြေဆီလွှာမှာ အော်ဂဲနစ်ပစ္စည်းများ ပါဝင်မှုအလွန်များပြားတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း မြန်ဆန်စေတာဖြစ်ပါတယ်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များပြားလာတဲ့အခါမှာ မြေဆီလွှာအတွင်း အဆိပ်အတောက်ဖြစ်တဲ့ အဆင့်သို့ ရောက်ရှိသွားနိုင်တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထိန်းသိမ်းထားမှုဟာ အပင်ရဲ့ အမြစ်များပေါ်မှာ မှီခိုနေရတဲ့ မြေကြီးနဲ့ လေထုကြား လေ ဖလှယ်မှု ဖြစ်စဉ်မှရရှိတဲ့ အောက်ဆီဂျင် ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အော်ဂဲနစ်ပစ္စည်းတွေအသုံးပြုမယ်ဆိုရင် ပမာဏ အတန်အသင့် သို့မဟုတ် ကောင်းစွာဆွေးမြေ့ပြီးသော အခြေအနေမှာရှိတဲ့ အော်ဂဲနစ်ဒြပ်စင်များကိုသာ ထည့်ရန်အကြံပြုပါတယ်။ 

၄။ မွေးမြူရေးတိရစ္ဆာန်များအား လွှတ်ကြောင်းခြင်း

တိရစ္ဆာန်များအား လွှတ်ကြောင်းခြင်းဟာ ၎င်းတို့ရဲ့ စွန့်ပစ်သဘာဝပစ္စည်းများဖြင့် အော်ဂဲနစ်ဓာတ်ရရှိအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ သို့ပေမဲ့ တိရိစ္ဆာန်များဟာ ကျက်စားရာနေရာမှာ အချိန်ကြာမြင့်စွာရှိနေပါက ၎င်းတို့ကြောင့် မြေဆီလွှာကို တဖြည်းဖြည်းနဲ့ ကျုံ့ဝင်သွားစေမှာ ဖြစ်ပါတယ်။ အဆိုပါပြဿနာကို ဖြေရှင်းဖို့ရာအတွက် တစ်နေရာတည်းမှာ လွှတ်ကြောင်းတာထက် မြေနေရာ အလှည့်ကျစနစ်နဲ့ လွှတ်ကြောင်းခြင်းဟာ ထိရောက်တဲ့ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။

၅။ ယာဉ်အသွားအလာ မကြာခဏပြုလုပ်ခြင်း 

စက်ယန္တရားကြီးများ စိုက်ခင်းအတွင်း မကြာခဏဖြတ်သန်းမောင်းနှင်ခြင်းဟာ စိုက်ပျိုးမြေများကို ဖိသိပ်ထားသလိုဖြစ်တာကြောင့် မြေဆီလွှာကိုကြပ်သိပ်စေပြီး လေဝင်လေထွက်ဖြစ်စဥ်ကို ထိခိုက်စေနိုင်ပါတယ်။ မြေဆီလွှာ ကျုံ့ဝင်သွားတဲ့အခါ အပင်ရဲ့အမြစ်များ ကောင်းစွာ မဖြစ်ထွန်းနိုင်သလို ရေရှည်မှာ အထွက်နှုန်း ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ခြောက်သွေ့သော ရာသီဥတုအခြေအနေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အမြစ်များ အသက်မရှူနိုင်တော့ဘဲ ရေနဲ့ အာဟာရများကိုလည်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ကြီးမားသော စက်ယန္တရားကြီးများ စိုက်ခင်းအတွင်း ဖြတ်သန်းသွားလာမှုကို ကန့်သတ်ထားသင့်ပါတယ်။ မြေဆီလွှာအစိုဓာတ်ကောင်းစွာရှိနေတဲ့ အခြေအနေမှာဆိုရင်တော့ မြေကြပ်ခြင်းပြဿနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်