မွေးမြူရေးငါးကို ဘယ်လိုနည်းလမ်းတွေနဲ့ အစာကျွေးမလဲ?

08/01/2025 14:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးမွေးမြူသူတွေအနေနဲ့ မိမိထည့်သွင်းမွေးမြူထားတဲ့ ငါးမျိုးစိတ်များနဲ့ ငါးမွေးမြူတဲ့နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာကျွေးတဲ့နည်းလမ်း အမျိုးမျိုးရှိပါတယ်။ မိမိသတ်မှတ်ထားတဲ့ ပုံမှန်နေရာ ၄ နေရာ (သို့) ၆နေရာမှာ အညီအမျှ ကြဲပက်ပြီး အစာကျွေးခြင်း၊ ကန်ဘောင်မှ ၆ ပေ သို့ ၁၀ပေခန့်ရှည်တဲ့ လူသွားလမ်း(သို့) တံတားပြုလုပ်ပြီး အစာကို  ကြဲပက်ခြင်း၊ ကန်အလယ်မှာ စင်လုပ်ပြီး ပက်ကျွေးမွေးခြင်း၊ အစာဗန်းလုပ်ပြီး ကျွေးခြင်း၊ အရွယ်အစားကြီးတဲ့ကန်တွေအတွက် ကြိုး ၂ ချောင်း (သို့) ၃ ချောင်းကို ကန်ရဲ့ အရှည်အတိုင်းတားစေပြီး  ၎င်းကြိုးလေးများ အရှည်အတိုင်းလှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါတယ်။ 

အစာကျွေးချိန်နှင့် အကြိမ်ရေ

ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်ရင် ဖမ်းဆီးရောင်းချချိန်အထိတစ်နေ့  နှစ်ကြိမ် ကျွေးနိုင်ပါတယ် ။(အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင်ပမာဏ- ၅-၇ မီလီဂရမ်/၁ လီတာ) ငါးကန် ရေရဲ့အပူချိန် အတက်အကျဟာလည်း အစာစားနှုန်းကိုလျော့ကျစေပါတယ်။  (အကောင်းဆုံး အပူချိန်အတိုင်းအတာ ၂၅-၃၂ ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေရဲ့အပူချိန်ဟာ ၂၀-၂၄ ဒီဂရီစင်တီဂရိတ်၊ ၁၆-၁၉ ဒီဂရီစင်တီဂရိတ်နဲ့ ၃၃-၃၈ ဒီဂရီစင်တီဂရိတ် အတွင်းရှိရင် ပုံမှန်ကျွေးနေကျ အစာပမာဏရဲ့  ၈၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းအထိလျှော့ပြီး ကျွေးသင့်ပါတယ်။ မနက်ပိုင်းနေထွက်ပြီး  နှစ်နာရီခန့်အကြာမှာ နေ့စဉ်ကျွေးရမယ့်  ပမာဏရဲ့ ၆၀-၆၅ ရာခိုင်နှုန်း (တစ်နေ့လုံး  ကျွေးရမယ့် အစာရဲ့တစ်ဝက်ကျော်)ကို ကျွေးပြီး ညနေနေမဝင်မီ  နှစ်နာရီခန့်အလိုမှာ ကျန် ၃၅-၄၀ရာခိုင် နှုန်းကို ကျွေးသင့်ပါတယ်။  ငါးကန်ရေရဲ့ အရည်အသွေးဟာ  မိုးဆက်တိုက်ရွာတဲ့နေ့တွေမှာ အပြောင်းအလဲမြန်တဲ့အတွက် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိပါတယ်။

