ငါးကြီးထွားနှုန်းမကျဆင်းစေရန် အမြဲထောက်လှမ်းစစ်ဆေးပေးနေသင့်သည့်အချက်များ

30/11/2023 14:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မွေးမြူရေးကန်များတွင် မွေးကာလကြာမြင့်လာသည်နှင့်အမျှ ငါးများမှ အညစ်အကြေးများ စွန့်ထုတ်ခြင်း၊ ကျွေးမွေးသော အစာများမှ ပိုလျှံပြီး ယိုယွင်းပျက်စီးခြင်းနှင့် မွေးမြူထားသောငါးနှင့်အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ သေဆုံးခြင်းများကြောင့် မွေးမြူရေးကန်ရေအတွင်းသို့ အဆိပ်ဓာတ်များ ထုတ်လွှတ်စုပုံကာ ကန်ရေ၏ အရည်အသွေးသည် တဖြည်းဖြည်း ယိုယွင်းကျဆင်းလာပါသည်။

ထိုသို့ မွေးမြုရေးကန်၏အရည်အသွေးကျဆင်းလာသည့်အတွက် ငါးများသည် ကြီးထွားနှုန်းကျဆင်းလာခြင်း၊ ရောဂါခံနိုင်ရည်အား ကျဆင်းကာ ရောဂါများ ဖြစ်ပေါ်လာခြင်းတို့ ဖြစ်လာသည့်အပြင် အစာကြွင်းအစာကျန်နှင့် ငါးများမှ စွန့်ထုတ်သော အညစ်အကြေးများမှ ထွက်ရှိလာသော အဆိပ်ဓာတ်အာနိသင်ရှိသည့် ဇဝက်သာအနံ့ရှိသည့် အမိုးနီးယားဓာတ် နှင့် ဘဲဥပုပ်အနံ့ရှိသော ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓာတ်များထွက်ပေါ်လာသောကြောင့် ငါးများသေဆုံးသည်အထိဖြစ်လာနိုင်သည်။ ၄င်းမလိုလားအပ်သော အခြေအနေများအား ကာကွယ်ရန်အတွက် မွေးကာလတစ်လျှောက်တွင် ကန်အတွင်းမှ ရေအချို့အား ထုတ်ပြီး ရေအသစ်သွင်းပေးခြင်းကို အချိန်သတ်မှတ်ဆောင်ရွက်ပေးရပါမည်။

ထို့အပြင် သြဇာဓာတ်များ မှားယွင်း၍ အလွန်အကျွံ သုံးစွဲမိသည့် အတွက် အပင်မျှောလှေးများ အဆမတန် ပွားများလာပြီး ညအချိန်တွင် ပျော်ဝင်အောက်ဆီဂျင် ပြတ်လတ်မှုများဖြစ်လာနိုင်သည်။ ထိုအခြေအနေမျိုးတွင် အပင်မျှောလှေးများကို မွေးမြူရေးကန်မှ ထုတ်ပယ်ရန်အတွက် အရေးပေါ် ရေလဲလှယ် ပေးခြင်းကိုလည်း ဆောင်ရွက်ရလေ့ရှိပါသည်။

ရေလဲလှယ်ပေးခြင်းသည် မွေးမြူစဥ်တွေ့ရလေ့ရှိသော ပြဿနာ အများအပြားအတွက် ဖြေရှင်းနိုင်သောနည်းလမ်းတစ်ခုဖြစ်သော်လည်း  ကျယ်ပြန့်သော မွေးမြူရေးကန်များအတွက် ၄င်းကဲ့သို့ ရေလဲလှယ်ရန်မှာ ရေအသင့်ရှိနေသည့်တိုင်အောင် ငွေကုန်ကြေးကျများပြားသော လုပ်ငန်းရပ် တစ်ခုဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ကန်များသည် ရေညစ်ညမ်းလာ မှုကို ပြန်လည်ပြုပြင်ပေးသော သဘာဝအလျောက် ပြုပြင်သည့်စနစ် ရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ရာ မွေးမြူရေးကန်အား စစ်ဆေးထိန်းသိမ်းခြင်းအားဖြင့် ငွေကုန် ကြေးကျများပြားသော အရေးပေါ်ရေလဲလှယ်ရမှုအား တတ်နိုင်သမျှ လျှော့ချနိုင်သည်သာမက ကန်၏ သဘာဝအလျောက် ရေညစ်ညမ်းလာမှုကို ပြန်လည်ပြုပြင်ပေးသော စနစ်အား အားကောင်းစေရန်(ကန်၏ကျန်းမာရေး ကောင်းမွ​န်စေရန်) စီမံခန့်ခွဲရမည်။

ကန်အားစစ်ဆေးထိန်းသိမ်းရာတွင် ကန်၏အရည်အသွေး ယိုယွင်းကျဆင်းလာမှုကို ထောက်လှမ်းရန်အတွက် အောက်ပါအချက်အလက်များအား တိုင်းတာစစ်ဆေးရပါသည်။

  • ငါးများ၏ လှုပ်ရှားမှုအခြေအနေကို စစ်ဆေးခြင်း
  • အစာလာရောက်စားသောက်သော ငါးအရေအတွက်ကို စစ်ဆေးခြင်း
  • ပျော်ဝင်အောက်ဆီဂျင်၏ အ​ခြေအနေကို စစ်ဆေးခြင်း(အောက်ဆီဂျင်ပြတ်ပါက ငါးများ ရေမျက်နှာပြင်အနားကပ်ပြီး လေထဲမှအောက်ဆီဂျင်အား ရယူရန် အသက်လုရှူခြင်းကို တွေ့မြင်နိုင်ပါသည်။)
  • ငါးရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း (ငါးသေများ ရေပေါ်ပေါ်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း)
  • ကန်ရေအား စစ်ဆေးခြင်း
  • ကန်ရေ၏ ချဥ်ဖန်နှုန်းအား စစ်ဆေးမှတ်တမ်းတင်ခြင်း
  • ကန်ရေ၏ အပင်မျှောလှေးကြွယ်ဝမှုကို ရေကြည်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း
  • လိုအပ်ပါက ကန်ရေ၏ ၄ ပုံ ၃ ပုံအား ဖောက်ထုတ်ပြီး ရေအသစ်လဲလှယ်ပေးခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်