အစာကျွေးချိန်တွင် ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း

အစာကျွေးချိန်မှာ ငါးများထင်သလောက်မတွေ့ရှိပါက ကျွေးတဲ့အစာကို မကြိုက်/မနှစ်သက်ကြောင်း သိနိုင်ပါတယ်။ ငါးအစာစားနည်းရတဲ့ အကြောင်းအရင်းတစ်ခုမှာ ရေအရည်အသွေးမကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငါးများကျန်းမာသန်စွမ်းမှုရှိ/မရှိ အခြေအနေကို  ငါးနမူနာ ကောက်ယူတဲ့ အချိန်မှာလည်း စစ်ဆေး ကြည့်ရှုနိုင်ပါတယ်။ ဦးခေါင်းပိုင်းဟာ ကိုယ်ထည်ပိုင်းထက်ကြီးနေတဲ့ အနေအထားတွေ့ရှိရင်  အစာပြတ်လပ်မှု၊ မလုံလောက်မှု ဖြစ်နေကြောင်း သိရှိနိုင်ပါတယ်။ အရည်အသွေးညံ့တဲ့အစာ (ဗီတာမင်၊ သတ္တုဓာတ်နဲ့  အခြား  အာဟာရဖြစ်စေတဲ့ ကုန်ကြမ်းများမပါဝင်တဲ့ငါးစာ)များသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားတာ ရပ်တန့်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ အမြီးများကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်းနိမ့်ဆင်းနေခြင်းစတဲ့ လက္ခဏာတွေဟာ ငါးများကျန်းမာသန်စွမ်းမှုရှိ၊ မရှိအခြေအနေကို ဆုံးဖြတ်တဲ့အခါ ထည့်သွင်း စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ 

အစာပမာဏ

အစာကျွေးရမယ့်ပမာဏဟာ ငါးရဲ့အလေးချိန်၊ ငါးအမျိုးအစားနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ  မူတည်ပါတယ်။ စကျွေးတဲ့အဆင့်မှာ ငါးရဲ့အလေးချိန်နဲ့ အစာကျွေးနှုန်းအချိုးအစားကို ရေပေါ်စာနဲ့ ရေမြုပ်စာနှစ်မျိုးလုံးအတွက် လိုက်နာဆောင်ရွက်သင့်ပါတယ်။ အဲဒီအဆင့်ကို လွန်ရင် ရေပေါ်စာကို မိနစ်  ၃၀ခန့်အတွင်း ငါးစားတဲ့  အစာပမာဏပေါ်မူတည်ပြီး အစာကျွေးနှုန်းကို သတ်မှတ်နိုင်ပါတယ်။  ဆိုလိုသည်မှာ အစာ ၆ ပိဿာခန့်ကျွေးပြီး နာရီဝက်ခန့်ကြာတဲ့အခါ ၇၀ရာခိုင်နှုန်း(၄ပိဿာကျော်ခန့်) ငါးစားသုံးကြောင်းတွေ့ရှိရပါက နောက်ပိုင်းအစာ ကျွေးရင် ၎င်းနှုန်းအတိုင်း( ၆ ပိဿာ၏ ၇၀ရာခိုင်နှုန်း - ၄ ပိဿာကျော်) ဆက်ပြီး ကျွေးနိုင်ပါတယ်။  အကယ်၍ ငါးဟာ မိနစ်၃၀အတွင်း ကျွေးတဲ့အစာအားလုံး(၆ ပိဿာ-ဤဥပမာအရ) ကိုကုန်အောင် စားသုံးကောင်းစားသုံး  နိုင်မှာဖြစ်ပါတယ်။ 

အစာစိမ်(အရွက်စိမ်း)ကျွေးနည်းစနစ်

မြက်စားငါးကြင်းနဲ့ ငါးခုံးမငါးမျိုးစိတ်တွေကို အခြားငါးမျိုးတွေနဲ့ ရောနှောမွေးမြူရင် အစာစိမ်း (မြက်/ အရွက်)များ ကျွေးခြင်းဟာ ငါးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ မြက်စားငါးကြင်းဟာ အစာစိမ်း  (အရွက်စိမ်း)  တွေကို ၎င်းခန္ဓာကိုယ်အလေးချိန်ရဲ့ ၄၀ မှ ၅၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို စားနိုင်ပါတယ်။  မြက်စားငါးကြင်းကို အစာကျွေးရင် ရေပေါ်ပေါ်တဲ့ လေးထောင့်(သို့) အဝိုင်းပုံ ဘောင်ခတ်ပြီး ၎င်းဘောင်အတွင်း အစာကျွေးသင့်ပါတယ်။ အစာကျွေးမယ့်ဘောင်ကို ကန်ဘောင်မှ ၃ ပေ မှ ၆ ပေ ကွာခန့်မှာ ထားနိုင်ပါတယ်။ ငါးစာကျွေးမယ့် ဘောင်အကျယ်အဝန်းမှာ ဝ.၃ဧက ကျယ်ဝန်းတဲ့ ငါးကန်အတွက် ၃ ပေပတ်လည်ခန့် ရှိသင့်ပါတယ်။  ခုတ်စင်းထားတဲ့ အပင် အရွက်တွေကို ၎င်းအစာကျွေးဘောင်ထဲမှာထည့်ပြီး ကျွေးနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်